Tuesday, March 21, 2017

အာရှအစဉ်အလာနှင့် တီထွင်ဖန်တီးနိုင်စွမ်း

စိုးမြင့်အောင်

တစ်ခါက အာရှ၏စာသင်ခန်းတစ်ခုအတွင်း ဆရာမသင်ကြားမှု ပြီးဆုံးချိန်တွင် ကျောင်းသားတစ်ဦး က မေးရိုးမေးစဉ်မဟုတ်သည့် အတန်ငယ်လေးနက်၍ အတွေးပါသောမေးခွန်းတစ်ခုကို မေးလိုက်၏။ ဆရာမသည် ကျောင်းသား၏ ပြန်လှန်အမေးကို မျှော်လင့်မထားသည့်အတွက် ကြောင်အမ်းအမ်းဖြစ်ကာ မျက်နှာတင်းမာသွားခဲ့သည်။ထိုအခါ မေးသူကျောင်းသားငယ်သည်ပင်လျှင် မလုပ်သင့်၊ မလုပ်အပ်ရာတစ်ခုကို လုပ်မိသူအဖြစ် အပြစ်မကင်းသလို ခံစားမိရတော့သည်။ ဤဖြစ်ရပ်နှင့် စပ်လျဉ်း၍ မိမိထက် အသက်အရွယ်၊ ပညာ၊ ဂုဏ်၊ ရာထူးကြီးသူများကို မေးခွန်းထုတ်ခြင်း အလေ့အထသည် ကျွန်ုပ်တို့ အရှေ့ကမ္ဘာခြမ်းတွင် နည်းပါးနေခြင်းဖြစ်သလောဟူသည့် ပြဿနာကို စဉ်းစားမိလာစေပါသည်။

မဂ္ဂဇင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မျက်မှောက်ခေတ် လူမှုဖြစ်စဉ်အထွေထွေကို လေ့လာနေသူ ဖရန်စစ်ဖူကူယားမားက “အမေရိကန်တို့က တာဝန်ရှိသူကို မေးခွန်းထုတ်ပါ (Question Authority) ဟု ကြွေးကြော်နေချိန်၌ စင်္ကာပူသားတို့က တာဝန်ရှိသူကိုလေးစားပါ (Respect Authority) ဟုဆိုပေ လိမ့်မည်။”ဟူ၍မှတ်ချက်ချခဲ့၏၊ (၁) စင်စစ် စင်္ကာပူတို့၏ အပြုအမူသည် တာဝန်ရှိသူနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အာရှတိုက်သားအများဆုံး ထားရှိသည့် အမြင်ကိုလည်းထင်ဟတ်လျှက်ရှိသည်။

မြန်မာစာ၊ မြန်မာစကားတွင် “ချစ်ကြောက် ရိုသေ” ဟူသောကောင်းသော အနက်အဓိပ္ပါယ်ဆောင်သည့် အသုံးအနှုန်းတစ်ခု၏ ကျွန်ုပ်တို့သည် ကြောက်ရွံ့မှုနှင့်ရိုသေလေးစားမှုတို့ကို ရှေ့တန်းတင် လွမ်းမိုးခံ၍ ချစ်ခြင်းနှင့်ယှဉ်သောပွင့်လင်းစိတ် (open mind ) ထွက်မပေါ်လာအောင် တားဆီးပိတ်ပင်ခြင်းမပြုမိကြစေရန် အလွန်အရေးကြီးသည်။ အထူးသဖြင့် အာရှ၏တာဝန်ရှိသူကို လေးစားလိုက်နာတတ်သောအစဉ်အလာသည် စိတ်ကူးဖန်တီးမှု အသစ်များအတွက် အဟန့်အတား မဖြစ်စေသင့်ပေ။

တီထွင်နိုင်စွမ်းသည် ကျွမ်းကျင်တတ်မြှောက်မှုနှင့် ခြားနား၏။ ဆိုလိုသည်မှာ ဂျပန်ပြည်သည် ကမ္ဘာပေါ် တွင် အကောင်းဆုံး အင်ဂျင်နီယာ ပညာဖြင့် ဆီမီးကွန်ဒတ်တာများ (Semiconductors) ကို ထုတ်လုပ်ကောင်းထုတ်လုပ်နိုင်၍ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာကို တရုတ်သိပ္ပံရှင်များက တစ်ဖက်ကမ်းခတ် တတ်မြောက်ကောင်း တတ်မြှောက်နိုင်သည်။ သို့ရာတွင် ယင်းဖြစ်ပေါ်တိုးတတ်မှု များသည် အနောက်တိုင်းမှလာသောနယူတန် ရူပဗေဒ (Newtonian Physics)နှင့် ကွမ်တမ်မက္ကင်းနုစ်(Quantuာ Mechanics) တို့၌ အခြေခံထားရခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ မမေးသင့်ပေ။ (၂) လက်တွေ့အားဖြင့် အာရှသည် မိမိတို့ နိုင်ငံရေးစနစ်ကို အဓိပ္ပါယ်ဖော်ဆောင်ရန် အတွက် အနောက်တိုင်း အတွေးအခေါ်နှင့် နည်းစနစ်များကို ယခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် ရည်ရွယ်သုံးစွဲနေရဆဲ ဖြစ်လေသည်။

သို့သော် အနောက်နိုင်ငံမှ လာသည့်အတွေးအခေါ်များသည် အရှေ့တိုင်းသားတို့ မတွေးခေါ်မကြံဆဖူးခြင်းက မဟုတ်ချေ။ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်( Sun- Yat-sen)၏ အလိုရ နောက်တိုင်းနှင့်အလားတူ နိုင်ငံရေး၊ စီးပွားရေးစနစ်ကို အရှေ့ကမ္ဘာ၌ တစ်ခေတ်တစ်ခါက ကြံစည်စဉ်းစားဖူးကြ၏။ ထို့ကြောင့် ၁၉ ရာစုတွင် ဥရောပက အာရှအပေါ် သာလွန်ကျော်ဖြတ်သွားမှုသည်ရုပ်ဝတ္ထုယဉ်ကျေးမှု(Material Civilization)နယ်ပယ်၌သာ ဖြစ်လေသည်။ (၃) ထိုမျှမက ခေတ်သစ်သိပ္ပံလေ့လာမှုအတွက် အခြေခံကျသော တီထွင်မှုများသည် အာရှတိုက်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သတိရသင့်သည်။

