Tuesday, May 18, 2021

 အကြမ်းဖက် သွေးထွက်သံယိုနည်းလမ်းသုံးပြီး တော်လှန်တာဟာ အောင်မြင်နိုင်ခြေ အလွန်နည်းတယ်။ ဒီအချိန် ဗုံးတွေ ဆက်တိုက်ပေါက်နေလို့ အာဏာပိုင်တွေ ကြောက်လန့်နေကြပြီလို့ တချို့က ထင်ကောင်း ထင်မယ်။ သို့သော် မြန်မာနိုင်ငံထက် အဆမတန် ဆိုးရွားတဲ့ အာဖဂန်၊ အီရတ်၊ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်ဖြစ်စဉ် ဥပမာတွေကို လေ့လာကြည့်ရင် အသေခံဗုံးခွဲမှုတွေတောင် ကာလအတိုင်းအတာတစ်ခုမှာ ထိပ်ပိုင်းဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲလာအောင် မလုပ်ဆောင်နိုင်ဘူး။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့တုံ့ပြန်ရင် လူ့အဖွဲ့အစည်းဟာ ပိုပရမ်းပတာ အစိပ်စိပ်အမြွာမြွာဖြစ်လာတာပဲရှိမယ်။

နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးယန္တရားဆိုတာက သွေးထွက်သံယိုမှုကို တစ်စုတစ်စည်းထဲ နည်းလမ်းတကျလုပ်တတ်ဖို့ လေ့ကျင့်ထားရှိရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်။ ရဲ၊ စစ်တပ်၊ ထောက်လှမ်းရေးအပြင် အခြားသော နိုင်ငံရဲ့အင်္ဂါရပ်များဖြစ်တဲ့ တရားရုံး၊ အကျဉ်းထောင်၊ သံရေးတမန်ရေး အစရှိတဲ့ အဖွဲ့အစည်းတွေလည်းပါဝင်နေတယ်။
ဒါကြောင့် အနောက်နိုင်ငံတွေ မြှောက်ပေးခဲ့တဲ့ မြန်မာနိုင်ငံဟာ ချွတ်ခြုံကျနိုင်ငံဖြစ်လာနေပြီ၊ ပြည်တွင်းစစ်ဖြစ်တော့မယ်ဆိုတဲ့ ဇာတ်ကြောင်း၊ နှပ်ကြောင်းတွေဟာ မှားယွင်းပါတယ်။ အထူးသဖြင့် အသစ်ပေါ်လာတဲ့ စင်ပြိုင်အစိုးရရဲ့ လက်နက်ကိုင်တပ်ဖွဲ့အမျိုးမျိုးကို ထောက်ခံပံ့ပိုးပေးခြင်းဟာ ငါးကြင်းဆီနဲ့ ငါးကြင်းသားကြော်သလိုသာဖြစ်တယ်။ တစ်ဖက်မှာက အလုပ်တာဝန်သဘောအရ နှစ်ခုနစ်ဆယ်ကျော် တည်ရှိပြီး နိုင်ငံရဲ့ စစ်တပ်။ အခြားတစ်ဖက်မှာက မနေ့တစ်နေ့ကမှ မီးကျိုးမောင်းပျက်နဲ့ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တဲ့ ဘယ်သူစစ်ဦးစီးချုပ်မှန်းမသိ၊ အင်အားဘယ်လောက်ရှိမှန်းတောင်မသိတဲ့ သူပုန်တပ်ဖွဲ့လေးတွေ။
ကိုယ့်လူတွေ ပုန်ကန်ထကြွပြီး အားသာသလို ရှိနေချိန်မှာ ပြည်တွင်းစစ်ဆင်နွဲနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေလို မြှောက်ပေး။ အရေးနိမ့်ဆုတ်ခွာရချိန်ကျတော့ ဘာခြိမ်းခြောက်မှုမှမရှိဘဲ အတိုက်ခိုက်ခံနေရတဲ့ အရပ်သားတွေလို့သာ ပုံဖော်ဖို့ မဖြစ်နိုင်ပါဘူး။

