အကြမ်းဖက် သွေးထွက်သံယိုနည်းလမ်းသုံးပြီး တော်လှန်တာဟာ အောင်မြင်နိုင်ခြေ အလွန်နည်းတယ်။ ဒီအချိန် ဗုံးတွေ ဆက်တိုက်ပေါက်နေလို့ အာဏာပိုင်တွေ ကြောက်လန့်နေကြပြီလို့ တချို့က ထင်ကောင်း ထင်မယ်။ သို့သော် မြန်မာနိုင်ငံထက် အဆမတန် ဆိုးရွားတဲ့ အာဖဂန်၊ အီရတ်၊ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်ဖြစ်စဉ် ဥပမာတွေကို လေ့လာကြည့်ရင် အသေခံဗုံးခွဲမှုတွေတောင် ကာလအတိုင်းအတာတစ်ခုမှာ ထိပ်ပိုင်းဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲလာအောင် မလုပ်ဆောင်နိုင်ဘူး။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့တုံ့ပြန်ရင် လူ့အဖွဲ့အစည်းဟာ ပိုပရမ်းပတာ အစိပ်စိပ်အမြွာမြွာဖြစ်လာတာပဲရှိမယ်။
Soe Myint Aung
Life and Thoughts
Tuesday, May 18, 2021
Friday, May 14, 2021
CRPH က ပြန်ချလို့ရတယ်ဆိုပြီး စာထုတ် မြှောက်ပေးကတည်းက စမှားတာပါ။ အခုဆို တစ်နိုင်ငံလုံး ပေါက်ကွဲမှုလေးတွေ နေရာပေါင်းစုံမှာ နေ့တိုင်းဖြစ်နေတယ်။ လူဆယ်ဂဏန်း၊ ရာဂဏန်းနဲ့ချီပြီး သေဆုံးဒဏ်ရာရတာမျိုး မရှိသေးပေမယ့် ခံရတဲ့လူအများစုက အရပ်သားတွေဖြစ်လာနေတယ်။ အစပိုင်းမှာ ဘယ်သူကမှ သူတို့လုပ်တာပါလို့ မကြေညာပေမယ့် အခုနောက်ပိုင်း စစ်တပ်ဆန့်ကျင်ရေး အဖွဲ့နှစ်ဖွဲ့လောက်က သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြောတာ သို့မဟုတ် အရိပ်အမြွက်ပြတာ ရှိလာတယ်။
Wednesday, May 12, 2021
မြန်မာ့စီးပွားရေးက stagflation ဖြစ်နေပြီ။ ငွေသားစီးဆင်းမှု နှေးကွေးနေတာမှာ လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့၊ သုံးစွဲဖို့ ငွေမလည်ပတ်နိုင်တာက အဓိကဖြစ်တယ်။ ဘဏ်ကြွေးမဆပ်နိုင်တာလည်း ပါတယ်။ တစ်ဦးချင်းစုဆောင်းငွေကို အားရပါးရ ငွေသားပြန်မထုတ်နိုင်တာက ဒီလောက်မဟုတ်ဘူး။ တစ်ဦးချင်းအနေနဲ့က ထုတ်လို့ရလည်း ပြန်သုံးမှာက အသေးသုံးဈေးဖိုးလောက်ပဲရှိမယ်။ ရွှေဝယ်မယ်၊ ဒေါ်လာဝယ်မယ်၊ မသုံးဘဲကိုင်ထားမယ်ဆိုရင် အဲဒါက မက်ခရိုစီးပွားရေး ရှင်သန်လည်ပတ်ဖို့ အထောက်အကူပြုမှာ မဟုတ်ဘူး။ ပြဿနာက ငွေသားရရှိမှု အကန့်အသတ်ရှိနေသေးသမျှ လူတွေရဲ့ ဘဏ်စနစ်အပေါ် မယုံကြည်မှု၊ စိတ်မချမှုကလည်း ရှိနေဦးမှာပဲ။ နိုင်ငံရေးအရလည်း အကျပ်အတည်းစတင်ချိန်မှာ ဘဏ်သပိတ်မှောက်ခိုင်းတဲ့ ရည်ရွယ်ချက်က အစိုးရကို ငွေပြတ်အောင်လုပ်ပြီး ဘဏ်တွေပြိုလဲအောင် လုပ်ချင်ကြတာမဟုတ်လား။ လက်ရှိအခြေအနေမှာတော့ တစ်ဦးချင်းအနေအထားမှာ ကိုယ့်ရှူးကိုယ်ပတ်ပြီး ကိုယ့်ပိုက်ဆံကိုယ် ထုတ်ရခက်သွားတယ်။ သင်္ကြန်ကာလအလွန် ငွေထုတ်ရ စခက်တုန်းက တိုင်းပြည်ပဲ မနက်ဖြန်သဘက် ပျက်တော့မလို၊ ပြည်တွင်းစစ်ပဲ ဖြစ်တော့မလို လှုံ့ဆော်ခဲ့ကြတာ ဘယ်အပိုင်းကလဲ။ ဗဟိုဘဏ်အနေနဲ့ကတော့ ဘဏ်အကျပ်အတည်းကနေ ကျော်လွန်ပြီး အခုလို စီးပွားရေး ရပ်တန့်ကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှုကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ဦးတည်စဉ်းစားလိမ့်မယ်ထင်ပါတယ်။ ဘဏ်တွေပြိုမပြိုထက် မက်ခရိုစီးပွားရေးရှုထောင့်ကနေ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စက်မှုစတဲ့ ကဏ္ဍစုံမှာ ဘယ်လိုနာလံထူအောင် လုပ်နိုင်မလဲဆိုတာ အဖြေရှာဖို့ ကြိုးစားပါလိမ့်မယ်။