အရှေ့တိုင်းသားတို့ အနေဖြင့် အနောက်တိုင်းတွေးခေါ်အယူအဆများ မိမိတို့မြေပေါ်တွင် အဘယ် ကြောင့်နေရာရ နေသနည်းဟု စဉ်းစားမိပါက အာရှ၏အထူးချွန်ဆုံးပညာရှင်များ အဘယ်ကြောင့်အနောက် တိုင်းသို့ ရောက်ရှိဖြစ်ပွားနေရသနည်းဟူသော မေးခွန်းကိုလည်း အလားတူစဉ်းစားဆင်ချင်သင့်ကြ လေ သည်။ ပြည်ပရောက် အာရှတိုက်သား ဥာဏ်ကြီးရှင်အများအပြားက သူတို့အာရှမှထွက်လာခဲ့သည်မှာ ဥာဏ်ပညာထွန်းပေါက်မှုထက် ရာထူး၊ဝါစဉ်(Seniority)နှင့် တည်ရှိပြီး ထက်အောက်ဖွဲ့စည်းပုံ (The Established Hierarchy) ကိုလေးစားရမည့် မွန်းကြပ်ဖွယ် ပညာအသိုင်းအဝိုင်းကြောင့်ဟု အကြောင်းပြ ပြောဆိုကြ၏။ ထင်ရှားသောသာဓကမှာ ၁၉၈၇ ခုနစ်တွင် အမေရိကန် မက်ဆာချူးဆက် စက်တက္ကသိုလ် (Massachusetts Institute of Technology)မှဂျပန်လူမျိုးဆုဆုမူတိုနဲဂါဝ (Susumu Tonegawa) သည် ဆေးပညာ နိုဗယ်ဆု(Nobel Prize of Medicine)ကို ဆွတ်ခူးရရှိခဲ့သည်။ တိုနဲဂါဝက အကယ်၍သူသာ တီထွင်ဖန်တီးမှုကို အားပေးသည့် နိုင်ငံခြားတက္ကသိုလ်တစ်ခုခုသို့ ရောက်ရှိသုတေသနခွင့် မရခဲ့လျှင် ဤဆုကိုလည်း ရယူနိုင်မည် မဟုတ်ပါဟု ပွင့်ပွင့်လင်းလင်းပြောကြားခဲ့၏။ (၄) ဂျပန်ပြည်တွင်မူ သုတေသီ တစ်ဦးသည် ပညာရပ်နယ်ပယ်အတွင်း မိမိနေရာ အဆင့်ကို သိရှိနားလည်ကာ အုပ်စုသဟဇာတဖြစ်မှု (Group Harmony)ကိုဦးစားပေးရသောကြောင့် ပင်ကိုစွမ်းဆောင်ချက်များ ကွယ်မြုပ်နေတတ် လေသည်။

အမှန်စင်စစ်သိပ္ပံပညာနှင့်ပတ်သက်၍ မည်သည့်နိုင်ငံက မည်သည့်တွေ့ရှိသိမြင်မှုမဆို လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် အကျိုးသက်ရောက်စေမည် ဖြစ်၏။ ထို့ကြောင့်ကမ္ဘာကြီး၌ ပေါင်းစည်း လိုက်ပါနိုင်နိုင်ရန် အရေးကြီးလှသော ကမ္ဘာမှုပြုခေတ် (Globalization Era)တွင် အာရှ၏ တီထွင်ဖန်တီး နိုင်စွမ်းကိုသီးခြားအမွန်းတင်ကြရန် မဟုတ်ပေ။ သို့ရာတွင် ကျွန်ုပ်တို့ အာရှသည် ယခုရာစုအတွင်း သာလွန်ကောင်းမွန်သည့်ဆော့ဖ်ဝဲလ်(Software)များကို ရေးထုတ်လိုလျှင် သော်လည်းကောင်း ကင်ဆာ ပျောက်ဆေး ကျထုံးကို ရှာဖွေတွေရှိလိုလျှင် သော်လည်းကောင်း၊ ကွမ်တမ်မက္ကင်နစ်ထက် နက်နဲ အဆင့်မြင့်သည့် ရူပဗေဒ သီအိုရီအသစ်များကိုထုတ်ဖော်လိုလျှင်သော်လည်းကောင်း၊ စိတ်ကူးတီထွင် ဥာဏ်ကို ယခုထက် ပိုမိုထက်သန်အောင်ကြိုးပမ်းအားထုတ် ရပေလိမ့်မည်။ ဤနေရာ၌ ရုပ်ဝတ္ထုပစ္စည်းများ ကြွယ်ဝချမ်းသာမှုများ အရေးပါသည့်နည်းတူ စိတ်ကူးဖန်တီးစွမ်းပကားကို ကြီးပွားအောင် ပျိုးထောင်ရန်မှာ လည်း အခြေခံသုတေသန (fundamental research)လုပ်ငန်းများသည် ပဓာနကျကြောင်း အသိအမှတ် ပြုသင့်သည်။ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားသော အနာဂတ်မျိုးဆက်သစ်များကို မွေးထုတ်နိုင်ရန်အတွက် ပညာရေးနှင့်ပတ်သက်၍ အာရှတိုက်သားတို့၏ သဘောထားနှင့်စဉ်းစားတွေးခေါ်မှု(thinking) ထက် အလွတ်ကျက်မှတ်မှု (memorization)ကို ဦးစားပေးသော ပညာရေးစနစ်တို့ကို ပြန်ပြောင်းသုံးသပ်ရန် လိုအပ်ပေမည်။ အာရှသားတို့ပညာရေးကို တန်ဖိုးထားကြသည်ဟူသော သမာရိုးကျ အမြင်သည် အခါခပ်သိမ်း အမှန်ကန်ပေ။ ရှေးခေတ် အခါက အာရှတွင် ဘုရင့်စာမေးပွဲများ ဝင်ရောက် ဖြေဆိုခဲ့ကြ ခြင်းမှာ လစာဝင်ငွေကောင်းသော အုပ်ချုပ်ရေးရာထူး ဌာနများ ရယူရန် အခွင့်အလှမ်းပွင့်စေသောကြောင့် ဖြစ်သည်။ ယခုခေတ်တွင်လည်း ထိုနည်းတူပင်ဖြစ်၍ ဝင်ငွေကောင်းသည့် အလုပ်အကိုင်များကိုသာ အာမခံချက်ပေးနိုင်ပါက အသိပညာသက်သက်အတွက်ဆည်းပူးခြင်း(Learning for its own Sake) ကို အရှေ့တိုင်းသားတို့ငွေဖြုန်းတီးမှုဟု မသတ်မှတ်စေကာမူ ဇိမ်ခံအခွင့်အထူးတစ်ရပ်အဖြစ် ရှုမြင်ထင်မှတ် ကြသည်။ ၁၉ရာစုကတရုတ်ပညာရှိ လျန်ချီချောင်း(Liang Qichao) သည်အကြောင်းအရာငယ်ကလေးများ ကိုပင်လျှင် စိတ်ဝင်တစားအထူးပြုလေ့လာသော ပညာရှင်တို့ (Scholars) ၏သဘာဝကိုချီးကျူးရေးသား ခဲ့၏။ ဤကဲ့သို့သော ပညာဆည်းပူးလိုသည့် စိတ်ဓာတ်မျိုးကို ယခု ၂၁ ရာစု၌လည်း အားပေးချီးမြှောက်ရန် လိုအပ်ဆဲဖြစ်ပေသည်။

