Monday, April 12, 2021

'Federal' is the new 'Democracy'


Just as the word "democracy" was very popular with the Burmese in the late 1980s and 1990s, another word "federal" has become increasingly popularized following the recent coup in Myanmar. To be sure, the Burmese public seems to be showing that they are ready to concede many things at present, ranging from R2P and federalism to IIMM and ICC, but to what extent are these their real wishes--and concessions, for that matter?
A popular saying goes: "Don't make decisions when you are angry". Since the Burmese at the moment are furious with their coup-making military, some of the things they've been asking for surely lack the depth and breath of understanding and consideration of a wide range of issues, problems, and consequences. It would thus be unabashedly opportunistic for external forces to exploit such a big hole in the Burmese armor at one of Myanmar's most difficult moment.
Unlike the CRPP in the 1990s, the CRPH has far fewer ethnic representations: it has only two members from minor ethnic-based parties. Major election-winning ethnic parties do not land explicit or ample support to the committee. The CRPH is calling for the formation of a federal army, but without a vision of a power-sharing federal state. The term, "federal" has now been used for other sectors, such as, "federal education". While the "federal" adjective can be added to every imaginable sector, the question is, what is the essence of such discourse and the concrete plan to achieve "federal" everything and federalism?
One thing is certain: federal has become the new democracy in Myanmar. We should not be surprised if we begin to see some shops and business with "federal" name in mainland Myanmar.

Sunday, April 11, 2021

 ဒီတစ်ကြိမ် အရေးအခင်းမှာ ဘယ်ကုလသမဂ္ဂနဲ့ ဘယ်နိုင်ငံအစိုးရကမှ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးပါလို့ မတောင်းဆိုကြတော့ဘဲ၊ အခြားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုသာ မရှင်ရှင်အောင် ဝိုင်းမြှောက်ပေးနေတာကိုကြည့်ရင် သူတို့စေတနာက ရှင်းနေတာပါပဲ။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် မပါလည်းဖြစ်တယ်ဆိုတဲ့ ဒေါ်စုအလွန် အခင်းအကျင်းတစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ ကြိုဆိုဖန်တီးနေကြတာဖြစ်တယ်။ စပ်ကူးမတ်ကူးကာမှာ ပြင်ပအင်အားစုအားလုံးက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ပြည်သူဆီက အများဆုံးရအောင် ရိုက်ထုတ်ယူကြလိမ့်မယ်။ ဒါကြောင့် အိုင်စီစီ၊ အိုင်အိုင်အမ်အမ်၊ အိုင်စီဂျေကိစ္စတောင် ဒီလောက်မဟုတ်ပါ။ အဲဒီကိစ္စတွေက အချို့သော ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း၊ နိုင်ငံအနည်းငယ်လောက်ကသာ အမှန်တကယ် စိတ်ဝင်တစား အလေးထားတာဖြစ်တယ်။ နိုင်ငံကြီးတွေဆိုတာ သူတို့ကိုယ်တိုင်က အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကို လေးစားဂရုထားမှု နည်းပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ တစ်ခုဆင်ခြင်သင့်တဲ့အရာကလည်း နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုဆိုတာ ပြည်တွင်းအစိုးရတစ်ဖွဲ့၊ လူပုဂ္ဂိုလ်တစ်ဦး၊ အသင်းအဖွဲ့တစ်ရပ်အတွက်ပဲ ဦးတည်တာမျိုးမဟုတ်ပါဘူး။ အချုပ်အခြာအာဏာစည်းဆိုတာ တစ်နေရာ၊ တစ်ကြိမ်ပေါက်ခဲ့ရင် နောင်အထပ်ထပ် အချိုးဖောက်ခံရ၊ နိုင်လိုမင်းထက် အပြုခံရဖို့ အလားအလာ ပိုများလာပါမယ်။ ဒါကြောင့် ပြည်တွင်းရေးကို ပြည်တွင်းမှာသာ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းဆွေးနွေးပြီး ဖြေရှင်းခိုင်းတဲ့ နိုင်ငံနဲ့ အဖွဲ့အစည်းများဟာ အမှန်စင်စစ် မြန်မာနိုင်ငံရဲ့အကျိုးကို လိုလားသော မိတ်ဆွေများဖြစ်ပါတယ်။

