Facebook ဟာ လူတွေကို delusion ဖြစ်စေတယ်။ ဥပမာ၊ လူနှစ်ဆယ်သုံးဆယ်လောက် စီတန်းလှည့်လည်တဲ့ hit-and-run protests လောက်ကိုပဲ ရှုထောင့်နှစ်နေရာ သုံးနေရာလောက်က ဓာတ်ပုံရိုက်ပြပြီး တင်လိုက်ရင် ဆန္ဒပြပွဲကြီးလို့ ထင်မှတ်သွားစေတယ်။ အမည်ပေါင်းစုံပေးထားတဲ့ symbolic strikes တွေက ပိုလို့တောင် လှည့်စားဖို့ လွယ်သေးတယ်။ သူက စာရွက်လေး၊ ပန်းလေး၊ ဆေးရောင်စုံလေး၊ အရုပ်လေးတွေ လောက်ပဲ သုံးဖို့လိုတယ်။ Performance art ဆန်ဆန် ဆန္ဒပြမှုအားလုံး ဒီသဘောချည်းပါပဲ။
ကျင့်ဝတ်လိုက်နာမှုအားနည်းလာတဲ့ ပြည်ပအထောက်ပံ့ခံ ဘက်လိုက်မီဒီယာတွေက ကိုယ်ပြချင်တာကိုပဲ ရွေးချယ်ပြပြီး မြန်မာနိုင်ငံက မြေပြင်အခြေအနေကို မမြင်နိုင်မသိနိုင်တဲ့ Facebook သုံးစွဲသူတွေက ကိုယ်ယုံချင်တာ ယုံကြတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါကြောင့်လည်း အခုအချိန်ကို ပြည်သူတွေ အမိုက်မှောင်ကျတဲ့ခေတ်လို့ ခေါ်ချင်တာပါ။ စစ်တပ်က အာဏာသိမ်းလို့ အမှောင်ကျတာမျိုးမဟုတ်ဘဲ၊ လူတွေရဲ့ စဉ်းစားမြော်မြင်နိုင်စွမ်းတွေ မှေးမှိန်ဆုတ်ယုတ်သွားတဲ့ အမှောင်ခေတ်ဖြစ်ပါတယ်။
ပြဿနာက ဒီအရေးအခင်း စဖြစ်ကတည်းက တမင်ဖန်တီးထားမှန်း သိသာတဲ့ သတင်းမှားတွေ၊ ကောလာဟလတွေကို ဆိုက်ဝါးလုပ်တယ်ဆိုပြီး အများယောင်တိုင်း လိုက်ယောင်ကာ ဗုံးပေါလအော Share လုပ်ခဲ့ကြတာပဲ။ ပြီးတော့ အင်မတန်ဉာဏ်နည်းတဲ့ လူပြိန်းကြိုက် ဆယ်လီဘလော့ဂါတွေရဲ့ သုံးသပ်ချက်တွေကိုလည်း အဟုတ်အမှန်ထင်ပြီး Like ကြ၊ Share ကြပြန်တယ်။ အဖြစ်မှန်ကို သေချာစိစစ်ပြီး မျှမျတတ သုံးသပ်တဲ့အမြင်မျိုးကိုတော့ ဖောင်းထုတယ်၊ ဘေးထိုင်ဘုပြောတယ်လို့ပဲ သဘောထားပြီး လက်မခံခဲ့ကြဘူး။ ဒီလိုနဲ့ မြန်မာ့နိုင်ငံရေး debate တစ်ခုလုံးကို frame လုပ်တဲ့ပုံစံဟာ အစမကောင်းခဲ့ဘူး။ ဒါကြောင့် အနှောင်းလည်း သေချာမှာ မဟုတ်ပါဘူး။
နောက်တစ်ချက်ပြောချင်တာက တပ်က ထုတ်တဲ့ ကိန်းဂဏန်းနဲ့ စာရင်းဇယားတွေကို သေချာလေ့လာသင့်တယ်ဆိုတဲ့ အချက်ပါပဲ။ လုံးဝမှန်ချင်မှ မှန်မှာ ဖြစ်ပေမယ့် နိုင်ငံတိုင်းက တပ်မတော်တွေ၊ ကာကွယ်ရေးဝန်ကြီးဌာနတွေဟာ စစ်မက်ဖြစ်ပွားလာရင် ရန်သူအကျအဆုံး၊ မိမိအကျအဆုံးကို စနစ်တကျ မှတ်သားလေ့ရှိတယ်။ သူတို့အလောင်းမရတဲ့ ဆန္ဒပြသူတွေဘက်က သေဆုံးမှုမျိုးတွေကို မှတ်တမ်းမတင်နိုင်ပေမယ့် AAPP က ကိန်းဂဏန်းတွေကိုလည်း လုံးဝစိတ်ချယုံကြည်ရမယ်လို့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဘာမြင်မြင် ဘာကြည့်ကြည့် ကာလာမသုတ္တန်ကိုသာ နှလုံးသွင်းတယ်။
No comments:
Post a Comment