ကိန်းဂဏန်းအချက်အလက်များကို နားလည် ကြေညက် အာဂုံဆောင်ရုံမျှဖြင့် အနာဂတ်၏ လျှမ်းလျှမ်းတောက် သိပ္ပံပညာရှင်များ ထူးချွန်ထက်မြက်သော နိုင်ငံရေး၊ စီးပွားရေးခေါင်းဆောင်ကြီးများ အဖြစ် ပေါ်ထွန်းမလာနိုင်။ ပညာရှာမှီးသူတို့က မိမိတို့သင်ယူနေရသော ဘာသာရပ်များ၏ တန်ဖိုးနှင့် အသုံးပြုပုံကို သေသေချာချာသိရှိ မွေ့လျော်နိုင်မှသာ ပညာရေးစနစ်၏ ရည်မှန်းချက် ပြည့်စုံပေမည်။

သို့ဖြစ်၍ တာဝန်ရှိသူကိုလေးစားလိုက်နာခြင်း နှင့် ရိုးရာစဉ်လာနီတိ သွန်သင်ချက်များက နုနယ်ပျိုမြစ်သော စိတ်ကူးဖန်တီး စွမ်းအားကို အတားအဆီးမဖြစ်စေသင့်။ ထာဝရမှန်ကန်သော အဖြေများ ကို ကျမ်းစာအုပ်များထဲမှသော်လည်းကောင်း၊ ဆရာသမားများထံမှသော်လည်းကောင်း ရရှိနိုင်သည် ဟူသော အရှေ့တိုင်းသားတို့၏ စွဲမှတ်ယူထားမှုကို ဖယ်ရှားထုတ်ပစ်ရန် လိုအပ်သည်။ ဤသို့မှတ်ထင်မှု၏ လွဲမှားပုံကို ဗိုလ်ချုပ်အောင်ဆန်းက “လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပါယ်ဆန့်ကျင်ဘက်ပေတည်း။” ဟုပြတ်ပြတ်သားသားထောက်ပြခဲ့လေသည်။ ထိုမျှသာမက ဗိုလ်ချုပ် သည် သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိတွင်လည်း ပညာနှင့်ပတ်သက်၍ သူ၏အမြင်ကို- “(ပညာသည်) ရာဇဝင်သိရုံသာမဟုတ်၊ ရာဇဝင်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်၊ သည်ထက်ကောင်းသော လောက ကို ဖန်ဆင်းနိုင်စေရမည်” ဟုဖော်ပြခဲ့ရာတီထွင်ဖန်တီးနိုင်စွမ်း၏ အရေးကြီးပုံကို ကနဦးကပင် သိမြင် လမ်းညွှန်သွားခဲ့သောအာရှခေါင်းဆောင်တစ်ဦးဟု ဆိုနိုင်ပါသည်။ (၅)

တစ်ဖန်အာရှ၏ ရှိရင်းစွဲ ကောင်းမြတ်သည့် အစဉ်အလာများနှင့်စပ်လျဉ်း၍လည်း မိမိလိုရာဆွဲ အဓိပ္ပါယ်ကောက် မလွဲသင့်ကြ။ အာရှသားတို့စီးပွားရေးအအောင်မြင်မှုမှာ အာဏာပိုင်အတွေးအခေါ်များ ကြောင့်မဟုတ်ဘဲ လူမှုတန်ဖိုးများအပေါ် ၎င်းတို့ထားရှိသည့် အမြင်ကြောင့်ပင်ဖြစ်သည်။ (၆)

ခေတ်သစ်တွင် မြန်လည်းမြန်၍ မှန်လည်းမှန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အထူးအရေးကြီးလာ၏။ ထိုသို့ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် ခြုံငုံသုံးသပ်နိုင်စွမ်း၊သမူဟပြု(Synthesize)နိုင်စွမ်းစသည် အရည်အချင်းများ ပိုင်ဆိုင်ရပေမည်။ ထိုစွမ်းရည်များသည် စဉ်ဆက်မပြတ်သည့် ဝေဖန်ဆန်းစစ်စဉ်းစား ချက်များ (Critical Thinking) အလေ့အကျင့်ရှိမှ ဖွံ့ဖြိုးတိုးတတ်နိုင်မည် ဖြစ်သည်။ ထိုကြောင့် ပညာရေး တွင် ဝေဖန်ဆန်းစစ်မှု၏ ပဓာနကျပုံကို ဗိုလ်ချုပ်အောင်ဆန်းက- “ပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ဓာတ်ကိုမွေးရန်လို၏။

ဤအချက်ကိုပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက ပညာသင်ကြားရေး လွတ်လပ်ခွင့် (Academic Freedom) ဟုခေါ်ဝေါ်ကြ၏။ ဤအချက်ကား ကမ္ဘာရာဇဝင်ကို တစ်မျိုးတစ်မည် ပြောင်းလဲစေသည့် ရီနေဆန်နှင့်ရီဖောင်မေရှင်းခေါ် ခေတ်သစ်ဝါဒ၊လောကဓာတ်ပညာပြန့်ပွားရာ အကြောင်း အရင်းတည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမ သုတ္တန် သဘောအရပင်တည်း” ဟူ၍ “ကျောင်းသားဝတ္တရား”ဆောင်းပါး၌ရေးသားခဲ့လေသည်။ (၇)စင်စစ် ဗုဒ္ဓဝါဒသည် လူသား၏ အတွေးအခေါ်လွတ်လပ်မှု အားပေးပြီး အမှန်တရားကို သိမြင်နိုင်ရန်အတွက် စီစစ်ဝေဖန်ရသောဝိဘဇ္ဇဝါဒပင်ဖြစ်၏၊ ထို့အပြင် ယနေ့ခေတ်တိုင် အရှေ့တိုင်းသားတို့ အနောက်နိုင်ငံများတွင် သွားရောက်ပညာသင်ယူကြသည့်အကြောင်းတရားတစ်ရပ်မှာလည်း ဗိုလ် ချုပ် ထောက်ပြခဲ့သည့် ပညာရေးလွတ်လပ်ခွင့်ပင် ဖြစ်တော့သည်။

