အကြမ်းဖက် သွေးထွက်သံယိုနည်းလမ်းသုံးပြီး တော်လှန်တာဟာ အောင်မြင်နိုင်ခြေ အလွန်နည်းတယ်။ ဒီအချိန် ဗုံးတွေ ဆက်တိုက်ပေါက်နေလို့ အာဏာပိုင်တွေ ကြောက်လန့်နေကြပြီလို့ တချို့က ထင်ကောင်း ထင်မယ်။ သို့သော် မြန်မာနိုင်ငံထက် အဆမတန် ဆိုးရွားတဲ့ အာဖဂန်၊ အီရတ်၊ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်ဖြစ်စဉ် ဥပမာတွေကို လေ့လာကြည့်ရင် အသေခံဗုံးခွဲမှုတွေတောင် ကာလအတိုင်းအတာတစ်ခုမှာ ထိပ်ပိုင်းဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲလာအောင် မလုပ်ဆောင်နိုင်ဘူး။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့တုံ့ပြန်ရင် လူ့အဖွဲ့အစည်းဟာ ပိုပရမ်းပတာ အစိပ်စိပ်အမြွာမြွာဖြစ်လာတာပဲရှိမယ်။
Tuesday, May 18, 2021
Friday, May 14, 2021
CRPH က ပြန်ချလို့ရတယ်ဆိုပြီး စာထုတ် မြှောက်ပေးကတည်းက စမှားတာပါ။ အခုဆို တစ်နိုင်ငံလုံး ပေါက်ကွဲမှုလေးတွေ နေရာပေါင်းစုံမှာ နေ့တိုင်းဖြစ်နေတယ်။ လူဆယ်ဂဏန်း၊ ရာဂဏန်းနဲ့ချီပြီး သေဆုံးဒဏ်ရာရတာမျိုး မရှိသေးပေမယ့် ခံရတဲ့လူအများစုက အရပ်သားတွေဖြစ်လာနေတယ်။ အစပိုင်းမှာ ဘယ်သူကမှ သူတို့လုပ်တာပါလို့ မကြေညာပေမယ့် အခုနောက်ပိုင်း စစ်တပ်ဆန့်ကျင်ရေး အဖွဲ့နှစ်ဖွဲ့လောက်က သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြောတာ သို့မဟုတ် အရိပ်အမြွက်ပြတာ ရှိလာတယ်။
Wednesday, May 12, 2021
မြန်မာ့စီးပွားရေးက stagflation ဖြစ်နေပြီ။ ငွေသားစီးဆင်းမှု နှေးကွေးနေတာမှာ လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့၊ သုံးစွဲဖို့ ငွေမလည်ပတ်နိုင်တာက အဓိကဖြစ်တယ်။ ဘဏ်ကြွေးမဆပ်နိုင်တာလည်း ပါတယ်။ တစ်ဦးချင်းစုဆောင်းငွေကို အားရပါးရ ငွေသားပြန်မထုတ်နိုင်တာက ဒီလောက်မဟုတ်ဘူး။ တစ်ဦးချင်းအနေနဲ့က ထုတ်လို့ရလည်း ပြန်သုံးမှာက အသေးသုံးဈေးဖိုးလောက်ပဲရှိမယ်။ ရွှေဝယ်မယ်၊ ဒေါ်လာဝယ်မယ်၊ မသုံးဘဲကိုင်ထားမယ်ဆိုရင် အဲဒါက မက်ခရိုစီးပွားရေး ရှင်သန်လည်ပတ်ဖို့ အထောက်အကူပြုမှာ မဟုတ်ဘူး။ ပြဿနာက ငွေသားရရှိမှု အကန့်အသတ်ရှိနေသေးသမျှ လူတွေရဲ့ ဘဏ်စနစ်အပေါ် မယုံကြည်မှု၊ စိတ်မချမှုကလည်း ရှိနေဦးမှာပဲ။ နိုင်ငံရေးအရလည်း အကျပ်အတည်းစတင်ချိန်မှာ ဘဏ်သပိတ်မှောက်ခိုင်းတဲ့ ရည်ရွယ်ချက်က အစိုးရကို ငွေပြတ်အောင်လုပ်ပြီး ဘဏ်တွေပြိုလဲအောင် လုပ်ချင်ကြတာမဟုတ်လား။ လက်ရှိအခြေအနေမှာတော့ တစ်ဦးချင်းအနေအထားမှာ ကိုယ့်ရှူးကိုယ်ပတ်ပြီး ကိုယ့်ပိုက်ဆံကိုယ် ထုတ်ရခက်သွားတယ်။ သင်္ကြန်ကာလအလွန် ငွေထုတ်ရ စခက်တုန်းက တိုင်းပြည်ပဲ မနက်ဖြန်သဘက် ပျက်တော့မလို၊ ပြည်တွင်းစစ်ပဲ ဖြစ်တော့မလို လှုံ့ဆော်ခဲ့ကြတာ ဘယ်အပိုင်းကလဲ။ ဗဟိုဘဏ်အနေနဲ့ကတော့ ဘဏ်အကျပ်အတည်းကနေ ကျော်လွန်ပြီး အခုလို စီးပွားရေး ရပ်တန့်ကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှုကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ဦးတည်စဉ်းစားလိမ့်မယ်ထင်ပါတယ်။ ဘဏ်တွေပြိုမပြိုထက် မက်ခရိုစီးပွားရေးရှုထောင့်ကနေ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စက်မှုစတဲ့ ကဏ္ဍစုံမှာ ဘယ်လိုနာလံထူအောင် လုပ်နိုင်မလဲဆိုတာ အဖြေရှာဖို့ ကြိုးစားပါလိမ့်မယ်။
Tuesday, May 11, 2021
ရက်တစ်ရာပြည့်ပြီးတဲ့အချိန်မှာ မြင်တာပြောရရင် အနိုင်အရှုံးက နစက ၈၀%၊ အဲန်ယူဂျီ ၂၀% ဖြစ်နေပါပြီ။ အမေရိကန်က အဲန်ယူဂျီကို ရိုဟင်ဂျာကိစ္စနဲ့ ဈေးကိုင်ပြီး အသိအမှတ်ပြုပေးမှုအတွက် အလျော်အစားတောင်းနေပေမယ့် အဲန်ယူဂျီက တကယ်ရောင်းမယ်ဆိုရင်တောင် လိုက်လာမယ့်သဘောမရှိပါဘူး။ ဗင်နီဇွဲလားက ဂေဒို လောက်တောင် အဲန်ယူဂျီအနေနဲ့ မအောင်မြင်တာ မြင်နေရပါပြီ။ အောင်လအန်ဆန်းတစ်ခါ ပြောသလို ဒီပွဲမှာ ကုလားကားလို အကြာကြီးထိုးမယ်ဆိုသလို ဖြစ်နေပေမယ့် ၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းတုန်းကလည်း ၉၁-၉၂ ခုနှစ်လောက်အထိ မငြိမ်သက်ခဲ့ပါဘူး။
Monday, May 10, 2021
"စစ်ကျွန်ပညာရေး" လို့ အော်နေကြတာတော့ မဟုတ်သေးဘူးနော်။
Sunday, May 9, 2021
NUG အကြောင်း မီဒီယာမှာ သတင်းရေးတဲ့အခါ shadow government, parallel government, government in exile (တွေ့ရ နည်းသေး) လို့သာ ရေးကြတယ်။ တရားဝင်အစိုးရရယ်လို့တော့ ဘယ်သူမှ မသုံးနှုန်းကြပါဘူး။
Saturday, May 8, 2021
