Monday, March 20, 2017

ယနေ့ ကျောင်းသားနှင့် စာခိုးမှုပြဿနာ



 မြန်မာပြည် ပညာရေးနှင့် ပတ်သက်၍ ကြောင့်ကြစိုက်သူတိုင်း စာခိုးချခြင်းသည် ယခုအခါ ကျောင်းသားထုအတွင်း ပိုမိုရေပန်းစားတွင်ကျယ်လျက်ရှိပြီး လုပ်ရိုးလုပ်စဉ်တစ်ခုလည်း ဖြစ်လာနေပေပြီ။
ဤခေတ်၌ တိုးတက်လာသော ကွန်ပျူတာ စာစီနည်းပညာနှင့် မိတ္ထူ ချုံ့ကူးနိုင်ခြင်းသည် စာခိုးသူများအတွက် ခိုးချရန် ပြင်ဆင်ရာတွင် ကြီးစွာ အထောက်အကူပြုနေသည်မှာ ၀မ်းနည်းဖွယ်ပင်ဖြစ်၏။ အဆုံး၌ စာခိုးချသော ကျောင်းသား/သူများသာ ဘာမျှ မဖြစ်ပဲ ဤနည်းဖြင့် တစ်တန်းပြီးတစ်တန်းတက်၍ ဘွဲ့များ ရရှိသွားပေလိမ့်ဦးမည်။ သူ သင်ယူအထူးပြုခဲ့သော ဘာသာရပ်ကိုအမှန်တကယ် တတ်ကျွမ်းသည်ဖြစ်စေ၊ မတတ်ကျွမ်းသည်ဖြစ်စေ သူ့ကိုယ်သူ ဘွဲ့ရပညာတတ်တစ်ဦးဖြစ်သည်ဟု ၀ံ့ကြွား ပြောဆိုပေလိမ့်ဦးမည်။ အချို့မှာမူ စာသင်နှစ်တစ်နှစ်လျင် ရက်ပေါင်း သုံးဆယ်မျှပင် သူမှန်မှန် မတက်ရောက်ခဲ့သော တက္ကသိုလ်ကြီးကို ညွှန်ပြ၍ သူ၏ အမိကျောင်းတော်ကြီးပါဟု ဂုဏ်ယူကြွားဝါနေပေဦးတော့မည်။ 

ကျွန်ုပ်၏ ဆရာတစ်ဦးက ထိုသူများသည် တစ်ချိန်ချိန်၌ မိမိနှင့် မထိုက်တန်ပဲ ရယူခဲ့သော ဘွဲ့ကိုလည်းကောင်း၊ ဘွဲ့ရဓာတ်ပုံကိုလည်းကောင်း ကြည့်၍ ရှက်စိတ်ဝင်လိမ့်မည်ဟု ဆို၏။ ကျွန်ုပ် မထင်ပါ။ ဘွဲ့လက်မှတ်ဆိုသည်မှာ နာမည်နောက် အမြီးတပ်ရရုံ ဂုဏ်အဆောင် အယောင် တစ်ခုအဖြစ်သာ တန်ဖိုးထားခံနေရချိန်တွင် ထိုစိတ်မျိုး ပေါ်ပေါက်ရန် အလွန်ခဲယဉ်း ပေသည်။ ယင်းသို့ မသမာသောနည်းမျိုးစုံဖြင့် စာမေးပွဲအောင် ဘွဲ့ရသွားသူတစ်ယောက်သည် နောင်တစ်ချိန်၌ သူ၏ ဆယ်ကျော်သက်ရွယ် သားသမီးတစ်ယောက် စာခိုးချရန် ပြင်ဆင်နေသည်ကို သိမြင်လျှင်လည်း တားမြစ်ရန် အထူးကြိုးစားလိမ့်မည် မဟုတ်ချေ။ ကျောင်းသားသဘာဝ လုပ်ရိုးလုပ်စဉ် ဟုသာ အလွယ်တကူ သဘောထားပေလိမ့်မည်။