လက်တွေ့အားဖြင့်ဝေဖန်ဆန်းစစ်စဉ်းစားခြင်းသည် ဆုံးဖြတ်ချက်ချရန်နှင့် တီထွင်ဖန်တီးရာ၌ သာမကလူ့အဖွဲ့အစည်း (Civil Society) တွင် တတ်ကြွစွာ ပါဝင်ဆောင်ရွက်သော နိုင်ငံသားများဖြစ်လာနိုင် စေရန်လည်းအထောက်အကူပြုလေသည်။ မည်သူမျှ အဆုံးအဖြတ်မပေးရဲ၊ တာဝန်မယူတတ် မယူရဲသော လူ့အဖွဲ့အစည်းသည် ခေတ်အခါက တောင်းဆိုလာသည့် စွမ်းဆောင်ရည် ထိရောက်မှုကိုလည်း မရရှိ မပိုင် ဆိုင်နိုင်။ ခေတ်သစ်တွင် ကျွန်ုပ်တို့သည် တာဝန်သိတတ်သူများကိုသာမက တာဝန်ယူတတ်သူ၊ တာဝန်ယူ ရဲသူများကိုလည်း လိုအပ်ပေသည်။ တာဝန်ယူတတ်ခြင်းသည် မိမိကိုယ်ကို ယုံကြည်စိတ်ချမှု (Self-Confidence)၊ အမှီခိုကင်းစွာရပ်တည်နိုင်မှု (Independence)၊ မိမိ အခွင့်အရေးများကို လေးစားမှုတို့နှင့် လည်း ယှဉ်တွဲလျှက်ရှိ၏။ဤအရည်အချင်းများမဖွံ့ဖြိုးသေးလျှင် ဒီမိုကရေစီ၏ အကျိုးကျေးဇူးကို အပြည်အဝ ကျင့်သုံးခံစားနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်ဆန့်ကျင်ဘက် အယူအဆများကို သည်းခံနားထောင်မှု၊ အပြန်အလှန်ဝေဖန်ဆွေးနွေးမှုများမှာ နိုင်ငံရေးဒီမိုကရေစီသဘောမျှသာ ဆောင်သည်မဟုတ်၊ တီထွင် ဖန်တီးနိုင်စွမ်းအတွက် အရေးကြီးလှသော အုတ်မြစ်လည်းဖြစ်သည်။ တစ်နည်းဆိုရလျှင် လူ့အတွေးခေါ်ကို ဘောင်ခတ် အကျဉ်းချထားခြင်းကိုဆန့်ကျင်ဖောက်ထွက်သောပွင့်လင်းစိတ်နှင့် လွတ်လပ်မှုကို မြတ်နိုးခြင်း တို့သည် ဆက်နွယ်နေကြလေသည်။ သို့ဖြစ်၍ကမ္ဘာပေါ်တွင် အဖွံ့ဖြိုး၊အတိုးအတတ်ဆုံး တိုင်းပြည်အများစု သည် ပွင့်လင်းလွတ်လပ်သည့်တိုင်းပြည်များ ဖြစ်နေကြသည်မှာ အကြောင်းတိုက်ဆိုင်မှု သက်သက်မျှ မဟုတ်နိုင်ပေ။

အကယ်၍ အာရှသားတို့သည် အသိပညာမူပိုင်ရှင်များအဖြစ် ကမ္ဘာအားအကျိုးပြုလိုကြလျှင် ဆန်းသစ်တီထွင်ဥာဏ်ကို အချို့သော အစဉ်အလာလောင်းရိပ်တို့၏ အလွှမ်းအမိုးမခံစေဘဲ လွတ်လပ်စွာ စဉ်းစားဝေဖန်ခြင်းကို အားပေးရပေမည်။ အိန္တိယ၏ ထူးခြားထက်မြက်သည့် ကွန်ပျူတာ အစီအစဉ်ရေး သူများ (Computer Programmers) သည်လည်းကောင်း၊ ဂျပန်ပြည်မှ အဆက်မပြတ်ထွက်ပေါ်နေသည့် အီလက်ထရွန်းနစ် ပစ္စည်းဆန်းများသည်လည်းကောင်း၊ အာရှတိုက်၏ တီထွင်ဖန်တီးမှု အလားလာကောင်း ကို သက်သေပြုမီးမောင်းထိုးလျက်ရှိကြသည်။ ဆင်းရဲမွဲတေမှုနွံထဲမှ ဆယ်စုနှစ်အနည်းငယ်အတွင်း ကြိုးစား ရုန်းထွက်နိုင်ခဲ့သော အာရှသည် ၎င်း၏ဥာဏ်ပညာ ရေသေကိုလည်းအသစ်တဖန် တသွင်သွင်ပြန်လည် စီးဆင်းလာအောင် အားထုတ်ရပေမည်။

သို့မှသာ တစ်ချိန်က ကမ္ဘာ့အယဉ်ကျေးဆုံး၊အတိုးတတ်ဆုံးနိုင်ငံတော်များနှင့် ဘာသာတရားများ ပေါ်ထွန်း ခဲ့ရာဘူမိနက်သန်ဖြစ်သော ကျွနှ်ပ်တို့ အရှေ့တိုင်းသည် နောင်တစ်ခေတ်၏အံ့မခန်း ဥာဏ်ကြီးရှင်၊ သိပ္ပံပညာရှင်များလူမှုစီးပွားတွေးခေါ်ရှင်များကို မိမိမြေပေါ်၌ပင် ဖွားမြင်သန့်စင်ပေးနိုင်ပေလိမ့်မည်။