လမ်းပေါ်မှာ လူနဲ့ ကား သွားလာနေတာက ကိုဗစ်မတိုင်ခင်က အနေအထားမျိုးဖြစ်နေပြီ။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ရှော့ပင်မောတွေမှာ ထိုင်စားသူ၊ ဈေးဝယ်သူတွေနဲ့ ပုံမှန်နီးပါး ပြန်စည်ကားနေပြီ။ တချို့ဆို ည (၉) နာရီအထိ ဖွင့်တယ်။ ရပ်ကွက်ထဲက စီးတီးမာ့တ်မှာကအစ ဘဏ်ကတ်နဲ့ ငွေချေလို့ ရနေပြီ။ မိုဘိုင်းဒေတာကို ပြန်ဖွင့်ပေးကတည်းက မိုဘိုင်းဘဏ်လုပ်ငန်းကတစ်ဆင့် ငွေလွှဲလို့ရပြီ။ ဘုရားတွေ ပြန်ဖွင့်ထားတာလည်း သွားတဲ့ ဘုရားဖူးတွေ ရှိနေတာပဲ။ ကြား မိသလောက် ဆေးရုံတွေလည်း အဆင််ပြေပါတယ်။ ဗဟိုဘဏ်က ထွက်အာမခံပေမယ့် ဘဏ်ကိစ္စ မပြီးပြတ်တာကလည်း ဘဏ်ဝန်ထမ်းသပိတ်ကြောင့်ထက် မငြိမ်သက်ရင် လုပ်စားကောင်းတဲ့ အပိုင်းကလည်း ရှိနေလို့ပါ။ ပညာရေးဝန်ထမ်းသပိတ်နဲ့ ကျောင်းမတက်ကြတာကတော့ အခုမှ ဇာတ်ရှိန်တက်လာတာမို့ ဘာဖြစ်မယ် မခန့်မှန်းတတ်ပါ။ တစ်ခုရှိတာက ကိုဗစ်တတိယလှိုင်းကလည်း ရိုက်ခတ်လာနိုင်ပါတယ်။ အဲဒီအခါ အိမ်တွင်းပုန်း ပြန်နေဖို့၊ လူမှုဘဝမှာ ခပ်ခွာခွာနေကြဖို့ အစိုးရက အမိန့် ပြန်ထုတ်ရရင် ဘာဖြစ်ကုန်နိုင်သလဲ မသိပါ။ အေတီအမ်ရှေ့ တန်းစီနေတာတွေပါ ပျောက်ကုန်ရမယ် ထင်ပါတယ်။ ကျောင်းတွေလည်း နှစ်ရှည်ပြန်ပိတ်ရနိုင်ပြီး ထပ်တင်းမာလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Friday, May 7, 2021
တက္ကသိုလ်တွေမှာ တာဝန်မှ ယာယီရပ်ဆိုင်းခံရသော ထောင်နဲ့ချီတဲ့ ဆရာဆရာများရဲ့စာရင်းကို ကြည့်လိုက်ရင် "ဒေါက်တာ" တွေချည်း တန်းစီနေတာကို တွေ့လိမ့်မယ်။ အဲဒီလို ပါရဂူဘွဲ့ရ ဒေါက်တာတွေ ဌာနတိုင်းမှာ အများကြီးဖြစ်လာအောင် လုပ်ခိုင်းခဲ့တာ နဝတ စစ်အစိုးရလက်ထက်မှာဖြစ်တယ်။ အရင်တစ်ခေတ်ကဆိုရင် ဒေါက်တာဘွဲ့မပြောနဲ့၊ မာစတာဖြစ်ဖို့တောင် နှစ်ကြာပြီး မသေချာဘူး။ အမေရိကန်၊ အင်္ဂလန်အထိ သွားပြီး ပညာသင်ရတဲ့သူလည်း နည်းတယ်။ "စစ်ကျွန်ပညာရေး" လို့ ခေါ်နေကြတဲ့ပညာရေးစနစ်ကို "ဒေါက်တာ" ဆိုတဲ့ပုဂ္ဂိုလ်တွေ အများကြီးတန်းစီပါနေတဲ့ စာရင်းတွေနဲ့ တွဲမြင်နေရတာကလည်း သမိုင်းရဲ့ သရော်မှု irony ဖြစ်တယ်။
Facebook ဟာ လူတွေကို delusion ဖြစ်စေတယ်။ ဥပမာ၊ လူနှစ်ဆယ်သုံးဆယ်လောက် စီတန်းလှည့်လည်တဲ့ hit-and-run protests လောက်ကိုပဲ ရှုထောင့်နှစ်နေရာ သုံးနေရာလောက်က ဓာတ်ပုံရိုက်ပြပြီး တင်လိုက်ရင် ဆန္ဒပြပွဲကြီးလို့ ထင်မှတ်သွားစေတယ်။ အမည်ပေါင်းစုံပေးထားတဲ့ symbolic strikes တွေက ပိုလို့တောင် လှည့်စားဖို့ လွယ်သေးတယ်။ သူက စာရွက်လေး၊ ပန်းလေး၊ ဆေးရောင်စုံလေး၊ အရုပ်လေးတွေ လောက်ပဲ သုံးဖို့လိုတယ်။ Performance art ဆန်ဆန် ဆန္ဒပြမှုအားလုံး ဒီသဘောချည်းပါပဲ။
Thursday, May 6, 2021
အရေးတော်ပုံအောင်မအောင်တော့ မသိဘူး၊ လမ်းပေါ် တစ်ခါမှ လူလုံးထွက်မပြဘဲ မြှောက်ပေးခဲ့သူတွေကတော့ အနောက်နိုင်ငံတွေ ရောက်လိုရောက်၊ နိုင်ငံခြားသံရုံးတွေထဲ ရောက်လိုရောက်၊ လွတ်မြောက်နယ်မြေ ရောက်လိုရောက်နဲ့ သူတို့ချွေးတစ်စက် သွေးတစ်စက်မကျ လိုင်းပေါ်က အုပ်ချုပ်နေကြပြီ။ ပြင်သစ်က အေဖယ်မျော်စင်ကို သူပိုင်တယ်ဆိုပြီး ခပ်တည်တည်နဲ့ ရောင်းစားသွားတဲ့ဖြစ်ရပ်ကို အမှတ်ရမိတယ်။
Wednesday, May 5, 2021
နိုင်ငံတစ်နိုင်ငံရဲ့ ပင်မစစ်တပ်အဖွဲ့အစည်းကို ရန်သူလုပ်ပြီး လက်နက်ကိုင်တော်လှန်တဲ့အခါ အဲဒီစစ်တပ်ကို ဖယ်ရှားနိုင်တဲ့အခြေအနေဟာ အခြေခံအားဖြင့် နှစ်မျိုးပဲရှိတယ်။ တပ်တွင်း ပြိုကွဲရင်ကွဲ၊ မကွဲရင် ပြည်ပကျူးကျော်စစ်မှာ ရှုံးမှပဲရမယ်။ ပြည်ပစွက်ဖက်မှုမပါတဲ့ ပြည်တွင်းစစ်မှာ နိုင်ငံစစ်တပ်ဟာ ရှုံးဖို့ အခွင့်အလမ်း အင်မတန် နည်းတယ်။ ရှုံးသွားရင်ရော ဘာဖြစ်မလဲ။ အဲဒီနည်းနဲ့ တော်လှန်ရေးအောင်မြင်မှုဟာလည်း သွေးထွက်သံယို အကြမ်းဖက်မှုကို အသုံးပြုပြီး အနိုင်ရတာပဲဖြစ်လို့ နိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး၊ မိမိကြမ္မာမိမိဖန်တီးနိုင်ရေးအတွက် ဆိုးကျိုးတွေအများကြီး ကျန်ရစ်ခဲ့စေမှာဖြစ်တယ်။ ဓမ္မ၊ အဓမ္မဘယ်လောက်ပင် ခွဲခြားကြွေးကြော်ထားပါစေ၊ အင်အားသာလျှင်အမှန်တရားဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို စွဲမှတ်ယုံကြည်ဖို့ပဲ ဖြစ်သွားမယ်။ ယခုတိုင်းရင်းသားအများစုမှာ ဖြစ်ပေါ်နေတဲ့ တို့မှာ လက်နက်မရှိရင် မြန်မာစစ်တပ်က စကားပြောမှာမဟုတ်ဘူးဆိုတဲ့ အတွေးအခေါ်ဟာ ဗမာအချင်းချင်း ဆက်ဆံရာမှာလည်း စွဲပါလာရင် ငြိမ်းချမ်းရေးဆိုတာ ဆွေးနွေးညှိနှိုင်းလုပ်ဆောင်မှုရဲ့ ရလဒ်ဆိုတာ သဘောပေါက်ကြမှာ မဟုတ်တော့ဘူး။ ပြည်ပနိုင်ငံတွေ၊ အုပ်စုတွေရဲ့ အကူအညီနဲ့ ဖြေရှင်းကြတဲ့အခါ သူတို့က တောင်းလာမယ့် အလျော်အစားဟာ သိပ်ကြီးတယ်။ စင်ပြိုင်အစိုးရနဲ့ပြည်သူတွေကိုယ်တိုင် လောလောဆယ် သွေးပူနေချိန်၊ အမိုက်မှောင်လွှမ်းနေချိန်မှာ အကုန်ထိုးကျွေးချင်နေပေမယ့် နောင်တစ်ချိန်မှာ သမိုင်းမှာ ဝမ်းနည်းနောင်တရစရာ လိုက်လျောမှုတွေသာ ဖြစ်လာမှာဖြစ်တယ်။ မနေ့က အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ ဦးကျော်မိုးထွန်းကို မြန်မာတွေက ချီးမွမ်းထောပနာပြုနေကြပေမယ့် အမေရိကန်တွေ မြန်မာဆီက ဘာလိုချင်တယ်ဆိုတာ အထင်းသား ပေါ်လွင်ခဲ့တာပါပဲ။
Monday, April 12, 2021
'Federal' is the new 'Democracy'
Sunday, April 11, 2021