Saturday, April 10, 2021

 အလုပ်သမားသပိတ်ဖြစ်ဖြစ်၊ ဝန်ထမ်းသပိတ်ဖြစ်ဖြစ် သပိတ်မှောက် (strike) ကြတဲ့အခါ သပိတ်မှာ မပါတဲ့သူ၊ တစ်ဖက်နဲ့ပူးပေါင်းသူတွေကို အရှက်ခွဲသိက္ခာချ (shaming) တာ၊ အနိုင်ကျင့် (bullying) တာက တွေ့ရလေ့ရှိတဲ့ သဘာဝလည်းကျသော လူမှုအလေ့အကျင့် ပုံသဏ္ဌာန်တစ်ခုဖြစ်တယ်။ သို့သော် သပိတ်အများစုရဲ့သဘောဟာ စုပေါင်းညှိနှိုင်းမှု (collective bargaining) ကို ဆောင်ရွက်ဖို့ အလုပ်သမားလူတန်းစားဘက်က အင်အားတိုးမြှင့်ပေးရုံသာဖြစ်တယ်။ သပိတ်မှောက်နေသူတွေကိုယ်တိုင်က နိုင်ငံတော်/အစိုးရ (State) တက်လုပ်ဖို့မဟုတ်ဘူး။

ဘာကြောင့်လဲဆိုတော့ တစ်ဖက်က ယှဉ်ပြိုင်ဖက် အလုပ်ရှင်ဟာ အစိုးရဖြစ်နေခဲ့ရင် သူ့မှာ နိုင်ငံတော်ရဲ့ သွေးထွက်သံယိုဖြစ်အောင် လုပ်နိုင်တဲ့ ရဲ၊ စစ်တပ်၊ ထောင်၊ တရားရုံးစတဲ့ ဖိနှိပ်ရေးယန္တရားတွေကို ကိုင်ထားတာကြောင့်ဖြစ်တယ်။ တစ်နည်းပြောရရင် ဂျာမန်ဒဿနပညာရှင် ဗေဘယ် ပြောခဲ့တဲ့ အကြမ်းဖက်မှုကို တရားဝင်ကျင့်သုံးနိုင်ခွင့်ကို လက်ဝါးကြီးအုပ်နေတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတော်/အစိုးရက ထိန်းချုပ်ထားတာမို့ အဲဒီလိုယန္တရားမရှိတဲ့ လက်မဲ့တွေကို ကရုဏာသက်သောအားဖြင့် အလုပ်သမားအချင်းချင်း သိက္ခာချ၊ အနိုင်ကျင့်၊ အရှက်ခွဲတာတွေကို လက်ခံပေးတဲ့သဘောသာဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာတော့ လူမှုဒဏ်ခတ်ခြင်းကို လှုံ့ဆော်နေတဲ့အဖွဲ့ကိုယ်တိုင်က လက်နက်ကိုင်တပ်သစ်တစ်ခု အပါအဝင် နိုင်ငံတော်/အစိုးရတစ်ရပ်ရဲ့ အင်္ဂါအစုံအလင်ဖြစ်လာအောင် အုပ်ချုပ်ရေး၊ လုံခြုံရေးယန္တရားများကိုပါ စင်ပြိုင်တည်ထောင်ချင်တဲ့ ရည်ရွယ်ချက်ရှိနေကြောင်းတွေ့ရတယ်။ တစ်နည်းပြောရရင် သူကိုယ်တိုင်က နိုင်ငံတော် (State) ဖြစ်ချင်နေတာဖြစ်တယ်။ အဲဒီအခါကျတော့ သူကနေပြီး "ငါနဲ့မတူ ငါ့ရန်သူ" သဘောနဲ့ ပြုမူတဲ့ အပြုအမူကို ကရုဏာထား စဉ်းစားပေးဖို့ ခက်ခဲပါတယ်။ ရဲ၊ စစ်တပ်၊ ထောင်၊ တရားရုံးစတဲ့ ဖိနှိပ်ရေးယန္တရားတွေ လက်ရောက် မပိုင်ခင်သေးမှာတောင် ဒီလိုအတွေးအခေါ်မျိုးနဲ့ မောင်းနှင်လုပ်ကိုင်နေရင် တကယ် နိုင်ငံတော်အာဏာကို ရလာချိန်မှာ ဖိနှိပ်တဲ့နိုင်ငံတော်/အစိုးရအဖြစ် ပြုမူမယ့်အလားအလာ ပိုများလာလို့ဖြစ်တယ်။ "တော်လှန်ရေးဟာ နိုင်ငံတော်ဖြစ်လာချိန်မှာ အဲ့ဒါ ငါ့ရန်သူ ပြန်ဖြစ်လာတယ်" (When the revolution becomes the State it becomes my enemy again) ဆိုတဲ့ စကားအတိုင်းပဲ ဖြစ်လာမယ်ထင်မိပါတယ်။

