Saturday, April 10, 2021

 အလုပ်သမားသပိတ်ဖြစ်ဖြစ်၊ ဝန်ထမ်းသပိတ်ဖြစ်ဖြစ် သပိတ်မှောက် (strike) ကြတဲ့အခါ သပိတ်မှာ မပါတဲ့သူ၊ တစ်ဖက်နဲ့ပူးပေါင်းသူတွေကို အရှက်ခွဲသိက္ခာချ (shaming) တာ၊ အနိုင်ကျင့် (bullying) တာက တွေ့ရလေ့ရှိတဲ့ သဘာဝလည်းကျသော လူမှုအလေ့အကျင့် ပုံသဏ္ဌာန်တစ်ခုဖြစ်တယ်။ သို့သော် သပိတ်အများစုရဲ့သဘောဟာ စုပေါင်းညှိနှိုင်းမှု (collective bargaining) ကို ဆောင်ရွက်ဖို့ အလုပ်သမားလူတန်းစားဘက်က အင်အားတိုးမြှင့်ပေးရုံသာဖြစ်တယ်။ သပိတ်မှောက်နေသူတွေကိုယ်တိုင်က နိုင်ငံတော်/အစိုးရ (State) တက်လုပ်ဖို့မဟုတ်ဘူး။

ဘာကြောင့်လဲဆိုတော့ တစ်ဖက်က ယှဉ်ပြိုင်ဖက် အလုပ်ရှင်ဟာ အစိုးရဖြစ်နေခဲ့ရင် သူ့မှာ နိုင်ငံတော်ရဲ့ သွေးထွက်သံယိုဖြစ်အောင် လုပ်နိုင်တဲ့ ရဲ၊ စစ်တပ်၊ ထောင်၊ တရားရုံးစတဲ့ ဖိနှိပ်ရေးယန္တရားတွေကို ကိုင်ထားတာကြောင့်ဖြစ်တယ်။ တစ်နည်းပြောရရင် ဂျာမန်ဒဿနပညာရှင် ဗေဘယ် ပြောခဲ့တဲ့ အကြမ်းဖက်မှုကို တရားဝင်ကျင့်သုံးနိုင်ခွင့်ကို လက်ဝါးကြီးအုပ်နေတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတော်/အစိုးရက ထိန်းချုပ်ထားတာမို့ အဲဒီလိုယန္တရားမရှိတဲ့ လက်မဲ့တွေကို ကရုဏာသက်သောအားဖြင့် အလုပ်သမားအချင်းချင်း သိက္ခာချ၊ အနိုင်ကျင့်၊ အရှက်ခွဲတာတွေကို လက်ခံပေးတဲ့သဘောသာဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာတော့ လူမှုဒဏ်ခတ်ခြင်းကို လှုံ့ဆော်နေတဲ့အဖွဲ့ကိုယ်တိုင်က လက်နက်ကိုင်တပ်သစ်တစ်ခု အပါအဝင် နိုင်ငံတော်/အစိုးရတစ်ရပ်ရဲ့ အင်္ဂါအစုံအလင်ဖြစ်လာအောင် အုပ်ချုပ်ရေး၊ လုံခြုံရေးယန္တရားများကိုပါ စင်ပြိုင်တည်ထောင်ချင်တဲ့ ရည်ရွယ်ချက်ရှိနေကြောင်းတွေ့ရတယ်။ တစ်နည်းပြောရရင် သူကိုယ်တိုင်က နိုင်ငံတော် (State) ဖြစ်ချင်နေတာဖြစ်တယ်။ အဲဒီအခါကျတော့ သူကနေပြီး "ငါနဲ့မတူ ငါ့ရန်သူ" သဘောနဲ့ ပြုမူတဲ့ အပြုအမူကို ကရုဏာထား စဉ်းစားပေးဖို့ ခက်ခဲပါတယ်။ ရဲ၊ စစ်တပ်၊ ထောင်၊ တရားရုံးစတဲ့ ဖိနှိပ်ရေးယန္တရားတွေ လက်ရောက် မပိုင်ခင်သေးမှာတောင် ဒီလိုအတွေးအခေါ်မျိုးနဲ့ မောင်းနှင်လုပ်ကိုင်နေရင် တကယ် နိုင်ငံတော်အာဏာကို ရလာချိန်မှာ ဖိနှိပ်တဲ့နိုင်ငံတော်/အစိုးရအဖြစ် ပြုမူမယ့်အလားအလာ ပိုများလာလို့ဖြစ်တယ်။ "တော်လှန်ရေးဟာ နိုင်ငံတော်ဖြစ်လာချိန်မှာ အဲ့ဒါ ငါ့ရန်သူ ပြန်ဖြစ်လာတယ်" (When the revolution becomes the State it becomes my enemy again) ဆိုတဲ့ စကားအတိုင်းပဲ ဖြစ်လာမယ်ထင်မိပါတယ်။

No comments:

Post a Comment