ဒီတစ်ကြိမ် အရေးအခင်းမှာ ဘယ်ကုလသမဂ္ဂနဲ့ ဘယ်နိုင်ငံအစိုးရကမှ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးပါလို့ မတောင်းဆိုကြတော့ဘဲ၊ အခြားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုသာ မရှင်ရှင်အောင် ဝိုင်းမြှောက်ပေးနေတာကိုကြည့်ရင် သူတို့စေတနာက ရှင်းနေတာပါပဲ။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် မပါလည်းဖြစ်တယ်ဆိုတဲ့ ဒေါ်စုအလွန် အခင်းအကျင်းတစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ ကြိုဆိုဖန်တီးနေကြတာဖြစ်တယ်။ စပ်ကူးမတ်ကူးကာမှာ ပြင်ပအင်အားစုအားလုံးက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ပြည်သူဆီက အများဆုံးရအောင် ရိုက်ထုတ်ယူကြလိမ့်မယ်။ ဒါကြောင့် အိုင်စီစီ၊ အိုင်အိုင်အမ်အမ်၊ အိုင်စီဂျေကိစ္စတောင် ဒီလောက်မဟုတ်ပါ။ အဲဒီကိစ္စတွေက အချို့သော ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း၊ နိုင်ငံအနည်းငယ်လောက်ကသာ အမှန်တကယ် စိတ်ဝင်တစား အလေးထားတာဖြစ်တယ်။ နိုင်ငံကြီးတွေဆိုတာ သူတို့ကိုယ်တိုင်က အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကို လေးစားဂရုထားမှု နည်းပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ တစ်ခုဆင်ခြင်သင့်တဲ့အရာကလည်း နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုဆိုတာ ပြည်တွင်းအစိုးရတစ်ဖွဲ့၊ လူပုဂ္ဂိုလ်တစ်ဦး၊ အသင်းအဖွဲ့တစ်ရပ်အတွက်ပဲ ဦးတည်တာမျိုးမဟုတ်ပါဘူး။ အချုပ်အခြာအာဏာစည်းဆိုတာ တစ်နေရာ၊ တစ်ကြိမ်ပေါက်ခဲ့ရင် နောင်အထပ်ထပ် အချိုးဖောက်ခံရ၊ နိုင်လိုမင်းထက် အပြုခံရဖို့ အလားအလာ ပိုများလာပါမယ်။ ဒါကြောင့် ပြည်တွင်းရေးကို ပြည်တွင်းမှာသာ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းဆွေးနွေးပြီး ဖြေရှင်းခိုင်းတဲ့ နိုင်ငံနဲ့ အဖွဲ့အစည်းများဟာ အမှန်စင်စစ် မြန်မာနိုင်ငံရဲ့အကျိုးကို လိုလားသော မိတ်ဆွေများဖြစ်ပါတယ်။
Saturday, April 10, 2021
အလုပ်သမားသပိတ်ဖြစ်ဖြစ်၊ ဝန်ထမ်းသပိတ်ဖြစ်ဖြစ် သပိတ်မှောက် (strike) ကြတဲ့အခါ သပိတ်မှာ မပါတဲ့သူ၊ တစ်ဖက်နဲ့ပူးပေါင်းသူတွေကို အရှက်ခွဲသိက္ခာချ (shaming) တာ၊ အနိုင်ကျင့် (bullying) တာက တွေ့ရလေ့ရှိတဲ့ သဘာဝလည်းကျသော လူမှုအလေ့အကျင့် ပုံသဏ္ဌာန်တစ်ခုဖြစ်တယ်။ သို့သော် သပိတ်အများစုရဲ့သဘောဟာ စုပေါင်းညှိနှိုင်းမှု (collective bargaining) ကို ဆောင်ရွက်ဖို့ အလုပ်သမားလူတန်းစားဘက်က အင်အားတိုးမြှင့်ပေးရုံသာဖြစ်တယ်။ သပိတ်မှောက်နေသူတွေကိုယ်တိုင်က နိုင်ငံတော်/အစိုးရ (State) တက်လုပ်ဖို့မဟုတ်ဘူး။
Friday, April 9, 2021
Thursday, April 8, 2021
မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဆိုတာ ကမ္ဘာကို တကယ်မြင်ဖူးမှ၊ နိုင်ငံတကာရေးရာ၊ နိုင်ငံတကာဆက်ဆံရေးကို တကယ်နားလည်သဘောပေါက်မှုရှိမှ ဖြစ်ပေါ်လာတာမျိုးပဲ။ (ကုန်းဘောင်ခေတ်က ပြင်သစ်ရောက် မြန်မာပညာတော်သင်တွေကို ဘာတတ်မှာလဲလို့ ဒေါက်တာသန်းထွန်းက ထင်သလိုဖြစ်တယ်။) ၂၀၀၀ ပြည့်လွန်နှစ်တွေက ဥရောပမှာ တွေ့ခဲ့ရသမျှ တရုတ်ကျောင်းသားတွေ၊ ပညာတော်သင်တွေဟာ နည်းပညာ၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးပညာတွေကိုသာ အစဉ်တစိုက် သင်ယူကြတယ်။ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်အောင်ကြိုးစားတယ်။ မျိုးဆက်နှစ်ဆက်အတွင်းမှာပဲ အဘိဓာန်ကြည့်ရ၊ ဘာသာပြန်ဖတ်ရတဲ့ဘဝကနေ အင်္ဂလိပ်လို သွက်လက်ချက်ချာနေအောင် ပြောနိုင်သော ပြည်တွင်းကို ပြန်စီးဝင်တဲ့ တရုတ်လူ့စွမ်းအားရင်းမြစ်တွေ ပေါ်ပေါက်လာတယ်။ ဒါ့အပြင် စီးပွားရေးတောင့်တင်းသလို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ခိုင်မာနေတဲ့ နိုင်ငံသားတွေ ထွက်လာတယ်။ မြန်မာနိုင်ငံရဲ့ တံခါးဖွင့်ကာလ ဆယ်နှစ်ကတော့ တိုတောင်းတဲ့အပြင် နိုင်ငံနဲ့ လူမျိုးအတွက် သဘောထားအမြင်မှန်မျိုး ပေါ်လာအောင်လည်း ဘာမှ မစွမ်းဆောင်နိုင်ဘူးဖြစ်သွားတယ်။ အခုတော့ တစ်တိုင်းတစ်ပြည်လုံး ဘာတွေလုပ်နေမှန်းကို နားမလည်တော့ဘူး။ တကယ်ပြောတာ။
Tuesday, April 6, 2021
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဒုတိယအကြိမ်လွှတ်တော်က သက်တမ်းကုန်ခဲ့ပြီ။ တတိယအကြိမ်လွှတ်တော်က ပေါ်ပေါက်ခဲ့ခြင်း မရှိဘူး။ လွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ၂၀၀၈ အခြေခံဥပဒေထဲက လွှတ်တော်ကိုပဲ ညွှန်းဆိုတာဖြစ်ပြီး သမ္မတ၊ ဒုသမ္မတဆိုတာတွေကလည်း ၂၀၀၈ ထဲပါတဲ့ ရာထူးတွေပဲဖြစ်တယ်။ ကုန်ကုန်ပြောရရင် ယာယီဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီက ရုံးစာခေါင်းစီးထဲ ထည့်သုံးနေတဲ့ နိုင်ငံတော်အမှတ်တံဆိပ်၊ လွှတ်တော်အမှတ်တံဆိပ်တွေကအစ ၂၀၀၈ ထဲကပါပဲ။
Monday, March 15, 2021