စိုးမြင့်အောင်

မှတ်စုများ(Notes)
(၁) Francis Fukuyama,The Culture of Prosperity “NPO(Winter1995).P.7.
(၂) Sin-ming Shaw, “Its True,Asians Can’t Think”, Time(May 31,1999),P.23.
(၃) Price,Frank W. trans, Sun Yat-sen,San Min Chu I; The Three Principles Of The People (Sha- Nghai Institute Of Pacific Relations,1927),PP.97-98.
(၄)Sin-ming Shaw, “Values True and Flase,” Newsweek(December 15,1997),
(၅) မြဟန်(တည်း)၊ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ၊ ရန်ကုန်၊ တက္ကသိုလ်များ၊ သမိုင်းသုတေသနဌာန၊ ၁၉၉၈၊ စာ ၁၅၃။
(၆) ဤအချက်ကို စင်္ကာပူ ခေတ်ပြိုင်ကွန်ဖျူးရှပ် ပညာရှင် တုဝေမင်း(Tu Wei-Ming)ကထောက်ပြခဲ့ခြင်းဖြစ် သည်။ စိုးမြင့်အောင်၊ “ကွန်ဖျူးရှပ် ဒီမိုကရေစီဖြစ်နိုင်ပါမည်လော” အတွေးအမြင်စာစဉ် ၁၂၄၊ မတ်+ဧပြီလ ၁၉၉၇၊ စာ ၈၅ တွင်ကြည့်ပါ။
(၇) ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ၊ စာ ၈၆။


စံပယ်ဖြူ မဂ္ဂဇင်း အမှတ်(၅)၊ သြဂုတ်၊ ၂၀၀၆

Cheap Offers: http://bit.ly/gadgets_cheap

Monday, March 20, 2017

ယနေ့ ကျောင်းသားနှင့် စာခိုးမှုပြဿနာ



 မြန်မာပြည် ပညာရေးနှင့် ပတ်သက်၍ ကြောင့်ကြစိုက်သူတိုင်း စာခိုးချခြင်းသည် ယခုအခါ ကျောင်းသားထုအတွင်း ပိုမိုရေပန်းစားတွင်ကျယ်လျက်ရှိပြီး လုပ်ရိုးလုပ်စဉ်တစ်ခုလည်း ဖြစ်လာနေပေပြီ။
ဤခေတ်၌ တိုးတက်လာသော ကွန်ပျူတာ စာစီနည်းပညာနှင့် မိတ္ထူ ချုံ့ကူးနိုင်ခြင်းသည် စာခိုးသူများအတွက် ခိုးချရန် ပြင်ဆင်ရာတွင် ကြီးစွာ အထောက်အကူပြုနေသည်မှာ ၀မ်းနည်းဖွယ်ပင်ဖြစ်၏။ အဆုံး၌ စာခိုးချသော ကျောင်းသား/သူများသာ ဘာမျှ မဖြစ်ပဲ ဤနည်းဖြင့် တစ်တန်းပြီးတစ်တန်းတက်၍ ဘွဲ့များ ရရှိသွားပေလိမ့်ဦးမည်။ သူ သင်ယူအထူးပြုခဲ့သော ဘာသာရပ်ကိုအမှန်တကယ် တတ်ကျွမ်းသည်ဖြစ်စေ၊ မတတ်ကျွမ်းသည်ဖြစ်စေ သူ့ကိုယ်သူ ဘွဲ့ရပညာတတ်တစ်ဦးဖြစ်သည်ဟု ၀ံ့ကြွား ပြောဆိုပေလိမ့်ဦးမည်။ အချို့မှာမူ စာသင်နှစ်တစ်နှစ်လျင် ရက်ပေါင်း သုံးဆယ်မျှပင် သူမှန်မှန် မတက်ရောက်ခဲ့သော တက္ကသိုလ်ကြီးကို ညွှန်ပြ၍ သူ၏ အမိကျောင်းတော်ကြီးပါဟု ဂုဏ်ယူကြွားဝါနေပေဦးတော့မည်။ 

ကျွန်ုပ်၏ ဆရာတစ်ဦးက ထိုသူများသည် တစ်ချိန်ချိန်၌ မိမိနှင့် မထိုက်တန်ပဲ ရယူခဲ့သော ဘွဲ့ကိုလည်းကောင်း၊ ဘွဲ့ရဓာတ်ပုံကိုလည်းကောင်း ကြည့်၍ ရှက်စိတ်ဝင်လိမ့်မည်ဟု ဆို၏။ ကျွန်ုပ် မထင်ပါ။ ဘွဲ့လက်မှတ်ဆိုသည်မှာ နာမည်နောက် အမြီးတပ်ရရုံ ဂုဏ်အဆောင် အယောင် တစ်ခုအဖြစ်သာ တန်ဖိုးထားခံနေရချိန်တွင် ထိုစိတ်မျိုး ပေါ်ပေါက်ရန် အလွန်ခဲယဉ်း ပေသည်။ ယင်းသို့ မသမာသောနည်းမျိုးစုံဖြင့် စာမေးပွဲအောင် ဘွဲ့ရသွားသူတစ်ယောက်သည် နောင်တစ်ချိန်၌ သူ၏ ဆယ်ကျော်သက်ရွယ် သားသမီးတစ်ယောက် စာခိုးချရန် ပြင်ဆင်နေသည်ကို သိမြင်လျှင်လည်း တားမြစ်ရန် အထူးကြိုးစားလိမ့်မည် မဟုတ်ချေ။ ကျောင်းသားသဘာဝ လုပ်ရိုးလုပ်စဉ် ဟုသာ အလွယ်တကူ သဘောထားပေလိမ့်မည်။

 စင်စစ် ယခုခေတ် တက္ကသိုလ် ကျောင်းသား/သူတစ်ဦး၏ စာကြည့်ချိန်(သို့) လေ့လာရသော သင်ခန်းစာ ၀န်ထုပ်ဝန်ပိုးသည် အထက်တန်းကျောင်း/သူတစ်ယောက်ထက် များစွာ လျော့နည်း သက်သာလေသည်။ ထို့ပြင် ဇွန်းခွံ့ကျွေးသင်ကြားမှုကို မစွန့်လွှတ်နိုင်သေးသောကြောင့် တစ်ပြေးညီ အမေးအဖြေ ပုံစံကိုသာ အများအားဖြင့် အသုံးပြုရလျက်ရှိရာ အရေးကြီး မေးခွန်းပုစ္ဆာများကိုသာ ဂရုတစိုက် မှန်မှန် လေ့ကျင့် ပြင်ဆင် ထားလျှင် အောင်မှတ်မရစရာ အကြောင်းမရှိချေ။ ထိုမျှသာမက စာမေးပွဲနီးကပ်လာချိန်တွင် လည်း သာသာရပ်အလိုက် သက်ဆိုင်ရာ ဆရာ/မများက အရေးကြီးအပိုင်းနှင့် မေးခွန်းများကို ရွေးချက်ပေးတတ်မြဲဖြစ်၏။