 စင်စစ် ယခုခေတ် တက္ကသိုလ် ကျောင်းသား/သူတစ်ဦး၏ စာကြည့်ချိန်(သို့) လေ့လာရသော သင်ခန်းစာ ၀န်ထုပ်ဝန်ပိုးသည် အထက်တန်းကျောင်း/သူတစ်ယောက်ထက် များစွာ လျော့နည်း သက်သာလေသည်။ ထို့ပြင် ဇွန်းခွံ့ကျွေးသင်ကြားမှုကို မစွန့်လွှတ်နိုင်သေးသောကြောင့် တစ်ပြေးညီ အမေးအဖြေ ပုံစံကိုသာ အများအားဖြင့် အသုံးပြုရလျက်ရှိရာ အရေးကြီး မေးခွန်းပုစ္ဆာများကိုသာ ဂရုတစိုက် မှန်မှန် လေ့ကျင့် ပြင်ဆင် ထားလျှင် အောင်မှတ်မရစရာ အကြောင်းမရှိချေ။ ထိုမျှသာမက စာမေးပွဲနီးကပ်လာချိန်တွင် လည်း သာသာရပ်အလိုက် သက်ဆိုင်ရာ ဆရာ/မများက အရေးကြီးအပိုင်းနှင့် မေးခွန်းများကို ရွေးချက်ပေးတတ်မြဲဖြစ်၏။

သို့သော်လည်း ဤပုစ္ဆာဤမေးခွန်း စာမေးပွဲ၌ တပ်အပ်ပါမည်ကို ကြိုတင်မှန်းဆ၍ ရနေပါ လျက် စာခိုးကျောင်းသား/သူများသည် ကျက်သင့်သော စာကို ၀ီရိယ စိုက်မကျက်မှတ်ဘဲ သူတို့၏ စာမေးပွဲနီး အဖိုးတန်အချိန်ကလေးများကို စာခိုးရန် နည်းမျိုးစုံ ကြံစည်ပြင်ဆင်ခြင်း ဖြင့် ကုန်လွန်စေကြလေသည်။ စာကျက်ရန်(သို့) တွက်ချက်လေ့ကျင့်ရန် အချိန်မရတော့ဟူသော အကြောင်းပြချက်သည် ကျေနပ်ဖွယ်မရှိလှချေ။ တစ်ပတ်မျှလောက် သော အချိန်သည်ပင် ယနေ့တက္ကသိုလ်ကျောင်းသား/သူ တစ်ယောက်အတွက် စာမေးပွဲ ပြင်ဆင်ရန် လုံလောက်နိုင်ပေသည်။

စာမေးပွဲနေ့သို့ရောက်သောအခါ စာခိုးမည့် ကျောင်းသား/သူများသည် ကြိုတင်ပြင်ဆင်ထား သော ဘောပင်၊ စက္ကူ၊ ကပ်ခွာ သသည့် အတိုအထွာမျိုးစုံကို စာမေးပွဲခန်းဆီသို့ ဖြစ်သည့်နည်း ဖြင့် ကိုယ်ခန္ဓာအနှံ့သယ်ဆောင်သွားပြီး ခိုးခွင့်ရရန် အစွမ်းကုန်ကြိုးစားအားထုတ်ကြလေ တော့သည်။ စာမေးပွဲခန်းစောင့် ဆရာ/မ ကိုလည်း မိမိတို့အလိုကျ ပြုမူ၍ ရမည့်သူ ဟုတ် မဟုတ် အကဲခတ်ကြသေးရာ စည်းကမ်းတင်းကြပ်သည့် ဆရာဆရာမနှင့် ကြုံတွေ့လျှင် စိတ်ဆိုးတတ်ကြလေသေးသည်။ ခိုးချရင်း ဖမ်းမိသော ကျောင်းသားကျောင်းသူ အများစုမှာ မိမိတို့ ကြံရာပါပစ္စည်းကို အသာတကြည် ပေးအပ်လေ့ရှိသော်လည်း အနည်းငယ်မှာမူ စာမေးပွဲစောင့် ဆရာဆရာမကိုပင် ခြိမ်းခြောက် ရန်ပြုလိုသေးရာ ကျွန်ုပ်တို့နိုင်ငံ၌  ’စာခိုးမှု’ သာမက နောက်ဆုံးပေါ် ’စာဓမြမှု’၊ ’စာအနုကြမ်းမှု’ များပင် စတင်ဖြစ်ပွားနေပြီဟု  ဆိုရမည်ကဲ့သို့ ရှိ၏။ စာမေးပွဲချိန်အပြီး စာသူခိုးများ မြိန်ရည်ယှက်ရည် ပြောဆိုလေ့ရှိသော အကြောင်းအရာမှာလည်း သူတို့မည်သို့မည်ပုံ မည်ရွေ့မည်မျှ အလစ်သုတ် ခိုးချနိုင်ခဲ့ကြောင်း စွန့်စားခန်းအတွေ့အကြုံများပင် ဖြစ်တော့သည်။ 