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအနေနဲ့ ဘယ်ရည်မှန်းချက်တွေကို ရရှိရင် အောင်မြင်ရန် နီးစပ်ပြီလို့ ယူဆတဲ့ အညွှန်းကိန်းအများစုက ပြည်ပရှိ အပြောင်းအလဲ အချက်အလက်များ/နိုင်ငံတကာဆက်ဆံရေး အကြောင်းခြင်းရာများဖြစ်နေပါတယ်။ ဥပမာ၊ အမေရိကန်ရေတပ်သင်္ဘော၊ Quad လေးနိုင်ငံလုံခြုံရေးအစည်းအဝေး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဂျပန်နိုင်ငံခရီးစဉ်၊ တောင်တရုတ်ပင်လယ်ထဲက တရုတ်နဲ့ အခြားနိုင်ငံတွေရဲ့ ထိပ်တိုက်တွေ့မှု၊ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီက သတင်းများစသဖြင့် ဖြစ်ပါတယ်။ တဖန် ပြည်ပနိုင်ငံခေါင်းဆောင်များ၊ ကုလသမဂ္ဂသံတမန်များ၊ ကိုယ်စားလှယ်များ၊ အစီရင်ခံစာတင်သွင်းသူများ၊ သတင်းစာဆရာပေါင်းစုံက လူမှုမီဒီယာမှာ အတိုအထွာရေးတင်သမျှ၊ ကြေညာချက်မျိုးစုံထုတ်သမျှမှာလည်း အားတက်စရာ အရိပ်အယောင်ကို ရှာဖွေညွှန်းဆိုကြပါတယ်။ ဒီလိုပုံစံ အောင်ပွဲမျှော်နေတဲ့ ကြောင်းကျိုးယုတ္တိက မိမိနိုင်ငံပြင်ပရှိ ကြီးမားတဲ့အင်အားတစ်ခုက ပြည်တွင်းအခြေအနေအရပ်ရပ်ကို ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်တာဖြစ်တယ်။ အင်္ဂလိပ်လိုပြောရရင် externally-imposed change ကို မျှော်ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာဖိအားက မည်မျှပင် ကြီးမားပြင်းထန်ပါစေ၊ ပြည်တွင်းမှာ အပြောင်းအလဲဖြစ်ပေါ်ဖို့ ဘုံထွက်ပေါက်တစ်ခု တွေ့ရှိနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို မမေ့ဖို့လိုပါတယ်။ သွေးထွက်သံယို အကြမ်းဖက်မှု အများကြီးဖြစ်ခဲ့ပြီးတဲ့ တွန်းလှန်မှုတစ်ခုဟာ နောက်ထပ် အတွင်းအပြင် အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပြီး ပြောင်းလဲသွားခဲ့တယ်ဆိုရင်တောင် ဖြစ်ပေါ်လာမယ့် ပဋိပက္ခလွန်အခင်းအကျင်းဟာ စိတ်ကူးယဉ်ထဲကလို ဘယ်တော့မှ ငြိမ်းချမ်းပြည့်စုံသော အခင်းအကျင်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဆုံးမှာ ညှိနှိုင်းဆွေးနွေးရေးကသာ ဘုံထွက်ပေါက်တစ်ခုကို ရှာဖွေနိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။
Sunday, March 14, 2021
အဓမ္မနဲ့ အဓမ္မကြားကတိုက်ပွဲ
နိုင်ငံရေးတိုက်ပွဲမှာ ဓမ္မနဲ့ အဓမ္မဆိုပြီး သုံးစွဲကြတာကလည်း သိပ်မဟုတ်ပါဘူး။ တကယ်တော့ ဓမ္မ၊ အဓမ္မဆိုတာက ဗုဒ္ဓဝါဒ ဝိနစ္ဆယ အငြင်းပွားဖွယ် ကိစ္စရပ်များမှာ အများဆုံး သုံးစွဲတာဖြစ်ပါတယ်။ ဘယ်အယူဝါဒကတော့ ဘုရားဟောနဲ့ ကိုက်ညီလို့ ဓမ္မ၊ ဘယ်အယူဝါဒကတော့ ဘုရားဟောနဲ့ မကိုက်ညီလို့ အဓမ္မဆိုပြီး သတ်မှတ်ကြတာဖြစ်တယ်။ အင်္ဂလိပ်လို nature ကို သဘာဝဓမ္မ၊ realism ကို ဒိဋ္ဌဓမ္မဝါဒ စသဖြင့် မြန်မာဘာသာ ပြန်ဆိုသုံးနှုန်းကြတာလည်း ရှိတယ်။ နိုင်ငံရေးမှာ ဓမ္မနဲ့ အဓမ္မဆိုပြီး ယူသုံးစွဲနေတာက လူပြိန်းနားလည်သလို တရားမှုနဲ့ မတရားမှု၊ အမှန်နဲ့ အမှားကို လောကဝေါဟာရအားဖြင့် နားလည်အောင် ဖော်ညွှန်းခြင်းသာ ဖြစ်ပါတယ်။ လောကီသဘော နိုင်ငံရေးကျင့်စဉ်အရပြောရရင် နှစ်ဖက်လုံးဟာ အဓမ္မတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါဆိုရင် အဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲဆိုတာလည်း ရှိနိုင်ပါတယ်။
Saturday, March 13, 2021
အကြမ်းဖက်မှုခံရရင် 'ဥပဒေနဲ့အညီ' မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ စာထုတ်လိုက်တော့ ဘာထူးသွားမှာလဲ။ 'မင်းမဲ့ဝါဒ' အတွေးအခေါ်မှာ အစိုးရရှိတယ်ဆိုတာတောင် လက်မခံချင်လို့ တရားတဲ့ဥပဒေလည်း ချိုးဖောက်ပြကြသေးတာပဲ။ စာမထုတ်လည်း လူတွေက ကိုယ့်အသားထိလာရင် ပြန်လုပ်တာပါပဲ။ 'ဥပဒေနဲ့အညီ' ပြန်ချခွင့်ပေးတယ်ဆိုတာက 'နိုင်ငံရေးကိစ္စ' မဟုတ်ဘူးလား။
Tuesday, March 9, 2021
နစက အနေနဲ့ ဒေါက်တာဆာဆာ၊ ထင်လင်းအောင် နဲ့ ကုန်ကုန်ပြောရရင် CRPH ခေါင်းဆောင်တွေကိုတောင် သိပ်အရေးပါတယ်လို့ ထင်ဟန်မရှိပါဘူး။ လက်ရည်တူပြိုင်ဘက်များမဟုတ်ဘူးလို့ ယူဆပါလိမ့်မယ်။ ဦးကျော်မိုးထွန်း၊ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဝင်းမြတ်အေးတို့လို ပုဂ္ဂိုလ်မျိုးတွေကိုတော့ ပညာရှင်တွေလည်းဖြစ်၊ ဩဇာလွှမ်းမိုးမှုလည်း ကြီးမားတဲ့အတွက် သူတို့လှုပ်ရှားဆောင်ရွက်မှုမှန်သမျှကို ပိုမိုသတိထားတုံ့ပြန်လိမ့်မယ်။ နစက မီဒီယာက သတင်းတွေမှာလည်း ဒီအချက်ဟာ ပေါ်လွင်ပါတယ်။ CRPH ၊ ဒေါက်တာဆာဆာ တို့ကကျတော့ တစ်ဒင်္ဂမှာ လူကြိုက်များထောက်ခံမှုနဲ့ လူထုစိတ်အင်အားကို အများကြီး ဆွဲတင်ပေးနိုင်ပေမယ့် ရေရှည်တိုက်ပွဲမှာ ခြေမပေါ်နိုင်ပါဘူး။ အပေါ်ယံတက်ကြွလှုပ်ရှားမှု ဆန်ပါတယ်။
Monday, March 8, 2021
