Tuesday, May 18, 2021

 အကြမ်းဖက် သွေးထွက်သံယိုနည်းလမ်းသုံးပြီး တော်လှန်တာဟာ အောင်မြင်နိုင်ခြေ အလွန်နည်းတယ်။ ဒီအချိန် ဗုံးတွေ ဆက်တိုက်ပေါက်နေလို့ အာဏာပိုင်တွေ ကြောက်လန့်နေကြပြီလို့ တချို့က ထင်ကောင်း ထင်မယ်။ သို့သော် မြန်မာနိုင်ငံထက် အဆမတန် ဆိုးရွားတဲ့ အာဖဂန်၊ အီရတ်၊ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်ဖြစ်စဉ် ဥပမာတွေကို လေ့လာကြည့်ရင် အသေခံဗုံးခွဲမှုတွေတောင် ကာလအတိုင်းအတာတစ်ခုမှာ ထိပ်ပိုင်းဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲလာအောင် မလုပ်ဆောင်နိုင်ဘူး။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့တုံ့ပြန်ရင် လူ့အဖွဲ့အစည်းဟာ ပိုပရမ်းပတာ အစိပ်စိပ်အမြွာမြွာဖြစ်လာတာပဲရှိမယ်။

နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးယန္တရားဆိုတာက သွေးထွက်သံယိုမှုကို တစ်စုတစ်စည်းထဲ နည်းလမ်းတကျလုပ်တတ်ဖို့ လေ့ကျင့်ထားရှိရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်။ ရဲ၊ စစ်တပ်၊ ထောက်လှမ်းရေးအပြင် အခြားသော နိုင်ငံရဲ့အင်္ဂါရပ်များဖြစ်တဲ့ တရားရုံး၊ အကျဉ်းထောင်၊ သံရေးတမန်ရေး အစရှိတဲ့ အဖွဲ့အစည်းတွေလည်းပါဝင်နေတယ်။
ဒါကြောင့် အနောက်နိုင်ငံတွေ မြှောက်ပေးခဲ့တဲ့ မြန်မာနိုင်ငံဟာ ချွတ်ခြုံကျနိုင်ငံဖြစ်လာနေပြီ၊ ပြည်တွင်းစစ်ဖြစ်တော့မယ်ဆိုတဲ့ ဇာတ်ကြောင်း၊ နှပ်ကြောင်းတွေဟာ မှားယွင်းပါတယ်။ အထူးသဖြင့် အသစ်ပေါ်လာတဲ့ စင်ပြိုင်အစိုးရရဲ့ လက်နက်ကိုင်တပ်ဖွဲ့အမျိုးမျိုးကို ထောက်ခံပံ့ပိုးပေးခြင်းဟာ ငါးကြင်းဆီနဲ့ ငါးကြင်းသားကြော်သလိုသာဖြစ်တယ်။ တစ်ဖက်မှာက အလုပ်တာဝန်သဘောအရ နှစ်ခုနစ်ဆယ်ကျော် တည်ရှိပြီး နိုင်ငံရဲ့ စစ်တပ်။ အခြားတစ်ဖက်မှာက မနေ့တစ်နေ့ကမှ မီးကျိုးမောင်းပျက်နဲ့ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တဲ့ ဘယ်သူစစ်ဦးစီးချုပ်မှန်းမသိ၊ အင်အားဘယ်လောက်ရှိမှန်းတောင်မသိတဲ့ သူပုန်တပ်ဖွဲ့လေးတွေ။
ကိုယ့်လူတွေ ပုန်ကန်ထကြွပြီး အားသာသလို ရှိနေချိန်မှာ ပြည်တွင်းစစ်ဆင်နွဲနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေလို မြှောက်ပေး။ အရေးနိမ့်ဆုတ်ခွာရချိန်ကျတော့ ဘာခြိမ်းခြောက်မှုမှမရှိဘဲ အတိုက်ခိုက်ခံနေရတဲ့ အရပ်သားတွေလို့သာ ပုံဖော်ဖို့ မဖြစ်နိုင်ပါဘူး။