အမှန်အားဖြင့် စာခိုးခြင်းသည် စာခိုးသူကိုသာ အကျိုးယုတ်စေသည်မဟုတ်၊ ရိုးသားမှန်ကန်စွာ ဖြေဆိုသူများကို ပို၍ပင် ထိခိုက်နစ်နာစေလေသည်။ ကျွန်ုပ်၏ အသိတစ်ယောက်ဆိုလျှင် စာမေးပွဲကြီးတစ်ခု၌ ခိုးချရန် စာငါးပုဒ်လျှို့ဝှက်ယူဆောင်သွားရာ မေးခွန်းလွှာတွင် ထိုငါးပုဒ်လုံး ကွက်တိတိုးခဲ့၏။ လေးပုဒ်ကူးရေးပြီးချိန်တွင် ဆက်၍ ကူးချင်စိတ်လည်း မရှိတော့။ အခန်းပြင်ရောက်နှင့်နေသော သူငယ်ချင်းများကလည်း လှမ်းခေါ်နေပြီဖြစ်သောကြောင့် ကျန်တစ်ပုဒ်ကို မကူးဘဲထားခဲ့သည်ဟု ဆို၏။ ငါးပုဒ်လုံးကိုသာ စိတ်ရှည်လက်ရှည် ကူးရေးခဲ့လျှင် ပုဒ်စေ့ဖြေရာလည်း ရောက်၍ ဂုဏ်ထူးပင် ရချင်ရနေပေဦးတော့မည်။ 

အလွတ်ကျက်မှတ်သွားသူကမှ မှတ်ဥာဏ်ချွတ်ချော်၍ စာပိုဒ် အနည်းငယ်မေ့နေမှု၊ ကျက်ထားသည်နှင့် မတိုးမှု ဖြစ်နိုင်သေး၏။ ခိုးချသူမှာမူ ကြည့်၍ ကူးရသည်ဖြစ်ရာ ’သည်’
’၏ ’ မရွေးပင် စေ့စပ်နိုင်ပေသေးသည်။ ထို့ပြင် ပုံစံတူအဖြေတစ်မျိုးတည်းကိုသာ စစ်မေးသော စာမေးပွဲမျိုးတွင် ထိုသူနှစ်ဦး၏ စာဖြေလွှာသည် များစွာ ကွဲပြားခြားနားမှု ရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခါ ရိုးသားစွာ ပြောဆိုသူနှင့် လိမ်လည် ပြောဆိုသူကို မဝေခွဲနိုင်သော စာစစ်ဆရာသည် မည်သူ့ကို ဂုဏ်ထူးပေးရန် (သို့) အအောင်ပေးရန် မည်သို့တွက်ဆမည်နည်း။ စာလည်းကြိုးစား၍ ရိုးရိုးသားသားလည်း ဖြေဆိုပါလျက် စာမေးပွဲ၌ အကြောင်းအမျိုးမျိုး ကြောင့် ရည်မှန်းချက် မပြည့်ဝခဲ့သူများအတွက်သော်လည်းကောင်း၊ ပညာကိုလည်း အလေး အနက်မထား၊ ကြိုးလည်း မကြိုးစားပဲ ခိုးချ၍ အောင်မြင်ပေါက်မြောက်သွားသူများအတွက် သော်လည်းကောင်း၊ လက်ရှိအခြေအနေ၌ ကျွန်ုပ်တို့ မည်သို့ ခွဲခြားစဉ်းစားပေးကြမည်နည်း။ လူတကာ မိုးခါးရေသောက်နေကြသည့် လူ့အဖွဲ့အစည်းတွင် တန်ဖိုးများ ပျောက်ဆုံးမည့် အန္တရာယ် ရှိပေသည်။