ဒီနိုင်ငံရေးလိပ်ခဲတည်းလည်းဖြစ်နေမှုကို အမြန်ပြီးဆုံးစေချင်ပြီ။ လက်ရှိအခြေအနေဟာ နှစ်ဦးနှစ်ဖက်လုံး ဆုံးရှုံးရမယ့် သူရှုံး-ကိုယ်ရှုံးရလဒ် (lose-lose outcome) ကိုသာ ဦးတည်နေတာဖြစ်တယ်။ အဆုံးရှုံးဆုံး ဖြစ်မှာကတော့ မြန်မာနိုင်ငံပဲ။ နိုင်သူမရှိတဲ့ တိုက်ပွဲဖြစ်တယ်။ နိုင်တဲ့သူလည်း ရှုံးမှာပဲ။ ရှုံးတဲ့သူလည်း ရှုံးတာပဲ။ နိုင်ငံတစ်နိုင်ငံကို ချွတ်ခြုံကျနိုင်ငံ (failed state) အဖြစ် အရင်တွန်းပို့ပြီးမှ ပြန်လည်ထူထောင်ဖို့ဆိုတာ အင်မတန်အမြော်အမြင်နည်းရာ ရောက်တယ်။ ဒီစကားက နှစ်ဖက်လုံးကို ပြောရမယ့်စကားဖြစ်တယ်။ ဒီလိုပြောရင်လည်း အခုအချိန်မှာ တစ်ဖက်နဲ့ တစ်ဖက် သူ့အပြစ်၊ ကိုယ့်အပြစ် လက်ညှိုးထိုး ပြစ်တင်ကြဦးမှာပဲ။ သို့သော် ဒီအခြေအနေ ဒီအတိုင်းဖြစ်လာရမယ်လို့ မဖြစ်မနေ မရှောင်လွဲနိုင်ခဲ့တာ (inevitability) မျိုး လုံးဝ မရှိပါ။ ဘက်တစ်ဖက်စီက တည်ဆောက်လာခဲ့တဲ့ ပြောဆိုသုံးနှုန်းမှု (discourse)၊ ဇာတ်ကြောင်းဖွဲ့ပုံ (narratives) ၊ ရန်/ငါခွဲမှု (securitization) တွေ ရှိကြပါတယ်။ နောက်ဆုံး အဲဒီအရာတွေမှာ မိမိဘာသာ မိမိပြန်ပတ်မိ၊ ပိတ်လှောင်မိပြီး စိတ်ကြံစည်တာနဲ့ နုတ်ကပြောထွက်သမျှက ပြုမူလုပ်ဆောင်မှုတွေ ဖြစ်လာတဲ့အခါ အကျပ်အတည်းက ရုပ်လောကမှာ အကြမ်းစားပေါ်လွင် ဆိုးဝါးလာတာဖြစ်တယ်။ တစ်ဖက်က ကစားပွဲကို မတရား ဖျက်တယ်။ အခြားတစ်ဖက်ကလည်း ပွဲပျက်ပြီဆိုပြီး လိုက်နာဖို့ စည်းမျဉ်းမရှိတော့ဟန် ပြုမူတယ်။ စည်းမျဉ်းသစ်တွေ အပြိုင်ရေးဆွဲတယ်၊ အပြင်လူကို ခေါ်သွင်းချင်တယ်။ ခုံသမာဓိအနေနဲ့တော့ မဟုတ်၊ မိမိဘက် ပါဖို့အတွက်သာ ဖြစ်နေတယ်။ ခက်တာက အပြင်မှာ ကမ္ဘာ့အစိုးရ (world government) ဆိုတာ မရှိဘူး။ ဒီတော့ ခုံသမာဓိခေါ်ထားသူတချို့ကိုယ်တိုင်က ဖျာဝင်ခင်းကြတယ်။ ကမ္ဘာမှာ မြန်မာဟာ လတ်တလောမှာတော့ ဖျာခင်းစရာ နေရာပေါ့။ တကယ်ကြားဝင်ပေးနိုင်မယ့်သူတွေကိုလည်း ရန်လုပ် စကားလွန်ထားကြတော့ ဘေးလူတွေက မင်းတို့အသိုက်အမြုံကို မင်းတို့ဘယ်လောက်ပျက်အောင် ဖျက်ကြမလဲလို့သာ အံ့ဩခြင်းကြီးစွာနဲ့ ငေးကြည့်ရုံသာ။
Friday, March 5, 2021
မိသားစုဝင်အချင်းချင်း ဆူဆူညံညံ အော်ဟစ် ရန်ဖြစ်တဲ့အခါ မနေနိုင်တဲ့ အရပ်က ကြားဝင်ဖြန်ဖြေပေးရလေ့ရှိပါတယ်။ လက်လွန်ခြေလွန်မဖြစ်ကုန်အောင် ဝင်ဆွဲပေးရပါတယ်။ ဝင်မဖြန်ဖြေဘဲ ဘေးကနေပြီး ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူက အိမ်ထောင်ဦးစီးရယ်လို့ အဆုံးအဖြတ်ပေးနေရမှာ မဟုတ်ပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးချင်းအဆင့်မှာတောင် တန်းတူရည်တူ အဆက်ဆံမခံရရင် လူအများစုဟာ မုန်းတီးနာကျည်းတတ်ကြပါတယ်။ ဒါကြောင့် စေ့စပ်ဖြန်ဖြေဖို့ တာဝန်ရှိသူဆိုရင် အစကတည်းက ဘက်လိုက်မှုကင်းကြောင်း ပြသပြီး နှစ်ဖက်လုံးအပေါ် မျှတသော စိတ်သဘောထား ရှိရပါမယ်။ ဒီအချက် မပေါ်လွင်ခဲ့ရင် သူ့အနေနဲ့ စေ့စပ်ညှိနှိုင်းသူနေရာကို ဝင်နိုင်မှာ မဟုတ်ပါဘူး။ မဝင်နိုင်တဲ့အခါ ရန်ပွဲက ဆက်ဖြစ်နေပြီး အိမ်တွင်းပဋိပက္ခကို အသွင်ပြောင်းလဲဖို့ ကူညီဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ စေ့စပ်ဖြန်ဖြေသူနေရာက မနေချင်ဘူး၊ လမ်းဘေးက ပွဲကြည့်သူတွေလိုပဲ နှစ်ဖက် ပင်ပန်းတဲ့အထိ သတ်ကြပေါ့၊ အဲဒီအိမ်လည်း မီးလောင်ပြာကျရင်ကျလို့ သဘောထားနိုင်ရင်တော့ မပြောတတ်ပါ။
"အဆုံးသတ်တိုက်ပွဲ" ဆိုတာက ကွန်မြူနစ်ဝေါဟာရလို့ဆိုရမယ်။ ပါရီကွန်မြူးန်အပြီး အင်တာနေရှင်နယ် (L'internationale) သီချင်းကို စပ်တဲ့အခါ "C'est la lutte finale" (အင်္ဂလိပ်လို 'Tis the final conflict) ဆိုတဲ့ စာသားပါခဲ့တယ်။ ဘာပဲပြောပြော အဆုံးသတ်တိုက်ပွဲ လို့ပြောသံကြားတိုင်း လက်ဝဲအယူဝါဒတွေကိုသာ သွားအမှတ်ရမိတာတော့ အမှန်ပဲ။ တော်လှန်ရေးတစ်ရပ်ဟာ တစ်စုံတစ်ရာကို ဆန့်ကျင်ရုံသာဖြစ်ပြီး အိုင်ဒီအိုလိုဂျီမပါရင်ရော လေးနက်မှုရှိမလား မပြောတတ်ပါ။ ဘူဇွာတော်လှန်ရေးဆိုရင်တော့ အဆုံးသတ်တိုက်ပွဲလို့ ဆိုနိုင်မှာ မဟုတ်ပါ။
Saturday, February 27, 2021
ညှိကြပါ
စစ်အာဏာသိမ်းမှုတစ်ခု အထမြောက်ဖို့ မမြောက်ဖို့ မောင်းနှင်နေတာဟာ စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ ဆန္ဒပြသူတွေ၊ ကြမ်းတမ်းရိုင်းပြတဲ့ ဗိုလ်ချုပ်တွေလို့ ကျွန်တော်တို့ ထင်မှတ်လေ့ရှိတယ်။ မဟုတ်ပါဘူး။ လက်တွေ့အားဖြင့် အာဏာသိမ်းမှုတိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးကို လွှမ်းမိုးထားတဲ့ လက်ရွေးစင် အထက်တန်းလွှာတွေ (elite) က အဓိက မောင်းနှင်သွားတာဖြစ်တယ်။ သူတို့ဟာ အာဏာအပေးအယူကို ညှိနှိုင်းပေးနိုင်မယ့် ပွဲစားများ (power brokers) ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်တစ်ဦးကို အဆုံးမှာ ဖယ်ရှားနိုင်ခြင်း ရှိမရှိဆိုတာ အဲဒီလူတွေအပေါ် အများကြီး မူတည်ပါတယ်။ သူတို့ တက်ညီလက်ညီ ဆောင်ရွက်နိုင်မှသာ အာဏာသိမ်းခေါင်းဆောင်ကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
Thursday, February 25, 2021
မြန်မာနိုင်ငံမှာ စစ်တပ်က မြေရှင်ပဒေသရာဇ်လူတန်းစား Feudal Class ၊ မြို့နေပညာတတ်နဲ့ ကုန်သည်လယ်လုပ်က Bourgeoisie and Petite Bourgeoisie ၊ ပျံကျနဲ့ နေ့စားလုပ်သား (၅၀၀၀ စားလို့ အခေါ်ခံနေရသူတွေ)
Friday, February 12, 2021