Friday, May 14, 2021

 CRPH က ပြန်ချလို့ရတယ်ဆိုပြီး စာထုတ် မြှောက်ပေးကတည်းက စမှားတာပါ။ အခုဆို တစ်နိုင်ငံလုံး ပေါက်ကွဲမှုလေးတွေ နေရာပေါင်းစုံမှာ နေ့တိုင်းဖြစ်နေတယ်။ လူဆယ်ဂဏန်း၊ ရာဂဏန်းနဲ့ချီပြီး သေဆုံးဒဏ်ရာရတာမျိုး မရှိသေးပေမယ့် ခံရတဲ့လူအများစုက အရပ်သားတွေဖြစ်လာနေတယ်။ အစပိုင်းမှာ ဘယ်သူကမှ သူတို့လုပ်တာပါလို့ မကြေညာပေမယ့် အခုနောက်ပိုင်း စစ်တပ်ဆန့်ကျင်ရေး အဖွဲ့နှစ်ဖွဲ့လောက်က သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြောတာ သို့မဟုတ် အရိပ်အမြွက်ပြတာ ရှိလာတယ်။

ဗုံးပေါက်မှုကြောင့် လူတွေမသေရင်တောင် အကြီးအကျယ် ထိခိုက်ဒဏ်ရာရကြမယ်။ ပိုစိုးရိမ်ဖို့ကောင်းတာက လက်နက်ကိုင်ဆောင်မှု၊ လက်နက်နဲ့ ဗုံးကို အရပ်သားတွေက ကိုယ်တိုင် အိမ်မှာ သိမ်းကြ၊ လုပ်ကြ၊ အရပ်ထဲမှာ အရပ်သားအချင်းချင်း ပြန်သတ်ကြတဲ့ အလေ့အထ ဖြစ်ပေါ်လာမယ့်အချက်ဖြစ်တယ်။ ပြည်တွင်းပဋိပက္ခမှာပဲ ဒီလိုအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေကို လက်နက်နဲ့ နည်းလမ်းအဖြစ် ပြန်သုံးစွဲလာရင် နိုင်ငံဟာ အတွင်းထဲလှည့် ပြန်ပေါက်ကွဲ (implode) သလို ဖြစ်မှာပဲ။
နယ်ချဲ့ကို ရရာလက်နက် စွဲကိုင်တော်လှန်တယ်ဆိုတာက နယ်ချဲ့က သူ့နိုင်ငံ သူပြန်ပြေးဖို့ရှိတယ်။ ပြည်တွင်းစစ်ဆိုတာက ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး ဒီနိုင်ငံ၊ ဒီနယ်နမိတ်တွင်းမှာပဲ ကျန်နေကြရမှာဖြစ်တယ်။ နိုင်သူ၊ ရှုံးသူ ဘယ်သူမှ မအေးချမ်းနိုင်တဲ့အပြင် နိုင်လည်း အကြမ်းဖက်မှုပါ၊ ရှုံးလည်း အကြမ်းဖက်မှုပါနေတဲ့အတွက် တိုင်းပြည်နဲ့ လူ့ဘောင်အတွက် ရလဒ်ကောင်း ထွက်လာမှာ မဟုတ်ဘူး။
အလုပ်တာဝန်အရ လက်နက်တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကြီးတွေတောင် မိမိတပ်ဖွဲ့ဝင်တွေ လက်နက်အားကိုးနဲ့ မရမ်းကား မသောင်းကျန်းအောင် စည်းမျဉ်းဥပဒေတွေနဲ့ မနည်းထိမ်းထားရတာဖြစ်တယ်။ အရပ်သားကို မိမိကိုယ်ကို ခုခံကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကိုင်ခွင့်ပေးလိုက်မယ်ဆိုရင် အမေရိကန်လို နိုင်ငံတောင် အများပြည်သူနေရာတွေမှာ ပစ်ခတ်သတ်ဖြတ်မှုတွေဖြစ်တာကို မထိန်းနိုင်တာ အထင်အရှားပဲ။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အနောက်တိုင်းပညာရှင်တစ်ဦးက failed state narrative ဟာ နောက်ဆုံးမှာ စစ်တပ်လိုချင်တဲ့ ပုံစံကိုသာ ရှေးရှုသွားမယ်လို့ ရေးသွားတာဖြစ်တယ်။ ပရမ်းပတာဖြစ်နေတဲ့ လူ့ဘောင်နဲ့ နိုင်ငံကို အလုပ်တာဝန်အရ နေရာတကျ တည်ငြိမ်အောင် ပြန်လုပ်နိုင်မှာကလည်း စစ်တပ်ပဲရှိတာကိုး။ သံဃာကလည်း ဒီတစ်ကြိမ်မှာ နိုင်ငံရေးထဲ သိပ်ဝင်မပါတော့တာ ထူးခြားချက်ဖြစ်တယ်။ သူကလည်း ထိန်းပေးဖို့ စောင့်နေတဲ့ သဘောဖြစ်တယ်။
အနောက်နိုင်ငံကြီးတွေရဲ့ failed state နဲ့ civil war နှပ်ကြောင်းပေး ဇာတ်ညွှန်းကို လိုက်ကခဲ့သူတွေကိုတော့ ဉာဏ်အတော်နည်း၊ အမြော်အမြင် အတော်နည်းတယ်လို့ အထင်သေးမိတယ်။ နောက်ပြီး မီးကျိုးမောင်းပျက်၊ လက်လုပ်ဗုံး သေနတ်တွေလောက်နဲ့ပဲ လုပ်တာပါလို့ ဆင်ခြေမပေးသင့်ပါဘူး။ ရဝမ်ဒါ ဂျီနိုဆိုဒ်တုန်းကလည်း အချင်းချင်း ဓားမတွေနဲ့ပဲ ခုတ်သတ်ကြတယ်ဆိုတာ မကြားဖူးဘူးလား။