စာခိုးသူအတွက် ဆင်ခြေဆိုသည်မှာ ပညာရေးစနစ်မှသည် ဆရာများအသင်အပြညံ့ဖျင်းမှု၊ မိုးခါးရေသောက်ရမှုအထိ တစ်သီတစ်တန်းကြီး ရှိနေမည်သာဖြစ်၏။ အချက်အလက်များ၏ မှန်ကန်နိုင်မှုကို ကျွန်ုပ်တို့ လုံးလုံးလျားလျား ငြင်းဆို၍ မဖြစ်။ သို့ရာတွင် စာခိုးသူများလာ၍ လည်း ပညာရေးအဆင့်အတန်း ပိုနှိမ့်ကျရုံသာရှိပေလိမ့်မည်။ တည်ဆောက်ရန် ခက်ခဲ သလောက် ဖျက်ဆီးရန်ကား လွယ်ကူလှ၏။ နောက်မျိုးဆက်အတွက် ကျွန်ုပ်တို့ အကောင်းဆုံး လက်ဆင့်ကမ်း ပေးနိုင်သည်မှာ ဤပညာရေးသာဖြစ်သည်ဟု မျှော်လင့်ချက် ထားရှိသေးပါလျှင် ကျွန်ုပ်တို့ လက်ထက်၌လည်း လက်လွတ်စပယ် မပြုမူသင့်ပေ။

စာမေးပွဲ၌ မရိုးသားသော နည်းလမ်းသုံးခြင်းကို မြန်မာစကား၌ ခိုးချသည်ဟု ဆိုကြပြီး အင်္ဂလိပ်ဘာသာ၌ လိမ်လည်သည် (cheat) ဟူ၍ သုံးစွဲလေ့ရှိ၏။ မည်သို့ပင်ခေါ်စေ ယင်းအပြုအမူသည် ကျင့်ဝတ်ချိုးဖောက်မှုတစ်ရပ်သာဖြစ်၏။ ကျောင်းသားဘ၀ကပင် ကျောင်းသား ကျင့်ဝတ်စည်းကမ်းကို မလိုက်နာ၊ ကျောင်းသားဂုဏ်သိက္ခာကို မငဲ့ညှာသူတစ်ဦးသည် လူမှုဘ၀၌လည်း စည်းမျဉ်းဥပဒေများကို လက်တစ်လုံးခြားလုပ်ရန်သော်လည်းကောင်း၊ ရှောင်လွှဲကျူးလွန်ရန်သော်လည်းကောင်း ၀န်လေးတော့မည် မဟုတ်ချေ။ ပို၍ မသိဆိုးရွားနိုင်မှုကား သူ့၌ အမြစ်တွယ်ပါသွားမည့် ရေသာခိုအချောင်လိုက် စိတ်ဓါတ်ပင် ဖြစ်၏။ တန်းတးညီမျှအခွင့်အရေးတွင် အခြေတည်ခဲ့သော ကျွန်ုပ်တို့၏ ပညာရေးစနစ်သည် မသမာသူတို့၏ ၀ိုင်းဝန်းအမြတ်ထုတ် အသုံးချမှုကို လိုက်လျောခြင်းဖြင့် အဆုံးသတ်ရမည်ဆိုလျှင် အလွန်ဝမ်းနည်းဖွယ်ကောင်းလှပေသည်။