Tuesday, May 11, 2021
ရက်တစ်ရာပြည့်ပြီးတဲ့အချိန်မှာ မြင်တာပြောရရင် အနိုင်အရှုံးက နစက ၈၀%၊ အဲန်ယူဂျီ ၂၀% ဖြစ်နေပါပြီ။ အမေရိကန်က အဲန်ယူဂျီကို ရိုဟင်ဂျာကိစ္စနဲ့ ဈေးကိုင်ပြီး အသိအမှတ်ပြုပေးမှုအတွက် အလျော်အစားတောင်းနေပေမယ့် အဲန်ယူဂျီက တကယ်ရောင်းမယ်ဆိုရင်တောင် လိုက်လာမယ့်သဘောမရှိပါဘူး။ ဗင်နီဇွဲလားက ဂေဒို လောက်တောင် အဲန်ယူဂျီအနေနဲ့ မအောင်မြင်တာ မြင်နေရပါပြီ။ အောင်လအန်ဆန်းတစ်ခါ ပြောသလို ဒီပွဲမှာ ကုလားကားလို အကြာကြီးထိုးမယ်ဆိုသလို ဖြစ်နေပေမယ့် ၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းတုန်းကလည်း ၉၁-၉၂ ခုနှစ်လောက်အထိ မငြိမ်သက်ခဲ့ပါဘူး။
Monday, May 10, 2021
"စစ်ကျွန်ပညာရေး" လို့ အော်နေကြတာတော့ မဟုတ်သေးဘူးနော်။
Sunday, May 9, 2021
NUG အကြောင်း မီဒီယာမှာ သတင်းရေးတဲ့အခါ shadow government, parallel government, government in exile (တွေ့ရ နည်းသေး) လို့သာ ရေးကြတယ်။ တရားဝင်အစိုးရရယ်လို့တော့ ဘယ်သူမှ မသုံးနှုန်းကြပါဘူး။
Saturday, May 8, 2021
လမ်းပေါ်မှာ လူနဲ့ ကား သွားလာနေတာက ကိုဗစ်မတိုင်ခင်က အနေအထားမျိုးဖြစ်နေပြီ။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ရှော့ပင်မောတွေမှာ ထိုင်စားသူ၊ ဈေးဝယ်သူတွေနဲ့ ပုံမှန်နီးပါး ပြန်စည်ကားနေပြီ။ တချို့ဆို ည (၉) နာရီအထိ ဖွင့်တယ်။ ရပ်ကွက်ထဲက စီးတီးမာ့တ်မှာကအစ ဘဏ်ကတ်နဲ့ ငွေချေလို့ ရနေပြီ။ မိုဘိုင်းဒေတာကို ပြန်ဖွင့်ပေးကတည်းက မိုဘိုင်းဘဏ်လုပ်ငန်းကတစ်ဆင့် ငွေလွှဲလို့ရပြီ။ ဘုရားတွေ ပြန်ဖွင့်ထားတာလည်း သွားတဲ့ ဘုရားဖူးတွေ ရှိနေတာပဲ။ ကြား မိသလောက် ဆေးရုံတွေလည်း အဆင််ပြေပါတယ်။ ဗဟိုဘဏ်က ထွက်အာမခံပေမယ့် ဘဏ်ကိစ္စ မပြီးပြတ်တာကလည်း ဘဏ်ဝန်ထမ်းသပိတ်ကြောင့်ထက် မငြိမ်သက်ရင် လုပ်စားကောင်းတဲ့ အပိုင်းကလည်း ရှိနေလို့ပါ။ ပညာရေးဝန်ထမ်းသပိတ်နဲ့ ကျောင်းမတက်ကြတာကတော့ အခုမှ ဇာတ်ရှိန်တက်လာတာမို့ ဘာဖြစ်မယ် မခန့်မှန်းတတ်ပါ။ တစ်ခုရှိတာက ကိုဗစ်တတိယလှိုင်းကလည်း ရိုက်ခတ်လာနိုင်ပါတယ်။ အဲဒီအခါ အိမ်တွင်းပုန်း ပြန်နေဖို့၊ လူမှုဘဝမှာ ခပ်ခွာခွာနေကြဖို့ အစိုးရက အမိန့် ပြန်ထုတ်ရရင် ဘာဖြစ်ကုန်နိုင်သလဲ မသိပါ။ အေတီအမ်ရှေ့ တန်းစီနေတာတွေပါ ပျောက်ကုန်ရမယ် ထင်ပါတယ်။ ကျောင်းတွေလည်း နှစ်ရှည်ပြန်ပိတ်ရနိုင်ပြီး ထပ်တင်းမာလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။