နိုင်ငံရေးလှုပ်ရှားမှု သို့မဟုတ် လူမှုလှုပ်ရှားမှု (political/social movement) တစ်ခု အောင်မြင်ဖို့
နိုင်ငံရေးလှုပ်ရှားမှု သို့မဟုတ် လူမှုလှုပ်ရှားမှု (political/social movement) တစ်ခု အောင်မြင်ဖို့အတွက် ခေါင်းဆောင်မရှိလို့ မရဘူး။ ထင်ရှားတဲ့ခေါင်းဆောင်မရှိရင် လူထုတပ်ကျွံတဲ့အခါ ဘယ်သူမှ မထိန်းနိုင်ဘဲ ဖြစ်မယ်။ လှုပ်ရှားမှုမှာ ပြည့်စုံလုံလောက်သော ရင်းမြစ်ရှိရမယ်။ တရားဝင်မှု ရှိရမယ်။ လူ့အဖွဲ့အစည်းအတွင်းက နိုင်ငံသားအများဆုံးက ခံစားနားလည်ပေးနိုင်မယ့် တန်ဖိုးတွေလည်း ရှိရမယ်။ အရေးအကြီးဆုံးက အကြမ်းဖက်မှု (violence) ကို လုံးဝ ပါမလာစေရဘူး။ အကြမ်းဖက်မှုပါလာတာနဲ့ ကိုယ့်တရားဝင်မှုကို ကိုယ်စချေဖျက်သလိုဖြစ်ပြီး လှုပ်ရှားမှုရှုံးဖို့ လမ်းစဖြစ်တယ်။ ဒါက သီအိုရီတွေကို လျှောက်ပြောနေတာ မဟုတ်ပါ။ အာရပ်နွေဦး (Arab Spring) တို့၊ လွတ်မြောက်ရေးနည်းပညာ (Liberation Technology) တို့ ဆိုတာလည်း သီအိုရီတွေပဲ။ အောင်မြင်သလိုနဲ့ မအောင်မြင်ခဲ့တဲ့ လှုပ်ရှားမှုသီအိုရီတွေဟာ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းမှာ အများအပြားရှိတယ်။ ယူတတ်ရင် သင်ခန်းစာဖြစ်ပြီး မယူတတ်ရင် အတိတ်ကအမှားတွေ ပြန်လုပ်မိတတ်ပါတယ်။
အနောက်နိုင်ငံတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်နဲ့ ဩဇာဟာ ၂၀၁၆-၂၀၁၇ ခုနှစ် မတိုင်ခင်က အနေအထားမျိုး မရှိတော့ပါဘူး။ ဒါကြောင့် ယခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖို့ တောင်းဆိုမှာ ဖြစ်ပေမယ့် သူနိုင်ငံရေးရာထူးအာဏာ ပြန်လည်ရရှိရေးအတွက်ကိုတော့ အနောက်နိုင်ငံအစိုးရနဲ့ မီဒီယာတွေက တိုက်တွန်းမှာ မဟုတ်ပါ။ အနောက်မီဒီယာမှာ ရေးသားဖော်ပြနေတဲ့ သတင်းအာဘော်တွေ၊ သုံးသပ်ချက်တွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။
Thursday, February 11, 2021
မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားများ ဆန္ဒပြရာမှာ ပါဝင်မှု
မြန်မာပြည်ဖွား မြန်မာနိုင်ငံသား တရုတ်တွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတာကို ကန့်ကွက်စရာမရှိပေမယ့် တရုတ်နိုင်ငံကို အလွန်အကျွံ သွားဖိအားပေးလို့ အလကားပါပဲ။ တရုတ်စာနဲ့ရေးလို့ တရုတ်ဆိုရှယ်မီဒီယာမှာ #ထိုင်ဝမ်၊ #ဟောင်ကောင် က တရုတ်လူမျိုးတွေဆီကတစ်ဆင့် ပေကျင်းနားကို ပြန်ပေါက်အောင်လုပ်တယ်ဆိုတာမျိုးက ပိုတောင်အဓိပ္ပာယ်မရှိပါဘူး။ တရုတ်အစိုးရက အဲန်အယ်လ်ဒီအစိုးရ သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးကို အတော်နားလည်သိရှိတဲ့ အနေအထား ရောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒကို သူ့အကျိုးစီးပွားအတွက် သူ့ဘာသာသူကြည့်ပြီး ဆုံးဖြတ်မှာပါပဲ။ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေ အတိုက်ခိုက်ခံရလည်း တရုတ်အစိုးရက ဝင်စွက်ဖက်ဖို့ မရှိပါဘူး။ မြန်မာ့ပြည်တွင်းရေးလို့သာ ပြောမှာပါ။ ဒါဆိုရင် မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအုံကြွမှုမှာ ပါဝင်နေတာက ကိုယ်ထူကိုယ်ထသဘော ပိုဆောင်ပါတယ်။ ၁၉၆၇ တုန်းက တရုတ်-ဗမာအရေးအခင်းပုံစံ ဖြစ်မလာစေဖို့ ကြိုတင် ကာကွယ်ချင်တာလည်း တစ်ဝက်မက ပါပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်သံရုံးရှေ့ ဆန္ဒသွားပြရုံနဲ့ တရုတ်အစိုးရက နားထောင်မှာမဟုတ်တာတော့ သေချာပါတယ်။
တရုတ်နဲ့ ရုရှားသံရုံးရှေ့ ဆန္ဒပြခြင်း
တရုတ်နဲ့ ရုရှားသံရုံးတွေရှေ့ ဆန္ဒသွားပြလည်း အပိုပဲ။ သူတို့က နိုင်ငံကြီးတွေလည်းဖြစ်တယ်။ သူတို့အစိုးရတွေကလည်း ဒီမိုကရေစီအစိုးရတွေ မဟုတ်ဘူး။ သူတို့နိုင်ငံမှာရှိတဲ့ လူထုသဘောဆန္ဒကို သိပ်ငဲ့ကွက်စရာ မရှိဘူး။ တရုတ်ကွန်မြူနစ်အစိုးရဆို သူတို့ကိုယ်တိုင် လက်နက်နဲ့ တော်လှန်ရေးလုပ်တာ စစ်နိုင်လို့ အာဏာရခဲ့တဲ့ အစိုးရ။ ရုရှသမ္မတ ပူတင်ဆိုလည်း သမ္မတဆက်လုပ်နိုင်ဖို့ ဝန်ကြီးချုပ် ဆင်းလုပ်လိုက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်နဲ့ နေခဲ့တာ။ ဆန့်ကျင်တဲ့ အတိုက်အခံတွေ၊ သူလျိုတွေ၊ သတင်းစာဆရာတွေကို ပြည်ပအထိတောင် လိုက်လုပ်ကြံခိုင်းသေးတယ်။
Wednesday, February 10, 2021
My take on the US sanctions
ဒီမိုကရက်သမ္မတ ဂျိုး ဘန်ဒန် ရဲ့ မြန်မာဒီမိုကရေစီရေးအတွက် ပါဝင်လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မစ်ချ် မက်ကောနဲလ် လို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေအရင်းအချာများကလည်း ဘိုင်ဒန် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တစ်ခုခု အမြန်လုပ်ဖို့ တိုက်တွန်းဟန်တူပါတယ်။ ဒီမိုကရက်အဖိုးကြီး (သမ္မတ)နဲ့ ရီပတ်ဘလစ်ကန်အဖိုးကြီး (ဆဲနိတ်လူနည်းစုခေါင်းဆောင်) တို့ရဲ့ ဘုံသဘောတူညီချက် ရလဒ်ဖြစ်ပါတယ်။
Parody of Resistance
စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသဖို့ သီဟတင်စိုးရုပ်ရှင်ထဲကလို အံတွေ အတင်းကြိတ်၊ လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အော်ပြရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အခုလို သီချင်းနှစ်ပုဒ်ပဲ လှည့်ဖွင့်ပြီး ဖက်ရှင်ရှိုးလိုလို၊ သင်္ကြန်သံချပ်လိုလို၊ ဘောလုံးအသင်း ချန်ပီယံဆုရသလိုလို ဆင်နွှဲနေတာကတော့ ရေနစ်တဲ့သူက 'ကျွန်တော်ရေနစ်နေပြီ'ဆိုပြီး ရေထဲ ယက်ကန်ယက်ကန်နဲ့ စပ်ဖြီးဖြီး ပြောင်ပြနေသလိုဖြစ်မှာပေါ့။ နောက်ပြီး လွှင့်နေတဲ့အလံအများစုကလည်း ပါတီကြီးတစ်ခုတည်းရဲ့အလံ။ ကြွေးကြော်သံမှာလည်း သစ်တာဆိုလို့ 'ရုံးမတက်နဲ့။ ရုန်းထွက်" တစ်ခုလောက်ပဲ ပါတယ်။ 'နဖူးပြောင်ပြောင် ဦးမောင်မောင်၊ အရူးထောင်ကို ပို့လိုက် ပို့လိုက်' တို့၊ 'ရရင်ရ မရရင်ချ၊ ရရမရရ ချ' တို့လို ၁၉၈၈ က ပေါကြောင်ကြောင် ကြွေးကြော်သံမျိုးတွေ ပေါ်မလာသေးတာပဲ တော်သေးတယ်။ Generation Z ကို မြှောက်ပေးတဲ့အထဲ ကျွန်တော်တော့ မပါဘူး။ အထင်သေးတာမဟုတ်။ အောက်သက် မကြေဘူးထင်လို့။ ကလေးတွေကို နောက်က မြှောက်ပေးပြီး လမ်းမပြတဲ့ထဲမှာ တို့မပါ။ ပါရင်လည်း တို့မဟုတ်။
နိုင်ငံတော်အာဏာ အလုယူခံရတယ်ဆိုပြီးတောင် အဆိုအက အပျော်အပါးမပျက်ကြတာကို လက်ခံနိုင်သေးရင် ဘာကြောင့် ဘက်မလိုက်နေချင်သူတွေ၊ ဘာပို့စ်မှ မတင်သူတွေကိုလည်း ရန်လိုက်ရှာနေမလဲ။
Tuesday, February 9, 2021
တပ်ကလည်း အရင်တပ် မဟုတ်တော့
မျိုးဆက်သစ်လူငယ်တွေက အရင်မျိုးဆက်တွေနဲ့ မတူတော့ဘူး ပြောနေကြလို့ မြန်မာစစ်တပ်ဟာလည်း အရင်က စစ်တပ်မျိုး မဟုတ်တော့ဘူးဆိုတာ သတိမူဖို့လိုပါတယ်။
Monday, February 8, 2021
တရုတ်သုံးပြည်ထောင်နဲ့ မြန်မာနိုင်ငံ မျက်မှောက်ခေတ် အခြေအနေ
တရုတ်သုံးပြည်ထောင် (Three Kingdoms) ဇာတ်လမ်းနဲ့ နှိုင်းယှဉ်ဥပမာပေးရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ ဟာ လျိုပေ့နဲ့ တူပါတယ်။ ကျင့်ဝတ်သိက္ခာကို ဦးစားပေးသော်လည်း လက်တွေ့ဗျူဟာပိုင်းမှာ အတော်ချာပါတယ်။ စစ်တပ်ကတော့ ချောင်ချောင်းနဲ့ တူပါတယ်။ မလုပ်ရဲတာမရှိဆိုသလို အာဏာကို အဓမ္မနည်းနဲ့ ရယူပြီး ပြိုင်ဘက်အုပ်စုတွေကိုလည်း ပေါင်းတန်ပေါင်း၊ ခွဲတန်ခွဲ လှည့်ပတ် ကစားပါတယ်။ တိုင်းရင်းသားတွေကတော့ စွန်းချွမ်ရဲ့ ဝူနိုင်ငံနဲ့ တူပါတယ်။ ကျန်နှစ်ဦး အရိပ်အခြေကို ကြည့်ပြီး မိမိရပ်တည်မှု အားသာဖို့ ကစားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်စဉ်ကို သုံးသပ်ရရင် အဲန်အယ်လ်ဒီဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို ၁၉၉၀ အလွန်က အနေအထားမျိုးတောင် မရတော့တာ တွေ့ရပါတယ်။ CRPH မှာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ ပါမလာပါ။ CRPP မှာ စဖွဲ့ကတည်းက ပါပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနိုင်တဲ့ တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တချို့ စစ်ကောင်စီထဲ ရောက်သွားကြပါတယ်။ (သူတို့ပါတီတွေက ထုတ်ပယ်လိုက်တာက သီးခြားစဉ်းစားရမယ့် အကြောင်းပါ။) ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲဆိုရင် အဲန်အယ်လ်ဒီ အစိုးရဟာ အားလုံး/အများပါဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတစ်ရပ်ကို ဖော်ဆောင်ရာမှာ အားနည်းခဲ့လို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရနဲ့ တပ်အစိုးရ နှစ်မျိုးဖြစ်နေတယ်ဆိုတဲ့သဘော ပြောခဲ့သော်လည်း တပ်ကို မနှစ်သက်တဲ့ အဲန်အယ်လ်ဒီမဟုတ်သော အရပ်သား၊ တိုင်းရင်းသားများကို မစည်းရုံးနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အရင်ခေတ်တွေကနဲ့ မတူပါဘူးလို့ ပြောချင်ရင် အဲန်အယ်လ်ဒီ-တိုင်းရင်းသားဆက်ဆံရေး သို့မဟုတ် ဗဟို-ဒေသန္တရဆက်ဆံရေး (central-local relations) လည်း မတူတော့တာကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။
ကိုယ်နဲ့ နိုင်ငံရေးအယူအဆ မတူသူတွေကို ဆွေစဉ်မျိုးဆက်အထိ လိုက်ပြီး အရှက်ခွဲ ရှုတ်ချ ပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်က လူတစ်ဦးချင်း အခွင့်အရေးကို အလေးထားတဲ့ ဒီမိုကရေစီစနစ်က လာတာမဟုတ်ပါဘူး။ ပဒေသရာဇ် feudal အတွေးအခေါ်ဖြစ်ပါတယ်။ ဒါဆို အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို ပိတ်ဆို့ခဲ့ရာမှာ ဘာကြောင့် မိသားစုဝင်တွေအထိ လိုက်ပိတ်ခဲ့သလဲလို့ မေးစရာဖြစ်ပါတယ်။ မြန်မာ့လူ့ဘောင်ကိုက ပဒေသရာဇ်စနစ် ဖြစ်နေသေးလို့ မိမိစနစ်ကို ပြန်ထင်ဟပ်တဲ့ ဒဏ်ခတ်မှုမျိုးကို အနောက်နိုင်ငံတွေဆီက ရတယ်လို့ထင်ပါတယ်။
CDM v street protests
CDM နဲ့ street protests မှာ street protests က ပိုထိရောက်ပါတယ်။ လူပိုမြင်ရပြီး media coverage ရမယ်။ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို မကျစေဘူး။ ဒါက common sense ပါ။ CDM က ထင်သလောက် ဘာကြောင့် မထိရောက်ရသလဲဆိုတာ ပြောရင်ရပါတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားပြီး အဆဲခံရတဲ့ စာရေးမိနေတာမို့ မရေးတော့ဘူးနော်။ ဒီလောက်နဲ့ပဲ သည်းခံကြပါ။