Wednesday, May 12, 2021

 မြန်မာ့စီးပွားရေးက stagflation ဖြစ်နေပြီ။ ငွေသားစီးဆင်းမှု နှေးကွေးနေတာမှာ လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့၊ သုံးစွဲဖို့ ငွေမလည်ပတ်နိုင်တာက အဓိကဖြစ်တယ်။ ဘဏ်ကြွေးမဆပ်နိုင်တာလည်း ပါတယ်။ တစ်ဦးချင်းစုဆောင်းငွေကို အားရပါးရ ငွေသားပြန်မထုတ်နိုင်တာက ဒီလောက်မဟုတ်ဘူး။ တစ်ဦးချင်းအနေနဲ့က ထုတ်လို့ရလည်း ပြန်သုံးမှာက အသေးသုံးဈေးဖိုးလောက်ပဲရှိမယ်။ ရွှေဝယ်မယ်၊ ဒေါ်လာဝယ်မယ်၊ မသုံးဘဲကိုင်ထားမယ်ဆိုရင် အဲဒါက မက်ခရိုစီးပွားရေး ရှင်သန်လည်ပတ်ဖို့ အထောက်အကူပြုမှာ မဟုတ်ဘူး။ ပြဿနာက ငွေသားရရှိမှု အကန့်အသတ်ရှိနေသေးသမျှ လူတွေရဲ့ ဘဏ်စနစ်အပေါ် မယုံကြည်မှု၊ စိတ်မချမှုကလည်း ရှိနေဦးမှာပဲ။ နိုင်ငံရေးအရလည်း အကျပ်အတည်းစတင်ချိန်မှာ ဘဏ်သပိတ်မှောက်ခိုင်းတဲ့ ရည်ရွယ်ချက်က အစိုးရကို ငွေပြတ်အောင်လုပ်ပြီး ဘဏ်တွေပြိုလဲအောင် လုပ်ချင်ကြတာမဟုတ်လား။ လက်ရှိအခြေအနေမှာတော့ တစ်ဦးချင်းအနေအထားမှာ ကိုယ့်ရှူးကိုယ်ပတ်ပြီး ကိုယ့်ပိုက်ဆံကိုယ် ထုတ်ရခက်သွားတယ်။ သင်္ကြန်ကာလအလွန် ငွေထုတ်ရ စခက်တုန်းက တိုင်းပြည်ပဲ မနက်ဖြန်သဘက် ပျက်တော့မလို၊ ပြည်တွင်းစစ်ပဲ ဖြစ်တော့မလို လှုံ့ဆော်ခဲ့ကြတာ ဘယ်အပိုင်းကလဲ။ ဗဟိုဘဏ်အနေနဲ့က‌တော့ ဘဏ်အကျပ်အတည်းကနေ ‌ကျော်လွန်ပြီး အခုလို စီးပွားရေး ရပ်တန့်ကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှုကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ဦးတည်စဉ်းစားလိမ့်မယ်ထင်ပါတယ်။ ဘဏ်‌တွေပြိုမပြိုထက် မက်ခရိုစီးပွား‌ရေးရှု‌ထောင့်က‌နေ ကုန်သွယ်‌ရေး၊ ဘဏ္ဍာ‌ရေး၊ စက်မှုစတဲ့ ကဏ္ဍစုံမှာ ဘယ်လိုနာလံထူအောင် လုပ်နိုင်မလဲဆိုတာ အဖြေရှာဖို့ ကြိုးစားပါလိမ့်မယ်။