မျိုးဆက်နှင့်ချီ၍ ဆင်ခြင်သုံးသပ်ကြည့်လျှင် ဤပြဿနာသည် ပိုမိုနက်ရှိုင်းသွားလေသည်။ ကျွန်ုပ်တို့သည် ယခင်မျိုးဆက်များရယူခဲ့ကြသည့်ဘွဲ့များနှင့် ယခုမျိုးဆက် ရရှိလာကြမည့် ဘွဲ့များကို ညီမျှခြင်း ဆွဲယူနိုင်မည်လော။ ဘွဲ့တစ်ခုရရန် ကြိုးစားရုန်းကန် အားထုတ်ခဲ့ရသော လုံ့လ၀ီရိယ ပမာဏတွင်တော့ အနည်းဆုံး ကွာခြားသွားမည်သာဖြစ်၏။ B.A B.Sc M.A M.Sc စသည့် အမည်ရည်များကတော့ အတူတူပင်။ မွေးထုတ်ပေးလိုက်သော မိခင်ကျောင်းတော်ကြီးကလည်း အတူတူပင်။ 

ပညာရေး၏ ပဓာနရည်ရွယ်ချက်မှာ တတ်သိလိမ္မာမှုနှင့် ဆင်ခြင်တုံတရားကို လေ့ကျင့် ပျိုးထောင်ပေးရန်ဖြစ်၏။ ဤရည်မှန်းချက်ကို နှိမ့်ချမှု မြင်လာသောအခါ ကျောင်းသားများ အသိပညာသက်သက်အတွက် ဆည်းပူးလိုစိတ် နည်းပါးလာသည်။ ထိုအခါ စာမေးပွဲဦးတည် သင်ယူမှုနှင့် အတန်းအောင်ရန်သာ အဓိက ထားမှု အရိပ်မည်းကြီးများသည် ပညာရေးစနစ် အပေါ် ထိုးကျလာခဲ့လေတော့သည်။ ’အရေအတွက်မှ အရည်အချင်းသို့’ ဟူသော ဆောင်ပုဒ် ၏ ဖြစ်နိုင်ချေ တစ်စိတ်တစ်ပိုင်းကို ကျွန်ုပ်တို့ လက်ခံရပါမည်။ သို့ရာတွင် အရေအတွက် များပြားမှုသည် အရည်အချင်း တိုးတက်မြင့်မားမှုနှင့် အခါခပ်သိမ်း ထပ်တူမညီကြောင်း အလွန်ထင်ရှား၏။ ပညာရေး၏လုပ်ငန်းတာဝန်မှာ ရုပ်ဝတ္ထု အဆောက်အဦးများကို ဖြည့်ဆည်း ပေးရုံသာမက ဥာဏ်ပညာအရည်အသွေးကို ပျိုးထောင်လင်းလက် စေရန်လည်း ဖြစ်သည်။ တန်ဖိုး နိမ့်ကျအောင် ပြင်ပမှ မည်မျှအားထုတ်နေပါစေ ကျောင်းသားများအနေဖြင့် မိမိတန်ဖိုး ကို မိမိသိနားလည်ရန် ပို၍ အရေးကြီး၏။

နိုင်ငံခြားသားအများဆုံးသည် တက္ကသိုလ်ပညာရေးကို တန်ဖိုးထား မြတ်နိုးကြ၏။ တက္ကသိုလ် ကျောင်းသားဟုဆိုလျှင် အထင်ကြီးလေးစားတတ်ကြ၏။ သို့ရာတွင် ကျွန်ုပ်တို့ နိုင်ငံ၏ စာသင်ခန်းတွင်း၊ ပြင် ဖြစ်ပွားလျက်ရှိသော မသမာမှုများကိုသာ သိရှိသွားခဲ့ပါလျှင် ကျွန်ုပ်တို့၏ အဆင့်မြင့် ပညာရေးကို မည်သို့ ထင်မြင်ယုံမှတ်သွားမည်နည်း။ စာမေးပွဲမသမာမှုဟူသည်မှာ ခေတ်အဆက်ဆက်က အနည်းနှင့် အများရှိခဲ့သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤသည်ကို စည်းကမ်းချိုးဖောက်မှု၊ ကျင့်ဝတ်ပျက်ယွင်းမှုဟု အလေးအနက် သဘောမထားဘဲ ထမင်းစား ရေသောက်လုပ်ရိုးလုပ်စဉ် တစ်ရပ်လို သိက္ခာမဲ့ပြုသူက ပြု၍ သိသူကလည်း မျက်ကွယ်ပြုနေရ မည်မှာ များစွာ မလျော်ကန်လှချေ။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် ကျောင်းသား ဦးရေနည်းသော ကောလိပ်၊ တက္ကသိုလ်အချို့တွင် စာခိုးသူရာခိုင်နှုန်း အလွန်နည်းပါးသေး သော်လည်း အထက်တန်းကျောင်းများ၌ပင် ဤပြဿနာသည် ယခင်ကထက် ကြီးမားကျယ် ပြန့်လာနေပြီဟု ယူဆရန် ရှိပါသည်။ 