Sunday, February 7, 2021
ဘာမှ အပြစ်ပေးအရေးယူခံရတာမရှိ၊ လမ်းပေါ်ထွက် ဆန္ဒပြနိုင်တဲ့အခါကျတော့လည်း သင်္ကြန်ရေပက်ခံကား လှည့်သလို၊ ပွဲဈေးတမ်းလျောက် လူတိုးခံသလို ဖြစ်ကုန်ကြတယ်။ ကိုယ့်အိမ်ရှေ့ကိုယ် အလံထောင် အလံဝှေ့၊ ကမ္ဘာမကြေဘူးသီချင်းနဲ့ အသံချဲ့စက် ဖွင့်တဲ့သူတွေကျတော့လည်း ရပ်ကွက်ထဲက သင်္ကြန်မဏ္ဍပ်လေးတွေလို ဖြစ်နေတယ်။ ပိုဆိုးတာက စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတယ်ပြောပြီး ထွက်လာတဲ့လူ အတော်များများမှာ ပျော်ပွဲရွှင်ပွဲ ဆင်နွဲနေသလို၊ အောင်ပွဲခံနေသလို celebratory mood အပြုအမူနဲ့ မျက်နှာထားတွေ တွေ့လာရတာပဲ။ ကမ္ဘာမကြေဘူးတို့၊ အရေးကြီးပြီတို့ကို အဲဒီလို တည်ကြည်လေးနက်မှုမျိုးနဲ့ သုံးနေမှတော့ တော်တော် အလေးအနက်ထားချင်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူအများစုမှာ လူညီရင် ဤကိုကျွဲဖတ်တဲ့ herd mentality ကလည်း ကြီးမားတာကိုး။ ကိုဗစ်ပထမလှိုင်း contact tracing တုန်းကလည်းကြည့်။ အသည်းအသန်လုပ်တုန်းက အသားကုန်လုပ်၊ နောက်များလည်းလာရော မထိန်းထားနိုင်တော့ဘူး။ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာလည်း အဆီအငေါ် မတည့်တာ၊ လက်တွေ့ကျပြီး ဖြစ်နိုင်မယ့် တိကျတဲ့ ဘုံတောင်းဆိုချက်မရှိတာ၊ ခေါင်းဆောင်မှုကင်းမဲ့နေတာကို တွေ့ရပေမယ့် အသေးစိတ် မဝေဖန်ပြတော့ပါဘူး။ ၁၉၈၈ တုန်းကလည်း ဖြစ်ပျက်ပြီး အနှစ်နှစ်ဆယ်ကျော်မှ ဟိုလို ဖြစ်ခဲ့ရင် အကောင်းသား၊ ဒီလို လုပ်လိုက်မိရင် အတော်သားနဲ့ ပြန်မြင်ရတာ။ လူတွေက တရားမျှတမှုကိုသာ တစ်ချိန်လုံး တောင်းဆိုတတ်ပေမယ့် သမိုင်းသင်ခန်းစာလည်း ဘယ်တော့မှ ယူမှ မယူပဲ။
Thursday, February 4, 2021
ဘယ်သူက ဦးဆောင်နေမှန်းမသိတဲ့ Political Movement
ဘယ်သူက ဦးဆောင်နေမှန်းမသိတဲ့ Political Movement တွေဟာ အချိန်ကြာလာတာနဲ့အမျှ အားပျော့ ပျောက်ကွယ်သွားပါတယ်။ အမေရိကန်က Occupy Wall Street တို့၊ ပြင်သစ်က Yellow Vest တို့ကိုကြည့်ပါ။ မြန်မာပြည်ရဲ့ လက်ရှိပြဿနာက Collective Action ကို ဖော်ဆောင်ပြီး လမ်းပေါ်ထွက်မယ့် ခေါင်းဆောင်မျိုး မရှိတာပါပဲ။ လမ်းပေါ် တကယ်ထွက်ပြီး ပြင်ပရုပ်ကမ္ဘာမှာ ဆန္ဒပြအုံကြွမှ စစ်အုပ်ချုပ်ရေးကို ပြည်သူလူထုတစ်ရပ်လုံးက မကျေနပ်ကြောင်း၊ လက်မခံကြောင်း နိုင်ငံတကာရဲ့အာရုံမှာ စွဲကျန်ရစ်မှာဖြစ်တယ်။ အဲဒီအခါ ဆန္ဒပြလူထုနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အရပ်သားလူမိုက်တွေကြားလည်း ထိပ်တိုက်တွေ့ဆုံမှုတွေ ပေါ်ပေါက်လာပြီး သွေးထွက်သံယို အနည်းနဲ့အများ ဖြစ်လာမှာပါ။ ရှောင်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ပေါ် တိုင်းပြည်ပျက်သလို တက်အော်နေကြတာထက်တော့ ပိုထိရောက်ပါတယ်။ အချောင်သမားမဟုတ်တဲ့ ခေါင်းဆောင်အစစ်တွေဆိုရင် ဒီတာဝန်ယူမှု တာဝန်ခံမှုမျိုးက ကိုယ်လွတ်ရုန်းမှာ မဟုတ်ပါဘူး။ #collective_action #leadership #political_movements
Wednesday, February 3, 2021
တပ်က အာဏာယူပြီး လေးရက်မြောက်
တပ်က အာဏာယူတာ လေးရက်ဖြစ်လာတော့ တုံ့ပြန်လှုပ်ရှားမှုတွေလည်း တစ်ယောက်တစ်မျိုး ဖြစ်လာကြပြီ။ ဒါပေမဲ့ အဲဒီမှာ ဝိရောဓိတစ်ခုက တပ်အုပ်ချုပ်ရေးကို ဘယ်အတိုင်းအတာထိ တစွတ်ထိုး ဆန့်ကျင်ကြမလဲဆိုတာဖြစ်တယ်။ ကျွန်တော်တို့မျိုးဆက် အသက်လေးဆယ်ကျော်နဲ့ အထက်တွေက ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းတဲ့ ညမှာပဲ လမ်းပေါ် အုတ်တွေစီ၊ ဝါးကတ်တွေ ချတားတာလည်း မြင်ခဲ့ဖူးပြီ။ သံပုံးတီး တောထုတ်တာလည်း အဆန်းမဟုတ်ဘူး။ ဂျင်ဂလိ၊ လေးခွစုပြီး ဝင်လာတဲ့ စစ်ကားတွေကို ချောင်းပစ်မယ်ဆိုပြီးလည်း လုပ်ခဲ့ကြတာပဲ။ ဝန်ထမ်းတွေ အလုပ်မဆင်း၊ ခံဝန်ချက်စာ လက်မှတ်မထိုးတာတွေကလည်း အခု နစက အဖွဲ့ဝင်ဖြစ်သွားတဲ့ လူကြီးတချို့တောင် လုပ်ခဲ့ဖူးလိမ့်မယ်။ ဒီနေ့ တတိယအကြိမ်လွှတ်တော် အစည်းအဝေးကို စည်ပင်ရိပ်သာမှာ မိမိဘာသာကျင်းပတယ်ဆိုတော့ ၉၀ တုန်းက ဂန္ဒီခန်းမ ကြေညာစာတမ်း၊ မန္တလေးမှာ စင်ပြိုင်အစိုးရဖွဲံဖို့ တချို့ရွေးကောက်ခံအမတ်တွေ လုပ်ခဲ့တာကို သတိရမိပြန်တယ်။ စစ်တပ်အာဏာသိမ်းပြီး အဖွဲ့အစည်း၊ သမဂ္ဂပေါင်းစုံက ကြေညာချက်တွေ ပလူပြန်နေအောင် ထုတ်ခဲ့တာလည်း ၈၈ နဲ့ အတူတူပဲ။ "မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြ"ဆိုတာလည်း နည်းဟောင်းကြီးပါ။ ဒီလိုလုပ်တာတွေက ဘာအသုံးဝင်သလဲဆိုတော့ နိုင်ငံတကာမီဒီယာရဲ့ အာရုံစူးစိုက်မှုရမယ်။ မြန်မာနိုင်ငံမှာ မတရားမှုတွေ ဖြစ်နေတာကို ကမ္ဘာက သိမယ်။ မြန်မာနိုင်ငံ မဖွံ့ဖြိုးမတိုးတက်လို့၊ လွတ်လပ်မှုကင်းမဲ့နေလို့ဆိုပြီးတော့ ဘယ်သူမှ လာမကယ်ပါဘူး။