Friday, May 14, 2021

 CRPH က ပြန်ချလို့ရတယ်ဆိုပြီး စာထုတ် မြှောက်ပေးကတည်းက စမှားတာပါ။ အခုဆို တစ်နိုင်ငံလုံး ပေါက်ကွဲမှုလေးတွေ နေရာပေါင်းစုံမှာ နေ့တိုင်းဖြစ်နေတယ်။ လူဆယ်ဂဏန်း၊ ရာဂဏန်းနဲ့ချီပြီး သေဆုံးဒဏ်ရာရတာမျိုး မရှိသေးပေမယ့် ခံရတဲ့လူအများစုက အရပ်သားတွေဖြစ်လာနေတယ်။ အစပိုင်းမှာ ဘယ်သူကမှ သူတို့လုပ်တာပါလို့ မကြေညာပေမယ့် အခုနောက်ပိုင်း စစ်တပ်ဆန့်ကျင်ရေး အဖွဲ့နှစ်ဖွဲ့လောက်က သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြောတာ သို့မဟုတ် အရိပ်အမြွက်ပြတာ ရှိလာတယ်။

ဗုံးပေါက်မှုကြောင့် လူတွေမသေရင်တောင် အကြီးအကျယ် ထိခိုက်ဒဏ်ရာရကြမယ်။ ပိုစိုးရိမ်ဖို့ကောင်းတာက လက်နက်ကိုင်ဆောင်မှု၊ လက်နက်နဲ့ ဗုံးကို အရပ်သားတွေက ကိုယ်တိုင် အိမ်မှာ သိမ်းကြ၊ လုပ်ကြ၊ အရပ်ထဲမှာ အရပ်သားအချင်းချင်း ပြန်သတ်ကြတဲ့ အလေ့အထ ဖြစ်ပေါ်လာမယ့်အချက်ဖြစ်တယ်။ ပြည်တွင်းပဋိပက္ခမှာပဲ ဒီလိုအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေကို လက်နက်နဲ့ နည်းလမ်းအဖြစ် ပြန်သုံးစွဲလာရင် နိုင်ငံဟာ အတွင်းထဲလှည့် ပြန်ပေါက်ကွဲ (implode) သလို ဖြစ်မှာပဲ။
နယ်ချဲ့ကို ရရာလက်နက် စွဲကိုင်တော်လှန်တယ်ဆိုတာက နယ်ချဲ့က သူ့နိုင်ငံ သူပြန်ပြေးဖို့ရှိတယ်။ ပြည်တွင်းစစ်ဆိုတာက ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး ဒီနိုင်ငံ၊ ဒီနယ်နမိတ်တွင်းမှာပဲ ကျန်နေကြရမှာဖြစ်တယ်။ နိုင်သူ၊ ရှုံးသူ ဘယ်သူမှ မအေးချမ်းနိုင်တဲ့အပြင် နိုင်လည်း အကြမ်းဖက်မှုပါ၊ ရှုံးလည်း အကြမ်းဖက်မှုပါနေတဲ့အတွက် တိုင်းပြည်နဲ့ လူ့ဘောင်အတွက် ရလဒ်ကောင်း ထွက်လာမှာ မဟုတ်ဘူး။
အလုပ်တာဝန်အရ လက်နက်တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကြီးတွေတောင် မိမိတပ်ဖွဲ့ဝင်တွေ လက်နက်အားကိုးနဲ့ မရမ်းကား မသောင်းကျန်းအောင် စည်းမျဉ်းဥပဒေတွေနဲ့ မနည်းထိမ်းထားရတာဖြစ်တယ်။ အရပ်သားကို မိမိကိုယ်ကို ခုခံကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကိုင်ခွင့်ပေးလိုက်မယ်ဆိုရင် အမေရိကန်လို နိုင်ငံတောင် အများပြည်သူနေရာတွေမှာ ပစ်ခတ်သတ်ဖြတ်မှုတွေဖြစ်တာကို မထိန်းနိုင်တာ အထင်အရှားပဲ။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အနောက်တိုင်းပညာရှင်တစ်ဦးက failed state narrative ဟာ နောက်ဆုံးမှာ စစ်တပ်လိုချင်တဲ့ ပုံစံကိုသာ ရှေးရှုသွားမယ်လို့ ရေးသွားတာဖြစ်တယ်။ ပရမ်းပတာဖြစ်နေတဲ့ လူ့ဘောင်နဲ့ နိုင်ငံကို အလုပ်တာဝန်အရ နေရာတကျ တည်ငြိမ်အောင် ပြန်လုပ်နိုင်မှာကလည်း စစ်တပ်ပဲရှိတာကိုး။ သံဃာကလည်း ဒီတစ်ကြိမ်မှာ နိုင်ငံရေးထဲ သိပ်ဝင်မပါတော့တာ ထူးခြားချက်ဖြစ်တယ်။ သူကလည်း ထိန်းပေးဖို့ စောင့်နေတဲ့ သဘောဖြစ်တယ်။
အနောက်နိုင်ငံကြီးတွေရဲ့ failed state နဲ့ civil war နှပ်ကြောင်းပေး ဇာတ်ညွှန်းကို လိုက်ကခဲ့သူတွေကိုတော့ ဉာဏ်အတော်နည်း၊ အမြော်အမြင် အတော်နည်းတယ်လို့ အထင်သေးမိတယ်။ နောက်ပြီး မီးကျိုးမောင်းပျက်၊ လက်လုပ်ဗုံး သေနတ်တွေလောက်နဲ့ပဲ လုပ်တာပါလို့ ဆင်ခြေမပေးသင့်ပါဘူး။ ရဝမ်ဒါ ဂျီနိုဆိုဒ်တုန်းကလည်း အချင်းချင်း ဓားမတွေနဲ့ပဲ ခုတ်သတ်ကြတယ်ဆိုတာ မကြားဖူးဘူးလား။