Friday, April 9, 2021

နစက ပြောရေးဆိုခွင့်ရှိသူက အရေးပေါ်အခြေအနေဟာ နှစ်နှစ်ကြာနိုင်တယ်လို့ ပြောသွားတာရယ်၊ တပ်ထောက်ခံတဲ့ နိုင်ငံရေးပါတီနဲ့ အမျိုးသားအင်အားစုတွေ ‌လောလောဆယ် ငြိမ်နေတာရယ်၊ တပ်မတော်နေ့က အငြိမ်းစားတပ်အရာရှိကြီးများကို စုံစုံလင်လင် မြင်တွေ့ရတာရယ်ကို ကြည့်ပြီး အကဲခတ်ရရင် ဒီအခင်းအကျင်းဟာ တပ်ရဲ့ ကာလလတ် ထွက်ရပ်လမ်း ဖြစ်ဟန်တူပါတယ်။
အခုအချိန်မှာ 'အားလုံးအတွက် ငဝက်က ဒဏ်ခံ' ဆိုတာမျိုး ဖြစ်နေပေမယ့် စစ်တပ်ဆိုတာ နိုင်ငံအာဏာကို ထာဝစဉ်ယူထားလို့ မရပါဘူး။ ဒါကြောင့် တပ်က ချန်ထားတဲ့ တစ်ကွက်ကောင်းဟာ နောက်လုပ်ပေးမယ့် ရွေးကောက်ပွဲနဲ့ သူ့မိတ်ဆွေလို့ သဘောထားတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေပဲ ဖြစ်လိမ့်မယ်။
အဲဒီပါတီတွေ၊ အဖွဲ့တွေကို လက်ရှိအခြေအနေမှာ သိပ်ဝင်မပါခိုင်းတော့တာလည်း နေရာ၊ ထွက်ပေါက် ချန်ထားတာပါပဲ။ နောက်သုံးလေးနှစ် တပ်မှာ ခေါင်းဆောင်မှုပြောင်း၊ မျိုးဆက်ပြောင်းချိန်နဲ့ အရပ်သားတစ်ပိုင်းအစိုးရတစ်ရပ် ပြန်ပေါ်ပေါက်လာချိန်ကျရင် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖြစ်ဖို့ စဉ်းစားမှာပါ။
ဒီထွက်ပေါက်ကထွက်ရင် ဖက်ဒရယ်ဒီမိုကရေစီကိုတော့ ရောက်ချင်မှ ရောက်မှာဖြစ်တယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံက ပြဋ္ဌာန်းထားသော တပ်စိတ်ကြိုက် စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်ကိုတော့ ပြန်ရောက်သွားမှာဖြစ်ပါတယ်။

Thursday, April 8, 2021

 မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဆိုတာ ကမ္ဘာကို တကယ်မြင်ဖူးမှ၊ နိုင်ငံတကာရေးရာ၊ နိုင်ငံတကာဆက်ဆံရေးကို တကယ်နားလည်သဘောပေါက်မှုရှိမှ ဖြစ်ပေါ်လာတာမျိုးပဲ။ (ကုန်းဘောင်ခေတ်က ပြင်သစ်ရောက် မြန်မာပညာတော်သင်တွေကို ဘာတတ်မှာလဲလို့ ဒေါက်တာသန်းထွန်းက ထင်သလိုဖြစ်တယ်။) ၂၀၀၀ ပြည့်လွန်နှစ်တွေက ဥရောပမှာ တွေ့ခဲ့ရသမျှ တရုတ်ကျောင်းသားတွေ၊ ပညာတော်သင်တွေဟာ နည်းပညာ၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးပညာတွေကိုသာ အစဉ်တစိုက် သင်ယူကြတယ်။ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်အောင်ကြိုးစားတယ်။ မျိုးဆက်နှစ်ဆက်အတွင်းမှာပဲ အဘိဓာန်ကြည့်ရ၊ ဘာသာပြန်ဖတ်ရတဲ့ဘဝကနေ အင်္ဂလိပ်လို သွက်လက်ချက်ချာနေအောင် ပြောနိုင်သော ပြည်တွင်းကို ပြန်စီးဝင်တဲ့ တရုတ်လူ့စွမ်းအားရင်းမြစ်တွေ ပေါ်ပေါက်လာတယ်။ ဒါ့အပြင် စီးပွားရေးတောင့်တင်းသလို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ခိုင်မာနေတဲ့ နိုင်ငံသားတွေ ထွက်လာတယ်။ မြန်မာနိုင်ငံရဲ့ တံခါးဖွင့်ကာလ ဆယ်နှစ်ကတော့ တိုတောင်းတဲ့အပြင် နိုင်ငံနဲ့ လူမျိုးအတွက် သဘောထားအမြင်မှန်မျိုး ပေါ်လာအောင်လည်း ဘာမှ မစွမ်းဆောင်နိုင်ဘူးဖြစ်သွားတယ်။ အခုတော့ တစ်တိုင်းတစ်ပြည်လုံး ဘာတွေလုပ်နေမှန်းကို နားမလည်တော့ဘူး။ တကယ်ပြောတာ။