Hla Thaingi, Phyo Theint Thiri Thwe and 11 others

Tuesday, May 11, 2021

 ရက်တစ်ရာပြည့်ပြီးတဲ့အချိန်မှာ မြင်တာပြောရရင် အနိုင်အရှုံးက နစက ၈၀%၊ အဲန်ယူဂျီ ၂၀% ဖြစ်နေပါပြီ။ အမေရိကန်က အဲန်ယူဂျီကို ရိုဟင်ဂျာကိစ္စနဲ့ ဈေးကိုင်ပြီး အသိအမှတ်ပြုပေးမှုအတွက် အလျော်အစားတောင်းနေပေမယ့် အဲန်ယူဂျီက တကယ်ရောင်းမယ်ဆိုရင်တောင် လိုက်လာမယ့်သဘောမရှိပါဘူး။ ဗင်နီဇွဲလားက ဂေဒို လောက်တောင် အဲန်ယူဂျီအနေနဲ့ မအောင်မြင်တာ မြင်နေရပါပြီ။ အောင်လအန်ဆန်းတစ်ခါ ပြောသလို ဒီပွဲမှာ ကုလားကားလို အကြာကြီးထိုးမယ်ဆိုသလို ဖြစ်နေပေမယ့် ၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းတုန်းကလည်း ၉၁-၉၂ ခုနှစ်လောက်အထိ မငြိမ်သက်ခဲ့ပါဘူး။

Monday, May 10, 2021

 "စစ်ကျွန်ပညာရေး" လို့ အော်နေကြတာတော့ မဟုတ်သေးဘူးနော်။

ခင်ဗျားတို့ပြောနေတဲ့ ဆရာတွေ၊ ပညာတတ်တွေ၊ သက်မွေးပညာရှင်တွေထဲ ၁၉၆၂ ခုနှစ်နောက် ဒီနိုင်ငံမှာ အခြေခံပညာနဲ့ ဘွဲ့ကြို၊ ဘွဲ့လွန် ဘာတစ်ခုမှ မယူခဲ့ဖူးသူ၊ ဘယ်တစ်ပိုင်းမှ မသင်ခဲ့ဖူးသူရှိသလား။
ဒီနိုင်ငံက အခမဲ့နီးပါး သင်ပေးလိုက်တဲ့ပညာတွေနဲ့ ပြည်တွင်းမှာ အသက်မွေးနိုင်၊ ပြည်ပမှာ ကြီးပွားနိုင်တဲ့ အနေအထားတစ်ခုကို ရောက်နေပြီးမှ "စစ်ကျွန်ပညာရေး" လို့ အော်နေတာတော့ ဉာဏ်နည်းရာ ရောက်လွန်းတယ်။
နောက်တစ်ချက်က ကိုယ့်ဘာသာကိုယ် "စစ်ကျွန်ပညာရေး" မကလို့ စစ်သားပေါက်ပညာရေး ပဲအော်အော်၊ ကလေးသူငယ်တွေကိုတော့ မှိုင်းမတိုက်နဲ့။ ဒါက နိုင်ငံဆီက သူတို့ ရရမယ့် အခွင့်အရေး။ ဒါကြောင့် အခြေခံပညာမှာ မသင်မနေရ ပညာရေးဆိုပြီး သတ်မှတ်ကြတာ။
နိုင်ငံရေး ရွေးကောက်ပွဲမှာလို မဲပေးခွင့်လည်းရှိတယ်၊ မဲမပေးခွင့်လည်းရှိတယ်ဆိုပြီး လုပ်ကောင်းတဲ့အရာ မဟုတ်ဘူး။