Wednesday, May 12, 2021

 မြန်မာ့စီးပွားရေးက stagflation ဖြစ်နေပြီ။ ငွေသားစီးဆင်းမှု နှေးကွေးနေတာမှာ လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့၊ သုံးစွဲဖို့ ငွေမလည်ပတ်နိုင်တာက အဓိကဖြစ်တယ်။ ဘဏ်ကြွေးမဆပ်နိုင်တာလည်း ပါတယ်။ တစ်ဦးချင်းစုဆောင်းငွေကို အားရပါးရ ငွေသားပြန်မထုတ်နိုင်တာက ဒီလောက်မဟုတ်ဘူး။ တစ်ဦးချင်းအနေနဲ့က ထုတ်လို့ရလည်း ပြန်သုံးမှာက အသေးသုံးဈေးဖိုးလောက်ပဲရှိမယ်။ ရွှေဝယ်မယ်၊ ဒေါ်လာဝယ်မယ်၊ မသုံးဘဲကိုင်ထားမယ်ဆိုရင် အဲဒါက မက်ခရိုစီးပွားရေး ရှင်သန်လည်ပတ်ဖို့ အထောက်အကူပြုမှာ မဟုတ်ဘူး။ ပြဿနာက ငွေသားရရှိမှု အကန့်အသတ်ရှိနေသေးသမျှ လူတွေရဲ့ ဘဏ်စနစ်အပေါ် မယုံကြည်မှု၊ စိတ်မချမှုကလည်း ရှိနေဦးမှာပဲ။ နိုင်ငံရေးအရလည်း အကျပ်အတည်းစတင်ချိန်မှာ ဘဏ်သပိတ်မှောက်ခိုင်းတဲ့ ရည်ရွယ်ချက်က အစိုးရကို ငွေပြတ်အောင်လုပ်ပြီး ဘဏ်တွေပြိုလဲအောင် လုပ်ချင်ကြတာမဟုတ်လား။ လက်ရှိအခြေအနေမှာတော့ တစ်ဦးချင်းအနေအထားမှာ ကိုယ့်ရှူးကိုယ်ပတ်ပြီး ကိုယ့်ပိုက်ဆံကိုယ် ထုတ်ရခက်သွားတယ်။ သင်္ကြန်ကာလအလွန် ငွေထုတ်ရ စခက်တုန်းက တိုင်းပြည်ပဲ မနက်ဖြန်သဘက် ပျက်တော့မလို၊ ပြည်တွင်းစစ်ပဲ ဖြစ်တော့မလို လှုံ့ဆော်ခဲ့ကြတာ ဘယ်အပိုင်းကလဲ။ ဗဟိုဘဏ်အနေနဲ့က‌တော့ ဘဏ်အကျပ်အတည်းကနေ ‌ကျော်လွန်ပြီး အခုလို စီးပွားရေး ရပ်တန့်ကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှုကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ဦးတည်စဉ်းစားလိမ့်မယ်ထင်ပါတယ်။ ဘဏ်‌တွေပြိုမပြိုထက် မက်ခရိုစီးပွား‌ရေးရှု‌ထောင့်က‌နေ ကုန်သွယ်‌ရေး၊ ဘဏ္ဍာ‌ရေး၊ စက်မှုစတဲ့ ကဏ္ဍစုံမှာ ဘယ်လိုနာလံထူအောင် လုပ်နိုင်မလဲဆိုတာ အဖြေရှာဖို့ ကြိုးစားပါလိမ့်မယ်။