သို့သော်လည်း ဤပုစ္ဆာဤမေးခွန်း စာမေးပွဲ၌ တပ်အပ်ပါမည်ကို ကြိုတင်မှန်းဆ၍ ရနေပါ လျက် စာခိုးကျောင်းသား/သူများသည် ကျက်သင့်သော စာကို ၀ီရိယ စိုက်မကျက်မှတ်ဘဲ သူတို့၏ စာမေးပွဲနီး အဖိုးတန်အချိန်ကလေးများကို စာခိုးရန် နည်းမျိုးစုံ ကြံစည်ပြင်ဆင်ခြင်း ဖြင့် ကုန်လွန်စေကြလေသည်။ စာကျက်ရန်(သို့) တွက်ချက်လေ့ကျင့်ရန် အချိန်မရတော့ဟူသော အကြောင်းပြချက်သည် ကျေနပ်ဖွယ်မရှိလှချေ။ တစ်ပတ်မျှလောက် သော အချိန်သည်ပင် ယနေ့တက္ကသိုလ်ကျောင်းသား/သူ တစ်ယောက်အတွက် စာမေးပွဲ ပြင်ဆင်ရန် လုံလောက်နိုင်ပေသည်။

စာမေးပွဲနေ့သို့ရောက်သောအခါ စာခိုးမည့် ကျောင်းသား/သူများသည် ကြိုတင်ပြင်ဆင်ထား သော ဘောပင်၊ စက္ကူ၊ ကပ်ခွာ သသည့် အတိုအထွာမျိုးစုံကို စာမေးပွဲခန်းဆီသို့ ဖြစ်သည့်နည်း ဖြင့် ကိုယ်ခန္ဓာအနှံ့သယ်ဆောင်သွားပြီး ခိုးခွင့်ရရန် အစွမ်းကုန်ကြိုးစားအားထုတ်ကြလေ တော့သည်။ စာမေးပွဲခန်းစောင့် ဆရာ/မ ကိုလည်း မိမိတို့အလိုကျ ပြုမူ၍ ရမည့်သူ ဟုတ် မဟုတ် အကဲခတ်ကြသေးရာ စည်းကမ်းတင်းကြပ်သည့် ဆရာဆရာမနှင့် ကြုံတွေ့လျှင် စိတ်ဆိုးတတ်ကြလေသေးသည်။ ခိုးချရင်း ဖမ်းမိသော ကျောင်းသားကျောင်းသူ အများစုမှာ မိမိတို့ ကြံရာပါပစ္စည်းကို အသာတကြည် ပေးအပ်လေ့ရှိသော်လည်း အနည်းငယ်မှာမူ စာမေးပွဲစောင့် ဆရာဆရာမကိုပင် ခြိမ်းခြောက် ရန်ပြုလိုသေးရာ ကျွန်ုပ်တို့နိုင်ငံ၌  ’စာခိုးမှု’ သာမက နောက်ဆုံးပေါ် ’စာဓမြမှု’၊ ’စာအနုကြမ်းမှု’ များပင် စတင်ဖြစ်ပွားနေပြီဟု  ဆိုရမည်ကဲ့သို့ ရှိ၏။ စာမေးပွဲချိန်အပြီး စာသူခိုးများ မြိန်ရည်ယှက်ရည် ပြောဆိုလေ့ရှိသော အကြောင်းအရာမှာလည်း သူတို့မည်သို့မည်ပုံ မည်ရွေ့မည်မျှ အလစ်သုတ် ခိုးချနိုင်ခဲ့ကြောင်း စွန့်စားခန်းအတွေ့အကြုံများပင် ဖြစ်တော့သည်။ 

အမှန်အားဖြင့် စာခိုးခြင်းသည် စာခိုးသူကိုသာ အကျိုးယုတ်စေသည်မဟုတ်၊ ရိုးသားမှန်ကန်စွာ ဖြေဆိုသူများကို ပို၍ပင် ထိခိုက်နစ်နာစေလေသည်။ ကျွန်ုပ်၏ အသိတစ်ယောက်ဆိုလျှင် စာမေးပွဲကြီးတစ်ခု၌ ခိုးချရန် စာငါးပုဒ်လျှို့ဝှက်ယူဆောင်သွားရာ မေးခွန်းလွှာတွင် ထိုငါးပုဒ်လုံး ကွက်တိတိုးခဲ့၏။ လေးပုဒ်ကူးရေးပြီးချိန်တွင် ဆက်၍ ကူးချင်စိတ်လည်း မရှိတော့။ အခန်းပြင်ရောက်နှင့်နေသော သူငယ်ချင်းများကလည်း လှမ်းခေါ်နေပြီဖြစ်သောကြောင့် ကျန်တစ်ပုဒ်ကို မကူးဘဲထားခဲ့သည်ဟု ဆို၏။ ငါးပုဒ်လုံးကိုသာ စိတ်ရှည်လက်ရှည် ကူးရေးခဲ့လျှင် ပုဒ်စေ့ဖြေရာလည်း ရောက်၍ ဂုဏ်ထူးပင် ရချင်ရနေပေဦးတော့မည်။ 