Sunday, May 9, 2021

 NUG အကြောင်း မီဒီယာမှာ သတင်းရေးတဲ့အခါ shadow government, parallel government, government in exile (တွေ့ရ နည်းသေး) လို့သာ ရေးကြတယ်။ တရားဝင်အစိုးရရယ်လို့တော့ ဘယ်သူမှ မသုံးနှုန်းကြပါဘူး။

နစက သတင်းတွေမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက NUG မှာမရှိတဲ့ ဝန်ကြီးဌာနက အရပ်သားဝန်ကြီးအများစုကို နေရာပေါင်းစုံ လျှောက်သွားပြီး ဝန်ထမ်းတွေနဲ့ တွေ့ခိုင်း၊ လုပ်ငန်းခွင် စစ်ဆေးခိုင်းတာဖြစ်တယ်။ နစက အုပ်ချုပ်လို့ ရမရတော့မသိဘူး။ နိုင်ငံအနှံ့ သွားအုပ်ချုပ်နေတာတော့ မြင်နေရတယ်ပေါ့။
NUG ဝန်ကြီးဌာနတွေကတော့ စိတ်ကြိုက် logo ရောင်စုံလှလှလေးတွေ ထွင်ပြီး ပျော်နေကြပုံပါပဲ။ အခု ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေကလည်း တစ်ဖွဲ့ကို ပုံတစ်မျိုးနဲ့ ထွက်လာကြတယ်။ ဒီနေ့လည်း BNA ဗမာကိုယ်စားပြုတပ်ဆိုပြီး တွေ့ပြန်ပြီ။ ပါတီတွေ၊ သမဂ္ဂတွေ၊ ပအဖတွေပြီးတော့ လက်နက်ကိုင်တပ်တွေ ဖောင်းပွတဲ့အလှည့် ထင်ပါရဲ့။

Saturday, May 8, 2021

 လမ်းပေါ်မှာ လူနဲ့ ကား သွားလာနေတာက ကိုဗစ်မတိုင်ခင်က အ‌နေအထားမျိုးဖြစ်နေပြီ။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ရှော့ပင်မောတွေမှာ ထိုင်စားသူ၊ ဈေးဝယ်‌သူတွေနဲ့ ပုံမှန်နီးပါး ပြန်စည်ကားနေပြီ။ တချို့ဆို ည (၉) နာရီအထိ ဖွင့်တယ်။ ရပ်ကွက်ထဲက စီးတီးမာ့တ်မှာကအစ ဘဏ်ကတ်နဲ့ ငွေချေလို့ ရနေပြီ။ မိုဘိုင်းဒေတာကို ပြန်ဖွင့်ပေးကတည်းက မိုဘိုင်းဘဏ်လုပ်ငန်းကတစ်ဆင့် ငွေလွှဲလို့ရပြီ။ ဘုရားတွေ ပြန်ဖွင့်ထားတာလည်း သွားတဲ့ ဘုရားဖူးတွေ ရှိနေတာပဲ။ ကြား မိသ‌လောက် ဆေးရုံတွေလည်း အဆင််ပြေပါတယ်။ ဗဟိုဘဏ်က ထွက်အာမခံပေမယ့် ဘဏ်ကိစ္စ မပြီးပြတ်တာကလည်း ဘဏ်ဝန်ထမ်းသပိတ်ကြောင့်ထက် မငြိမ်သက်ရင် လုပ်စားကောင်းတဲ့ အပိုင်းကလည်း ရှိနေလို့ပါ။ ပညာရေးဝန်ထမ်းသပိတ်နဲ့ ကျောင်းမတက်ကြတာကတော့ အခုမှ ဇာတ်ရှိန်တက်လာတာမို့ ဘာဖြစ်မယ် မခန့်မှန်းတတ်ပါ။ တစ်ခုရှိတာက ကိုဗစ်တတိယလှိုင်းကလည်း ရိုက်ခတ်လာနိုင်ပါတယ်။ အဲဒီအခါ အိမ်တွင်းပုန်း ပြန်နေဖို့၊ လူမှုဘဝမှာ ခပ်ခွာခွာနေကြဖို့ အစိုးရက အမိန့် ပြန်ထုတ်ရရင် ဘာဖြစ်ကုန်နိုင်သလဲ မသိပါ။ အေတီအမ်ရှေ့ တန်းစီနေတာတွေပါ ပျောက်ကုန်ရမယ် ထင်ပါတယ်။ ကျောင်းတွေလည်း နှစ်ရှည်ပြန်ပိတ်ရနိုင်ပြီး ထပ်တင်းမာလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Friday, May 7, 2021