Hla Thaingi, Phyo Theint Thiri Thwe and 11 others

Tuesday, May 11, 2021

 ရက်တစ်ရာပြည့်ပြီးတဲ့အချိန်မှာ မြင်တာပြောရရင် အနိုင်အရှုံးက နစက ၈၀%၊ အဲန်ယူဂျီ ၂၀% ဖြစ်နေပါပြီ။ အမေရိကန်က အဲန်ယူဂျီကို ရိုဟင်ဂျာကိစ္စနဲ့ ဈေးကိုင်ပြီး အသိအမှတ်ပြုပေးမှုအတွက် အလျော်အစားတောင်းနေပေမယ့် အဲန်ယူဂျီက တကယ်ရောင်းမယ်ဆိုရင်တောင် လိုက်လာမယ့်သဘောမရှိပါဘူး။ ဗင်နီဇွဲလားက ဂေဒို လောက်တောင် အဲန်ယူဂျီအနေနဲ့ မအောင်မြင်တာ မြင်နေရပါပြီ။ အောင်လအန်ဆန်းတစ်ခါ ပြောသလို ဒီပွဲမှာ ကုလားကားလို အကြာကြီးထိုးမယ်ဆိုသလို ဖြစ်နေပေမယ့် ၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းတုန်းကလည်း ၉၁-၉၂ ခုနှစ်လောက်အထိ မငြိမ်သက်ခဲ့ပါဘူး။

Monday, May 10, 2021

 "စစ်ကျွန်ပညာရေး" လို့ အော်နေကြတာတော့ မဟုတ်သေးဘူးနော်။

ခင်ဗျားတို့ပြောနေတဲ့ ဆရာတွေ၊ ပညာတတ်တွေ၊ သက်မွေးပညာရှင်တွေထဲ ၁၉၆၂ ခုနှစ်နောက် ဒီနိုင်ငံမှာ အခြေခံပညာနဲ့ ဘွဲ့ကြို၊ ဘွဲ့လွန် ဘာတစ်ခုမှ မယူခဲ့ဖူးသူ၊ ဘယ်တစ်ပိုင်းမှ မသင်ခဲ့ဖူးသူရှိသလား။
ဒီနိုင်ငံက အခမဲ့နီးပါး သင်ပေးလိုက်တဲ့ပညာတွေနဲ့ ပြည်တွင်းမှာ အသက်မွေးနိုင်၊ ပြည်ပမှာ ကြီးပွားနိုင်တဲ့ အနေအထားတစ်ခုကို ရောက်နေပြီးမှ "စစ်ကျွန်ပညာရေး" လို့ အော်နေတာတော့ ဉာဏ်နည်းရာ ရောက်လွန်းတယ်။
နောက်တစ်ချက်က ကိုယ့်ဘာသာကိုယ် "စစ်ကျွန်ပညာရေး" မကလို့ စစ်သားပေါက်ပညာရေး ပဲအော်အော်၊ ကလေးသူငယ်တွေကိုတော့ မှိုင်းမတိုက်နဲ့။ ဒါက နိုင်ငံဆီက သူတို့ ရရမယ့် အခွင့်အရေး။ ဒါကြောင့် အခြေခံပညာမှာ မသင်မနေရ ပညာရေးဆိုပြီး သတ်မှတ်ကြတာ။
နိုင်ငံရေး ရွေးကောက်ပွဲမှာလို မဲပေးခွင့်လည်းရှိတယ်၊ မဲမပေးခွင့်လည်းရှိတယ်ဆိုပြီး လုပ်ကောင်းတဲ့အရာ မဟုတ်ဘူး။