အလွတ်ကျက်မှတ်သွားသူကမှ မှတ်ဥာဏ်ချွတ်ချော်၍ စာပိုဒ် အနည်းငယ်မေ့နေမှု၊ ကျက်ထားသည်နှင့် မတိုးမှု ဖြစ်နိုင်သေး၏။ ခိုးချသူမှာမူ ကြည့်၍ ကူးရသည်ဖြစ်ရာ ’သည်’
’၏ ’ မရွေးပင် စေ့စပ်နိုင်ပေသေးသည်။ ထို့ပြင် ပုံစံတူအဖြေတစ်မျိုးတည်းကိုသာ စစ်မေးသော စာမေးပွဲမျိုးတွင် ထိုသူနှစ်ဦး၏ စာဖြေလွှာသည် များစွာ ကွဲပြားခြားနားမှု ရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခါ ရိုးသားစွာ ပြောဆိုသူနှင့် လိမ်လည် ပြောဆိုသူကို မဝေခွဲနိုင်သော စာစစ်ဆရာသည် မည်သူ့ကို ဂုဏ်ထူးပေးရန် (သို့) အအောင်ပေးရန် မည်သို့တွက်ဆမည်နည်း။ စာလည်းကြိုးစား၍ ရိုးရိုးသားသားလည်း ဖြေဆိုပါလျက် စာမေးပွဲ၌ အကြောင်းအမျိုးမျိုး ကြောင့် ရည်မှန်းချက် မပြည့်ဝခဲ့သူများအတွက်သော်လည်းကောင်း၊ ပညာကိုလည်း အလေး အနက်မထား၊ ကြိုးလည်း မကြိုးစားပဲ ခိုးချ၍ အောင်မြင်ပေါက်မြောက်သွားသူများအတွက် သော်လည်းကောင်း၊ လက်ရှိအခြေအနေ၌ ကျွန်ုပ်တို့ မည်သို့ ခွဲခြားစဉ်းစားပေးကြမည်နည်း။ လူတကာ မိုးခါးရေသောက်နေကြသည့် လူ့အဖွဲ့အစည်းတွင် တန်ဖိုးများ ပျောက်ဆုံးမည့် အန္တရာယ် ရှိပေသည်။

စာခိုးသူအတွက် ဆင်ခြေဆိုသည်မှာ ပညာရေးစနစ်မှသည် ဆရာများအသင်အပြညံ့ဖျင်းမှု၊ မိုးခါးရေသောက်ရမှုအထိ တစ်သီတစ်တန်းကြီး ရှိနေမည်သာဖြစ်၏။ အချက်အလက်များ၏ မှန်ကန်နိုင်မှုကို ကျွန်ုပ်တို့ လုံးလုံးလျားလျား ငြင်းဆို၍ မဖြစ်။ သို့ရာတွင် စာခိုးသူများလာ၍ လည်း ပညာရေးအဆင့်အတန်း ပိုနှိမ့်ကျရုံသာရှိပေလိမ့်မည်။ တည်ဆောက်ရန် ခက်ခဲ သလောက် ဖျက်ဆီးရန်ကား လွယ်ကူလှ၏။ နောက်မျိုးဆက်အတွက် ကျွန်ုပ်တို့ အကောင်းဆုံး လက်ဆင့်ကမ်း ပေးနိုင်သည်မှာ ဤပညာရေးသာဖြစ်သည်ဟု မျှော်လင့်ချက် ထားရှိသေးပါလျှင် ကျွန်ုပ်တို့ လက်ထက်၌လည်း လက်လွတ်စပယ် မပြုမူသင့်ပေ။

စာမေးပွဲ၌ မရိုးသားသော နည်းလမ်းသုံးခြင်းကို မြန်မာစကား၌ ခိုးချသည်ဟု ဆိုကြပြီး အင်္ဂလိပ်ဘာသာ၌ လိမ်လည်သည် (cheat) ဟူ၍ သုံးစွဲလေ့ရှိ၏။ မည်သို့ပင်ခေါ်စေ ယင်းအပြုအမူသည် ကျင့်ဝတ်ချိုးဖောက်မှုတစ်ရပ်သာဖြစ်၏။ ကျောင်းသားဘ၀ကပင် ကျောင်းသား ကျင့်ဝတ်စည်းကမ်းကို မလိုက်နာ၊ ကျောင်းသားဂုဏ်သိက္ခာကို မငဲ့ညှာသူတစ်ဦးသည် လူမှုဘ၀၌လည်း စည်းမျဉ်းဥပဒေများကို လက်တစ်လုံးခြားလုပ်ရန်သော်လည်းကောင်း၊ ရှောင်လွှဲကျူးလွန်ရန်သော်လည်းကောင်း ၀န်လေးတော့မည် မဟုတ်ချေ။ ပို၍ မသိဆိုးရွားနိုင်မှုကား သူ့၌ အမြစ်တွယ်ပါသွားမည့် ရေသာခိုအချောင်လိုက် စိတ်ဓါတ်ပင် ဖြစ်၏။ တန်းတးညီမျှအခွင့်အရေးတွင် အခြေတည်ခဲ့သော ကျွန်ုပ်တို့၏ ပညာရေးစနစ်သည် မသမာသူတို့၏ ၀ိုင်းဝန်းအမြတ်ထုတ် အသုံးချမှုကို လိုက်လျောခြင်းဖြင့် အဆုံးသတ်ရမည်ဆိုလျှင် အလွန်ဝမ်းနည်းဖွယ်ကောင်းလှပေသည်။

မျိုးဆက်နှင့်ချီ၍ ဆင်ခြင်သုံးသပ်ကြည့်လျှင် ဤပြဿနာသည် ပိုမိုနက်ရှိုင်းသွားလေသည်။ ကျွန်ုပ်တို့သည် ယခင်မျိုးဆက်များရယူခဲ့ကြသည့်ဘွဲ့များနှင့် ယခုမျိုးဆက် ရရှိလာကြမည့် ဘွဲ့များကို ညီမျှခြင်း ဆွဲယူနိုင်မည်လော။ ဘွဲ့တစ်ခုရရန် ကြိုးစားရုန်းကန် အားထုတ်ခဲ့ရသော လုံ့လ၀ီရိယ ပမာဏတွင်တော့ အနည်းဆုံး ကွာခြားသွားမည်သာဖြစ်၏။ B.A B.Sc M.A M.Sc စသည့် အမည်ရည်များကတော့ အတူတူပင်။ မွေးထုတ်ပေးလိုက်သော မိခင်ကျောင်းတော်ကြီးကလည်း အတူတူပင်။ 