Tuesday, April 6, 2021

 ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဒုတိယအကြိမ်လွှတ်တော်က သက်တမ်းကုန်ခဲ့ပြီ။ တတိယအကြိမ်လွှတ်တော်က ပေါ်ပေါက်ခဲ့ခြင်း မရှိဘူး။ လွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ၂၀၀၈ အခြေခံဥပဒေထဲက လွှတ်တော်ကိုပဲ ညွှန်းဆိုတာဖြစ်ပြီး သမ္မတ၊ ဒုသမ္မတဆိုတာတွေကလည်း ၂၀၀၈ ထဲပါတဲ့ ရာထူးတွေပဲဖြစ်တယ်။ ကုန်ကုန်ပြောရရင် ယာယီဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီက ရုံးစာခေါင်းစီးထဲ ထည့်သုံးနေတဲ့ နိုင်ငံတော်အမှတ်တံဆိပ်၊ လွှတ်တော်အမှတ်တံဆိပ်တွေကအစ ၂၀၀၈ ထဲကပါပဲ။

တဖန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းလိုက်ပြီဆိုပြန်တော့ ဘယ်အခြေခံဥပဒေအောက်က ဘယ်ရွေးကောက်ပွဲနဲ့ ရွေးကောက်တင်မြှောက်လိုက်တဲ့ ဘယ်လွှတ်တော်ကို သူတို့ကိုယ်စားပြုနေမှန်း မသိတော့ပါဘူး။
နောက်တစ်ချက်က ၂၀၀၈ အတိုင်း သမ္မတရွေးဖို့ဆိုရင်လည်း တပ်က ဒုသမ္မတတစ်ဦး ပါဝင်ရပါမယ်။ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးကောက်တဲ့စနစ်မဟုတ်ဘဲ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်ရတာကြောင့်ဖြစ်ပါတယ်။ နစက ဘက်က ယာယီသမ္မတကို ကာ/လုံခေါ်ခိုင်းပြီး ‌အရေးပေါ်အခြေအနေကြေညာခိုင်းတာကလည်း ၂၀၀၈ အရ မေးခွန်းထုတ်စရာဖြစ်တာမှန်ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းတယ်ဆိုတာကိုက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြင်ပက လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း နစက က သူ့လုပ်ရပ်ကို အာဏာထိန်းတယ်လို့ချည်း တောက်လျောက် ပြောနေတာပါ။ တပ်အနေနဲ့ ၂၀၀၈ ကို ဖျက်မပစ်ချင်တာက လိုရင်းဖြစ်တယ်။
သို့သော် ဖျက်ချင်ပေမယ့် ၂၀၀၈ မူဘောင်ထဲက နိုင်ငံတော်အဖွဲ့အစည်းများကို သံယောဇဉ်မဖြတ်နိုင်ဘဲ ကိုယ်စားပြုရန် ပြန်သုံးနေရသူများအဖို့ကတော့ ကြာလေ အဆီအငေါ်မတည့်ပိုဖြစ်လေ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာက တောင်းဆိုနေတဲ့ အာဏာသိမ်းမှုမတိုင်ခင်က အခြေအနေမျိုးကို ပြန်ရောက်ဖို့ ဖြစ်နိုင်ခြေဟာလည်း ပိုနည်းသွားပါလိမ့်မယ်။ စိုးရိမ်စရာက ဒီအဆီအငေါ်မတည့်မှုကြောင့်ပဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသစ်တစ်ခု တိုးလာမယ့်အန္တရာယ် ဖြစ်ပါတယ်။