Sunday, May 9, 2021

 NUG အကြောင်း မီဒီယာမှာ သတင်းရေးတဲ့အခါ shadow government, parallel government, government in exile (တွေ့ရ နည်းသေး) လို့သာ ရေးကြတယ်။ တရားဝင်အစိုးရရယ်လို့တော့ ဘယ်သူမှ မသုံးနှုန်းကြပါဘူး။

နစက သတင်းတွေမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက NUG မှာမရှိတဲ့ ဝန်ကြီးဌာနက အရပ်သားဝန်ကြီးအများစုကို နေရာပေါင်းစုံ လျှောက်သွားပြီး ဝန်ထမ်းတွေနဲ့ တွေ့ခိုင်း၊ လုပ်ငန်းခွင် စစ်ဆေးခိုင်းတာဖြစ်တယ်။ နစက အုပ်ချုပ်လို့ ရမရတော့မသိဘူး။ နိုင်ငံအနှံ့ သွားအုပ်ချုပ်နေတာတော့ မြင်နေရတယ်ပေါ့။
NUG ဝန်ကြီးဌာနတွေကတော့ စိတ်ကြိုက် logo ရောင်စုံလှလှလေးတွေ ထွင်ပြီး ပျော်နေကြပုံပါပဲ။ အခု ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေကလည်း တစ်ဖွဲ့ကို ပုံတစ်မျိုးနဲ့ ထွက်လာကြတယ်။ ဒီနေ့လည်း BNA ဗမာကိုယ်စားပြုတပ်ဆိုပြီး တွေ့ပြန်ပြီ။ ပါတီတွေ၊ သမဂ္ဂတွေ၊ ပအဖတွေပြီးတော့ လက်နက်ကိုင်တပ်တွေ ဖောင်းပွတဲ့အလှည့် ထင်ပါရဲ့။

Saturday, May 8, 2021

 လမ်းပေါ်မှာ လူနဲ့ ကား သွားလာနေတာက ကိုဗစ်မတိုင်ခင်က အ‌နေအထားမျိုးဖြစ်နေပြီ။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ရှော့ပင်မောတွေမှာ ထိုင်စားသူ၊ ဈေးဝယ်‌သူတွေနဲ့ ပုံမှန်နီးပါး ပြန်စည်ကားနေပြီ။ တချို့ဆို ည (၉) နာရီအထိ ဖွင့်တယ်။ ရပ်ကွက်ထဲက စီးတီးမာ့တ်မှာကအစ ဘဏ်ကတ်နဲ့ ငွေချေလို့ ရနေပြီ။ မိုဘိုင်းဒေတာကို ပြန်ဖွင့်ပေးကတည်းက မိုဘိုင်းဘဏ်လုပ်ငန်းကတစ်ဆင့် ငွေလွှဲလို့ရပြီ။ ဘုရားတွေ ပြန်ဖွင့်ထားတာလည်း သွားတဲ့ ဘုရားဖူးတွေ ရှိနေတာပဲ။ ကြား မိသ‌လောက် ဆေးရုံတွေလည်း အဆင််ပြေပါတယ်။ ဗဟိုဘဏ်က ထွက်အာမခံပေမယ့် ဘဏ်ကိစ္စ မပြီးပြတ်တာကလည်း ဘဏ်ဝန်ထမ်းသပိတ်ကြောင့်ထက် မငြိမ်သက်ရင် လုပ်စားကောင်းတဲ့ အပိုင်းကလည်း ရှိနေလို့ပါ။ ပညာရေးဝန်ထမ်းသပိတ်နဲ့ ကျောင်းမတက်ကြတာကတော့ အခုမှ ဇာတ်ရှိန်တက်လာတာမို့ ဘာဖြစ်မယ် မခန့်မှန်းတတ်ပါ။ တစ်ခုရှိတာက ကိုဗစ်တတိယလှိုင်းကလည်း ရိုက်ခတ်လာနိုင်ပါတယ်။ အဲဒီအခါ အိမ်တွင်းပုန်း ပြန်နေဖို့၊ လူမှုဘဝမှာ ခပ်ခွာခွာနေကြဖို့ အစိုးရက အမိန့် ပြန်ထုတ်ရရင် ဘာဖြစ်ကုန်နိုင်သလဲ မသိပါ။ အေတီအမ်ရှေ့ တန်းစီနေတာတွေပါ ပျောက်ကုန်ရမယ် ထင်ပါတယ်။ ကျောင်းတွေလည်း နှစ်ရှည်ပြန်ပိတ်ရနိုင်ပြီး ထပ်တင်းမာလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Friday, May 7, 2021