ပုံစံကိုက် အမေးအဖြေများကို ထုံးစံအတိုင်း စစ်မေးပြီး အမှတ်အများအနည်းအလိုက် စီချ၍ အအောင်အရှုံးနှင့် ထူးချွန်မှု သတ်မှတ်ကာ အောင်စာရင်း ထုတ်ပြန်ပေးနေရုံဖြင့် စာခိုး ပြဿနာ ပြေလည်သွားစရာ အကြောင်းမမြင်ပေ။ အရေးကြီးသည့် အချက်တစ်ခုမှာ ကျောင်းသားစုအတွင်း တိမ်မြုပ်ကွယ်ပျောက်လုပြီဖြစ်သော ဝေဖန် ဆန်းစစ်စဉ်းစားခြင်း (critical thinking) အလေ့အကျင့်ကို ဖြည်းဖြည်းချင်း ပြန်လည် ပျိုးထောင်ပေးရန်ပင်ဖြစ်သည်။ ထို့ပြင် ပညာရေးစနစ်၌ ပင်ကိုစွမ်းရည်ရှိပြီး အမှန်တကယ် ထူးချွန်သည့် ကျောင်းသားများကို အစဉ်မပြတ် ဖော်ထုတ်ချီးမြှောက်နိုင်စေရန် မက်လုံးများလည်း ရှိနေရပေမည်။ 

ထိုမျှသာမက ကာလအလျောက် ဘွဲ့၏ တန်ဖိုး နိမ့်လျောကျဆင်းခြင်း၊ စာသင်နှစ် တိုတောင်း ခြင်း၊ ကျောင်းသားများ မိမိ စိတ်ကြိုက် ဘာသာရပ်ကို သင်ယူခွင့် မရခြင်း၊ သင်ယူနေရသော ဘာသာရပ်၏ လက်တွေ့ အသုံးဝင်မှုမပေါ်လွင်ခြင်း၊ ဆရာများ၏ လစာ၊ စာအုပ်စာတမ်းနျင့် ပစ္စည်းကိရိယာမပြည့်စုံခြင်း၊ အထက်တန်းနှင့် အဆင့်မြင့် ပညာရေး ပေါင်းကူး၌ အခြား ရွေးချယ်စရာ လမ်းကြောင်းများ ပိုလိုအပ်ခြင်း အစရှိသော ဤပြဿနာနှင့် ဆက်စပ်၍ ထည့်သွင်း တွက်ချက်ရမည့် အချက်အလက်များစွာလည်း ရှိနေပေသေးသည်။ ယင်း အခက် အခဲများကို အားလုံးက စုပေါင်း အဖြေရှာ ကျော်လွှားရမည် ဖြစ်ကြောင်း အလွန်ထင်ရှား၏။

စားခိုးမှုပပျောက်ရန်မှာ စာမေးပွဲ နီးကပ်ချိန်၌ အနည်းငယ် ပြောဆို ခြောက်လှန့်ရုံမျှဖြင့် မလုံ လောက်ချေ။ ပြစ်မှုအကြီးအသေးအလိုက် ထိထိရောက်ရောက် အရေးယူပြခြင်းဖြင့်သာ ကျွန်ုပ်တို့ ပညာရေးစနစ်၏ ရေရှည်ပြဿနာများကို တတ်စွမ်းသမျှ ဟန့်တားပေးရာ ရောက်ပေလိမ့်မည်။

No comments:

Post a Comment