 တက္ကသိုလ်တွေမှာ တာဝန်မှ ယာယီရပ်ဆိုင်းခံရသော ထောင်နဲ့ချီတဲ့ ဆရာဆရာများရဲ့စာရင်းကို ကြည့်လိုက်ရင် "ဒေါက်တာ" တွေချည်း တန်းစီနေတာကို တွေ့လိမ့်မယ်။ အဲဒီလို ပါရဂူဘွဲ့ရ ဒေါက်တာတွေ ဌာနတိုင်းမှာ အများကြီးဖြစ်လာအောင် လုပ်ခိုင်းခဲ့တာ နဝတ စစ်အစိုးရလက်ထက်မှာဖြစ်တယ်။ အရင်တစ်ခေတ်ကဆိုရင် ဒေါက်တာဘွဲ့မပြောနဲ့၊ မာစတာဖြစ်ဖို့တောင် နှစ်ကြာပြီး မသေချာဘူး။ အမေရိကန်၊ အင်္ဂလန်အထိ သွားပြီး ပညာသင်ရတဲ့သူလည်း နည်းတယ်။ "စစ်ကျွန်ပညာရေး" လို့ ခေါ်နေကြတဲ့ပညာရေးစနစ်ကို "ဒေါက်တာ" ဆိုတဲ့ပုဂ္ဂိုလ်တွေ အများကြီးတန်းစီပါနေတဲ့ စာရင်းတွေနဲ့ တွဲမြင်နေရတာကလည်း သမိုင်းရဲ့ သရော်မှု irony ဖြစ်တယ်။

 Facebook ဟာ လူတွေကို delusion ဖြစ်စေတယ်။ ဥပမာ၊ လူနှစ်ဆယ်သုံးဆယ်လောက် စီတန်းလှည့်လည်တဲ့ hit-and-run protests လောက်ကိုပဲ ရှုထောင့်နှစ်နေရာ သုံးနေရာလောက်က ဓာတ်ပုံရိုက်ပြပြီး တင်လိုက်ရင် ဆန္ဒပြပွဲကြီးလို့ ထင်မှတ်သွားစေတယ်။ အမည်ပေါင်းစုံပေးထားတဲ့ symbolic strikes တွေက ပိုလို့တောင် လှည့်စားဖို့ လွယ်သေးတယ်။ သူက စာရွက်လေး၊ ပန်းလေး၊ ဆေးရောင်စုံလေး၊ အရုပ်လေးတွေ လောက်ပဲ သုံးဖို့လိုတယ်။ Performance art ဆန်ဆန် ဆန္ဒပြမှုအားလုံး ဒီသဘောချည်းပါပဲ။

