Sunday, May 10, 2015

ဖူကူယာမ အရွေ့

ဖူကူယာမက အခုကျပြန်တော့ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ် ပြိုင်ရတာမဟုတ်ဘူးတဲ့။ neo-patrimonialism နဲ့ modern state အားပြိုင်နေတာတဲ့။ State, rule of law စတဲ့ institutions တွေရှိဖို့က ဒီမိုကရေစီဟုတ် မဟုတ်ထက် အရေးပါတယ်ဆိုတဲ့ သဘောပြောတာပဲ။ လစ်ဘရယ်ဒီမိုကရေစီမှတစ်ပါး အခြားလားရာမရှိလို့ ဆိုခဲ့တဲ့သူက အမေရိကန်နိုင်ငံရေးစနစ်က ပျက်နေပြီ။ တရုတ်ပုံစံက အလုပ်ဖြစ်တယ်လို့ ပြောလာတာပါ။ ခင်ဗျားပဲ သမိုင်းနိဂုံးက ဒီမိုကရေစီဆိုပြီးထောက်ရင် သူက ဥရောပ၊ စကင်ဒီနေဗီယပုံစံတွေကို ညွန်းချင်တာပါလို့ပြောမယ်။ ဒိန်းမတ်ဖြစ်အောင် (Getting to Denmark) ဘယ်လိုလုပ်မလဲပေါ့။ ဒါပေမယ့် ဥရောပနဲ့စကင်ဒီနေဗီယကိုယ်တိုင်က လူနဲ့ငွေကြေးကို အခုနီယိုလစ်ဘရယ် ဘောဂဗေဒအခင်းအကျင်းမှာ ထိန်းကျောင်းဖို့ ခက်လာပြီ။

 တရုတ်၊ စင်ကာပူပုံစံမှာ Bad Emperor problem တော့ရှိတယ်လို့ ဖူကူယာမက ဝန်ခံတယ်။ တစ်ချိန်လုံး တိန့်ရှောင်ဖင်၊ လီကွမ်ယုတွေချည်းပဲ မရှိနေနိုင်ဘူးပေါ့။ ဒါကြောင့် elites တွေမွေးရတယ်။ သူတို့ကိုလေ့ကျင့် ပေးထားရတယ်။ ပြီးမှ အတော်ဆုံးတွေရွေးပြီး အုပ်ချုပ်ခိုင်းပေါ့။ အနောက်နိုင်ငံတွေမှာလဲ elite reproduction လုပ်ကြတာပဲ။ နိုင်ငံရေးပိုင်းရော၊ အစိုးရဝန်ထမ်းပိုင်းရောပေါ့။ ကွန်မြူနစ်နိုင်ငံတွေမှာတော့ လီနင်ဝါဒီပါတီက ခေါင်းဆောင်မှုပေးတယ်ဆိုတဲ့ ပုံစံမျိုးပါ။ ဒါပေမယ့် elite corruption ကို ဘယ်လိုရှင်းမလဲ။ Elite တွေ လူထုကို တာဝန်ခံမှုကင်းလာတာ ဒီမိုကရေစီနိုင်ငံရော၊ အာဏာရှင် နိုင်ငံတွေမှာရောပဲ။ သူတို့က လူထုကို ဖယ်ထုတ်တယ်။ လူထုကလဲ နိုင်ငံရေးကို စိတ်ဝင်စားမှုနည်းလာတယ်။ ဒါဟာစနစ်နှစ်ခုလုံးရဲ့ ပျက်စီးမှုပဲ။

No comments:

Post a Comment