 တက္ကသိုလ်တွေမှာ တာဝန်မှ ယာယီရပ်ဆိုင်းခံရသော ထောင်နဲ့ချီတဲ့ ဆရာဆရာများရဲ့စာရင်းကို ကြည့်လိုက်ရင် "ဒေါက်တာ" တွေချည်း တန်းစီနေတာကို တွေ့လိမ့်မယ်။ အဲဒီလို ပါရဂူဘွဲ့ရ ဒေါက်တာတွေ ဌာနတိုင်းမှာ အများကြီးဖြစ်လာအောင် လုပ်ခိုင်းခဲ့တာ နဝတ စစ်အစိုးရလက်ထက်မှာဖြစ်တယ်။ အရင်တစ်ခေတ်ကဆိုရင် ဒေါက်တာဘွဲ့မပြောနဲ့၊ မာစတာဖြစ်ဖို့တောင် နှစ်ကြာပြီး မသေချာဘူး။ အမေရိကန်၊ အင်္ဂလန်အထိ သွားပြီး ပညာသင်ရတဲ့သူလည်း နည်းတယ်။ "စစ်ကျွန်ပညာရေး" လို့ ခေါ်နေကြတဲ့ပညာရေးစနစ်ကို "ဒေါက်တာ" ဆိုတဲ့ပုဂ္ဂိုလ်တွေ အများကြီးတန်းစီပါနေတဲ့ စာရင်းတွေနဲ့ တွဲမြင်နေရတာကလည်း သမိုင်းရဲ့ သရော်မှု irony ဖြစ်တယ်။

 Facebook ဟာ လူတွေကို delusion ဖြစ်စေတယ်။ ဥပမာ၊ လူနှစ်ဆယ်သုံးဆယ်လောက် စီတန်းလှည့်လည်တဲ့ hit-and-run protests လောက်ကိုပဲ ရှုထောင့်နှစ်နေရာ သုံးနေရာလောက်က ဓာတ်ပုံရိုက်ပြပြီး တင်လိုက်ရင် ဆန္ဒပြပွဲကြီးလို့ ထင်မှတ်သွားစေတယ်။ အမည်ပေါင်းစုံပေးထားတဲ့ symbolic strikes တွေက ပိုလို့တောင် လှည့်စားဖို့ လွယ်သေးတယ်။ သူက စာရွက်လေး၊ ပန်းလေး၊ ဆေးရောင်စုံလေး၊ အရုပ်လေးတွေ လောက်ပဲ သုံးဖို့လိုတယ်။ Performance art ဆန်ဆန် ဆန္ဒပြမှုအားလုံး ဒီသဘောချည်းပါပဲ။