ကျင့်ဝတ်လိုက်နာမှုအားနည်းလာတဲ့ ပြည်ပအထောက်ပံ့ခံ ဘက်လိုက်မီဒီယာတွေက ကိုယ်ပြချင်တာကိုပဲ ရွေးချယ်ပြပြီး မြန်မာနိုင်ငံက မြေပြင်အခြေအနေကို မမြင်နိုင်မသိနိုင်တဲ့ Facebook သုံးစွဲသူတွေက ကိုယ်ယုံချင်တာ ယုံကြတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါကြောင့်လည်း အခုအချိန်ကို ပြည်သူတွေ အမိုက်မှောင်ကျတဲ့ခေတ်လို့ ခေါ်ချင်တာပါ။ စစ်တပ်က အာဏာသိမ်းလို့ အမှောင်ကျတာမျိုးမဟုတ်ဘဲ၊ လူတွေရဲ့ စဉ်းစားမြော်မြင်နိုင်စွမ်းတွေ မှေးမှိန်ဆုတ်ယုတ်သွားတဲ့ အမှောင်ခေတ်ဖြစ်ပါတယ်။
ပြဿနာက ဒီအရေးအခင်း စဖြစ်ကတည်းက တမင်ဖန်တီးထားမှန်း သိသာတဲ့ သတင်းမှားတွေ၊ ကောလာဟလတွေကို ဆိုက်ဝါးလုပ်တယ်ဆိုပြီး အများယောင်တိုင်း လိုက်ယောင်ကာ ဗုံးပေါလအော Share လုပ်ခဲ့ကြတာပဲ။ ပြီးတော့ အင်မတန်ဉာဏ်နည်းတဲ့ လူပြိန်းကြိုက် ဆယ်လီဘလော့ဂါတွေရဲ့ သုံးသပ်ချက်တွေကိုလည်း အဟုတ်အမှန်ထင်ပြီး Like ကြ၊ Share ကြပြန်တယ်။ အဖြစ်မှန်ကို သေချာစိစစ်ပြီး မျှမျတတ သုံးသပ်တဲ့အမြင်မျိုးကိုတော့ ဖောင်းထုတယ်၊ ဘေးထိုင်ဘုပြောတယ်လို့ပဲ သဘောထားပြီး လက်မခံခဲ့ကြဘူး။ ဒီလိုနဲ့ မြန်မာ့နိုင်ငံရေး debate တစ်ခုလုံးကို frame လုပ်တဲ့ပုံစံဟာ အစမကောင်းခဲ့ဘူး။ ဒါကြောင့် အနှောင်းလည်း သေချာမှာ မဟုတ်ပါဘူး။
နောက်တစ်ချက်ပြောချင်တာက တပ်က ထုတ်တဲ့ ကိန်းဂဏန်းနဲ့ စာရင်းဇယားတွေကို သေချာလေ့လာသင့်တယ်ဆိုတဲ့ အချက်ပါပဲ။ လုံးဝမှန်ချင်မှ မှန်မှာ ဖြစ်ပေမယ့် နိုင်ငံတိုင်းက တပ်မတော်တွေ၊ ကာကွယ်ရေးဝန်ကြီးဌာနတွေဟာ စစ်မက်ဖြစ်ပွားလာရင် ရန်သူအကျအဆုံး၊ မိမိအကျအဆုံးကို စနစ်တကျ မှတ်သားလေ့ရှိတယ်။ သူတို့အလောင်းမရတဲ့ ဆန္ဒပြသူတွေဘက်က သေဆုံးမှုမျိုး‌တွေကို မှတ်တမ်းမတင်နိုင်ပေမယ့် AAPP က ကိန်းဂဏန်းတွေကိုလည်း လုံးဝစိတ်ချယုံကြည်ရမယ်လို့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဘာမြင်မြင် ဘာကြည့်ကြည့် ကာလာမသုတ္တန်ကိုသာ နှလုံးသွင်းတယ်။

Thursday, May 6, 2021

 အရေးတော်ပုံအောင်မအောင်တော့ မသိဘူး၊ လမ်းပေါ် တစ်ခါမှ လူလုံးထွက်မပြဘဲ မြှောက်ပေးခဲ့သူတွေကတော့ အနောက်နိုင်ငံတွေ ရောက်လိုရောက်၊ နိုင်ငံခြားသံရုံးတွေထဲ ရောက်လိုရောက်၊ လွတ်မြောက်နယ်မြေ ရောက်လိုရောက်နဲ့ သူတို့ချွေးတစ်စက် သွေးတစ်စက်မကျ လိုင်းပေါ်က အုပ်ချုပ်နေကြပြီ။ ပြင်သစ်က အေဖယ်မျော်စင်ကို သူပိုင်တယ်ဆိုပြီး ခပ်တည်တည်နဲ့ ရောင်းစားသွားတဲ့ဖြစ်ရပ်ကို အမှတ်ရမိတယ်။