ပညာရေး၏ ပဓာနရည်ရွယ်ချက်မှာ တတ်သိလိမ္မာမှုနှင့် ဆင်ခြင်တုံတရားကို လေ့ကျင့် ပျိုးထောင်ပေးရန်ဖြစ်၏။ ဤရည်မှန်းချက်ကို နှိမ့်ချမှု မြင်လာသောအခါ ကျောင်းသားများ အသိပညာသက်သက်အတွက် ဆည်းပူးလိုစိတ် နည်းပါးလာသည်။ ထိုအခါ စာမေးပွဲဦးတည် သင်ယူမှုနှင့် အတန်းအောင်ရန်သာ အဓိက ထားမှု အရိပ်မည်းကြီးများသည် ပညာရေးစနစ် အပေါ် ထိုးကျလာခဲ့လေတော့သည်။ ’အရေအတွက်မှ အရည်အချင်းသို့’ ဟူသော ဆောင်ပုဒ် ၏ ဖြစ်နိုင်ချေ တစ်စိတ်တစ်ပိုင်းကို ကျွန်ုပ်တို့ လက်ခံရပါမည်။ သို့ရာတွင် အရေအတွက် များပြားမှုသည် အရည်အချင်း တိုးတက်မြင့်မားမှုနှင့် အခါခပ်သိမ်း ထပ်တူမညီကြောင်း အလွန်ထင်ရှား၏။ ပညာရေး၏လုပ်ငန်းတာဝန်မှာ ရုပ်ဝတ္ထု အဆောက်အဦးများကို ဖြည့်ဆည်း ပေးရုံသာမက ဥာဏ်ပညာအရည်အသွေးကို ပျိုးထောင်လင်းလက် စေရန်လည်း ဖြစ်သည်။ တန်ဖိုး နိမ့်ကျအောင် ပြင်ပမှ မည်မျှအားထုတ်နေပါစေ ကျောင်းသားများအနေဖြင့် မိမိတန်ဖိုး ကို မိမိသိနားလည်ရန် ပို၍ အရေးကြီး၏။

နိုင်ငံခြားသားအများဆုံးသည် တက္ကသိုလ်ပညာရေးကို တန်ဖိုးထား မြတ်နိုးကြ၏။ တက္ကသိုလ် ကျောင်းသားဟုဆိုလျှင် အထင်ကြီးလေးစားတတ်ကြ၏။ သို့ရာတွင် ကျွန်ုပ်တို့ နိုင်ငံ၏ စာသင်ခန်းတွင်း၊ ပြင် ဖြစ်ပွားလျက်ရှိသော မသမာမှုများကိုသာ သိရှိသွားခဲ့ပါလျှင် ကျွန်ုပ်တို့၏ အဆင့်မြင့် ပညာရေးကို မည်သို့ ထင်မြင်ယုံမှတ်သွားမည်နည်း။ စာမေးပွဲမသမာမှုဟူသည်မှာ ခေတ်အဆက်ဆက်က အနည်းနှင့် အများရှိခဲ့သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤသည်ကို စည်းကမ်းချိုးဖောက်မှု၊ ကျင့်ဝတ်ပျက်ယွင်းမှုဟု အလေးအနက် သဘောမထားဘဲ ထမင်းစား ရေသောက်လုပ်ရိုးလုပ်စဉ် တစ်ရပ်လို သိက္ခာမဲ့ပြုသူက ပြု၍ သိသူကလည်း မျက်ကွယ်ပြုနေရ မည်မှာ များစွာ မလျော်ကန်လှချေ။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် ကျောင်းသား ဦးရေနည်းသော ကောလိပ်၊ တက္ကသိုလ်အချို့တွင် စာခိုးသူရာခိုင်နှုန်း အလွန်နည်းပါးသေး သော်လည်း အထက်တန်းကျောင်းများ၌ပင် ဤပြဿနာသည် ယခင်ကထက် ကြီးမားကျယ် ပြန့်လာနေပြီဟု ယူဆရန် ရှိပါသည်။ 

ပုံစံကိုက် အမေးအဖြေများကို ထုံးစံအတိုင်း စစ်မေးပြီး အမှတ်အများအနည်းအလိုက် စီချ၍ အအောင်အရှုံးနှင့် ထူးချွန်မှု သတ်မှတ်ကာ အောင်စာရင်း ထုတ်ပြန်ပေးနေရုံဖြင့် စာခိုး ပြဿနာ ပြေလည်သွားစရာ အကြောင်းမမြင်ပေ။ အရေးကြီးသည့် အချက်တစ်ခုမှာ ကျောင်းသားစုအတွင်း တိမ်မြုပ်ကွယ်ပျောက်လုပြီဖြစ်သော ဝေဖန် ဆန်းစစ်စဉ်းစားခြင်း (critical thinking) အလေ့အကျင့်ကို ဖြည်းဖြည်းချင်း ပြန်လည် ပျိုးထောင်ပေးရန်ပင်ဖြစ်သည်။ ထို့ပြင် ပညာရေးစနစ်၌ ပင်ကိုစွမ်းရည်ရှိပြီး အမှန်တကယ် ထူးချွန်သည့် ကျောင်းသားများကို အစဉ်မပြတ် ဖော်ထုတ်ချီးမြှောက်နိုင်စေရန် မက်လုံးများလည်း ရှိနေရပေမည်။ 

ထိုမျှသာမက ကာလအလျောက် ဘွဲ့၏ တန်ဖိုး နိမ့်လျောကျဆင်းခြင်း၊ စာသင်နှစ် တိုတောင်း ခြင်း၊ ကျောင်းသားများ မိမိ စိတ်ကြိုက် ဘာသာရပ်ကို သင်ယူခွင့် မရခြင်း၊ သင်ယူနေရသော ဘာသာရပ်၏ လက်တွေ့ အသုံးဝင်မှုမပေါ်လွင်ခြင်း၊ ဆရာများ၏ လစာ၊ စာအုပ်စာတမ်းနျင့် ပစ္စည်းကိရိယာမပြည့်စုံခြင်း၊ အထက်တန်းနှင့် အဆင့်မြင့် ပညာရေး ပေါင်းကူး၌ အခြား ရွေးချယ်စရာ လမ်းကြောင်းများ ပိုလိုအပ်ခြင်း အစရှိသော ဤပြဿနာနှင့် ဆက်စပ်၍ ထည့်သွင်း တွက်ချက်ရမည့် အချက်အလက်များစွာလည်း ရှိနေပေသေးသည်။ ယင်း အခက် အခဲများကို အားလုံးက စုပေါင်း အဖြေရှာ ကျော်လွှားရမည် ဖြစ်ကြောင်း အလွန်ထင်ရှား၏။

စားခိုးမှုပပျောက်ရန်မှာ စာမေးပွဲ နီးကပ်ချိန်၌ အနည်းငယ် ပြောဆို ခြောက်လှန့်ရုံမျှဖြင့် မလုံ လောက်ချေ။ ပြစ်မှုအကြီးအသေးအလိုက် ထိထိရောက်ရောက် အရေးယူပြခြင်းဖြင့်သာ ကျွန်ုပ်တို့ ပညာရေးစနစ်၏ ရေရှည်ပြဿနာများကို တတ်စွမ်းသမျှ ဟန့်တားပေးရာ ရောက်ပေလိမ့်မည်။