ကျင့်ဝတ်လိုက်နာမှုအားနည်းလာတဲ့ ပြည်ပအထောက်ပံ့ခံ ဘက်လိုက်မီဒီယာတွေက ကိုယ်ပြချင်တာကိုပဲ ရွေးချယ်ပြပြီး မြန်မာနိုင်ငံက မြေပြင်အခြေအနေကို မမြင်နိုင်မသိနိုင်တဲ့ Facebook သုံးစွဲသူတွေက ကိုယ်ယုံချင်တာ ယုံကြတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါကြောင့်လည်း အခုအချိန်ကို ပြည်သူတွေ အမိုက်မှောင်ကျတဲ့ခေတ်လို့ ခေါ်ချင်တာပါ။ စစ်တပ်က အာဏာသိမ်းလို့ အမှောင်ကျတာမျိုးမဟုတ်ဘဲ၊ လူတွေရဲ့ စဉ်းစားမြော်မြင်နိုင်စွမ်းတွေ မှေးမှိန်ဆုတ်ယုတ်သွားတဲ့ အမှောင်ခေတ်ဖြစ်ပါတယ်။
ပြဿနာက ဒီအရေးအခင်း စဖြစ်ကတည်းက တမင်ဖန်တီးထားမှန်း သိသာတဲ့ သတင်းမှားတွေ၊ ကောလာဟလတွေကို ဆိုက်ဝါးလုပ်တယ်ဆိုပြီး အများယောင်တိုင်း လိုက်ယောင်ကာ ဗုံးပေါလအော Share လုပ်ခဲ့ကြတာပဲ။ ပြီးတော့ အင်မတန်ဉာဏ်နည်းတဲ့ လူပြိန်းကြိုက် ဆယ်လီဘလော့ဂါတွေရဲ့ သုံးသပ်ချက်တွေကိုလည်း အဟုတ်အမှန်ထင်ပြီး Like ကြ၊ Share ကြပြန်တယ်။ အဖြစ်မှန်ကို သေချာစိစစ်ပြီး မျှမျတတ သုံးသပ်တဲ့အမြင်မျိုးကိုတော့ ဖောင်းထုတယ်၊ ဘေးထိုင်ဘုပြောတယ်လို့ပဲ သဘောထားပြီး လက်မခံခဲ့ကြဘူး။ ဒီလိုနဲ့ မြန်မာ့နိုင်ငံရေး debate တစ်ခုလုံးကို frame လုပ်တဲ့ပုံစံဟာ အစမကောင်းခဲ့ဘူး။ ဒါကြောင့် အနှောင်းလည်း သေချာမှာ မဟုတ်ပါဘူး။
နောက်တစ်ချက်ပြောချင်တာက တပ်က ထုတ်တဲ့ ကိန်းဂဏန်းနဲ့ စာရင်းဇယားတွေကို သေချာလေ့လာသင့်တယ်ဆိုတဲ့ အချက်ပါပဲ။ လုံးဝမှန်ချင်မှ မှန်မှာ ဖြစ်ပေမယ့် နိုင်ငံတိုင်းက တပ်မတော်တွေ၊ ကာကွယ်ရေးဝန်ကြီးဌာနတွေဟာ စစ်မက်ဖြစ်ပွားလာရင် ရန်သူအကျအဆုံး၊ မိမိအကျအဆုံးကို စနစ်တကျ မှတ်သားလေ့ရှိတယ်။ သူတို့အလောင်းမရတဲ့ ဆန္ဒပြသူတွေဘက်က သေဆုံးမှုမျိုး‌တွေကို မှတ်တမ်းမတင်နိုင်ပေမယ့် AAPP က ကိန်းဂဏန်းတွေကိုလည်း လုံးဝစိတ်ချယုံကြည်ရမယ်လို့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဘာမြင်မြင် ဘာကြည့်ကြည့် ကာလာမသုတ္တန်ကိုသာ နှလုံးသွင်းတယ်။

Thursday, May 6, 2021

 အရေးတော်ပုံအောင်မအောင်တော့ မသိဘူး၊ လမ်းပေါ် တစ်ခါမှ လူလုံးထွက်မပြဘဲ မြှောက်ပေးခဲ့သူတွေကတော့ အနောက်နိုင်ငံတွေ ရောက်လိုရောက်၊ နိုင်ငံခြားသံရုံးတွေထဲ ရောက်လိုရောက်၊ လွတ်မြောက်နယ်မြေ ရောက်လိုရောက်နဲ့ သူတို့ချွေးတစ်စက် သွေးတစ်စက်မကျ လိုင်းပေါ်က အုပ်ချုပ်နေကြပြီ။ ပြင်သစ်က အေဖယ်မျော်စင်ကို သူပိုင်တယ်ဆိုပြီး ခပ်တည်တည်နဲ့ ရောင်းစားသွားတဲ့ဖြစ်ရပ်ကို အမှတ်ရမိတယ်။

Wednesday, May 5, 2021

 နိုင်ငံတစ်နိုင်ငံရဲ့ ပင်မစစ်တပ်အဖွဲ့အစည်းကို ရန်သူလုပ်ပြီး လက်နက်ကိုင်တော်လှန်တဲ့အခါ အဲဒီစစ်တပ်ကို ဖယ်ရှားနိုင်တဲ့အခြေအနေဟာ အခြေခံအားဖြင့် နှစ်မျိုးပဲရှိတယ်။ တပ်တွင်း ပြိုကွဲရင်ကွဲ၊ မကွဲရင် ပြည်ပကျူးကျော်စစ်မှာ ရှုံးမှပဲရမယ်။ ပြည်ပစွက်ဖက်မှုမပါတဲ့ ပြည်တွင်းစစ်မှာ နိုင်ငံစစ်တပ်ဟာ ရှုံးဖို့ အခွင့်အလမ်း အင်မတန် နည်းတယ်။ ရှုံးသွားရင်ရော ဘာဖြစ်မလဲ။ အဲဒီနည်းနဲ့ တော်လှန်ရေးအောင်မြင်မှုဟာလည်း သွေးထွက်သံယို အကြမ်းဖက်မှုကို အသုံးပြုပြီး အနိုင်ရတာပဲဖြစ်လို့ နိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး၊ မိမိကြမ္မာမိမိဖန်တီးနိုင်ရေးအတွက် ဆိုးကျိုးတွေအများကြီး ကျန်ရစ်ခဲ့စေမှာဖြစ်တယ်။ ဓမ္မ၊ အဓမ္မဘယ်လောက်ပင် ခွဲခြားကြွေးကြော်ထားပါစေ၊ အင်အားသာလျှင်အမှန်တရားဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို စွဲမှတ်ယုံကြည်ဖို့ပဲ ဖြစ်သွားမယ်။ ယခုတိုင်းရင်းသားအများစုမှာ ဖြစ်ပေါ်နေတဲ့ တို့မှာ လက်နက်မရှိရင် မြန်မာစစ်တပ်က စကားပြောမှာမဟုတ်ဘူးဆိုတဲ့ အတွေးအခေါ်ဟာ ဗမာအချင်းချင်း ဆက်ဆံရာမှာလည်း စွဲပါလာရင် ငြိမ်းချမ်းရေးဆိုတာ ဆွေးနွေးညှိနှိုင်းလုပ်ဆောင်မှုရဲ့ ရလဒ်ဆိုတာ သဘောပေါက်ကြမှာ မဟုတ်တော့ဘူး။ ပြည်ပနိုင်ငံတွေ၊ အုပ်စုတွေရဲ့ အကူအညီနဲ့ ဖြေရှင်းကြတဲ့အခါ သူတို့က တောင်းလာမယ့် အလျော်အစားဟာ သိပ်ကြီးတယ်။ စင်ပြိုင်အစိုးရနဲ့ပြည်သူတွေကိုယ်တိုင် လောလောဆယ် သွေးပူနေချိန်၊ အမိုက်မှောင်လွှမ်းနေချိန်မှာ အကုန်ထိုးကျွေးချင်နေပေမယ့် နောင်တစ်ချိန်မှာ သမိုင်းမှာ ဝမ်းနည်းနောင်တရစရာ လိုက်လျောမှုတွေသာ ဖြစ်လာမှာဖြစ်တယ်။ မနေ့က အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ ဦးကျော်မိုးထွန်းကို မြန်မာတွေက ချီးမွမ်းထောပနာပြုနေကြပေမယ့် အမေရိကန်တွေ မြန်မာဆီက ဘာလိုချင်တယ်ဆိုတာ အထင်းသား ပေါ်လွင်ခဲ့တာပါပဲ။