Wednesday, May 5, 2021

 နိုင်ငံတစ်နိုင်ငံရဲ့ ပင်မစစ်တပ်အဖွဲ့အစည်းကို ရန်သူလုပ်ပြီး လက်နက်ကိုင်တော်လှန်တဲ့အခါ အဲဒီစစ်တပ်ကို ဖယ်ရှားနိုင်တဲ့အခြေအနေဟာ အခြေခံအားဖြင့် နှစ်မျိုးပဲရှိတယ်။ တပ်တွင်း ပြိုကွဲရင်ကွဲ၊ မကွဲရင် ပြည်ပကျူးကျော်စစ်မှာ ရှုံးမှပဲရမယ်။ ပြည်ပစွက်ဖက်မှုမပါတဲ့ ပြည်တွင်းစစ်မှာ နိုင်ငံစစ်တပ်ဟာ ရှုံးဖို့ အခွင့်အလမ်း အင်မတန် နည်းတယ်။ ရှုံးသွားရင်ရော ဘာဖြစ်မလဲ။ အဲဒီနည်းနဲ့ တော်လှန်ရေးအောင်မြင်မှုဟာလည်း သွေးထွက်သံယို အကြမ်းဖက်မှုကို အသုံးပြုပြီး အနိုင်ရတာပဲဖြစ်လို့ နိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး၊ မိမိကြမ္မာမိမိဖန်တီးနိုင်ရေးအတွက် ဆိုးကျိုးတွေအများကြီး ကျန်ရစ်ခဲ့စေမှာဖြစ်တယ်။ ဓမ္မ၊ အဓမ္မဘယ်လောက်ပင် ခွဲခြားကြွေးကြော်ထားပါစေ၊ အင်အားသာလျှင်အမှန်တရားဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို စွဲမှတ်ယုံကြည်ဖို့ပဲ ဖြစ်သွားမယ်။ ယခုတိုင်းရင်းသားအများစုမှာ ဖြစ်ပေါ်နေတဲ့ တို့မှာ လက်နက်မရှိရင် မြန်မာစစ်တပ်က စကားပြောမှာမဟုတ်ဘူးဆိုတဲ့ အတွေးအခေါ်ဟာ ဗမာအချင်းချင်း ဆက်ဆံရာမှာလည်း စွဲပါလာရင် ငြိမ်းချမ်းရေးဆိုတာ ဆွေးနွေးညှိနှိုင်းလုပ်ဆောင်မှုရဲ့ ရလဒ်ဆိုတာ သဘောပေါက်ကြမှာ မဟုတ်တော့ဘူး။ ပြည်ပနိုင်ငံတွေ၊ အုပ်စုတွေရဲ့ အကူအညီနဲ့ ဖြေရှင်းကြတဲ့အခါ သူတို့က တောင်းလာမယ့် အလျော်အစားဟာ သိပ်ကြီးတယ်။ စင်ပြိုင်အစိုးရနဲ့ပြည်သူတွေကိုယ်တိုင် လောလောဆယ် သွေးပူနေချိန်၊ အမိုက်မှောင်လွှမ်းနေချိန်မှာ အကုန်ထိုးကျွေးချင်နေပေမယ့် နောင်တစ်ချိန်မှာ သမိုင်းမှာ ဝမ်းနည်းနောင်တရစရာ လိုက်လျောမှုတွေသာ ဖြစ်လာမှာဖြစ်တယ်။ မနေ့က အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ ဦးကျော်မိုးထွန်းကို မြန်မာတွေက ချီးမွမ်းထောပနာပြုနေကြပေမယ့် အမေရိကန်တွေ မြန်မာဆီက ဘာလိုချင်တယ်ဆိုတာ အထင်းသား ပေါ်လွင်ခဲ့တာပါပဲ။

Monday, April 12, 2021

'Federal' is the new 'Democracy'


Just as the word "democracy" was very popular with the Burmese in the late 1980s and 1990s, another word "federal" has become increasingly popularized following the recent coup in Myanmar. To be sure, the Burmese public seems to be showing that they are ready to concede many things at present, ranging from R2P and federalism to IIMM and ICC, but to what extent are these their real wishes--and concessions, for that matter?
A popular saying goes: "Don't make decisions when you are angry". Since the Burmese at the moment are furious with their coup-making military, some of the things they've been asking for surely lack the depth and breath of understanding and consideration of a wide range of issues, problems, and consequences. It would thus be unabashedly opportunistic for external forces to exploit such a big hole in the Burmese armor at one of Myanmar's most difficult moment.
Unlike the CRPP in the 1990s, the CRPH has far fewer ethnic representations: it has only two members from minor ethnic-based parties. Major election-winning ethnic parties do not land explicit or ample support to the committee. The CRPH is calling for the formation of a federal army, but without a vision of a power-sharing federal state. The term, "federal" has now been used for other sectors, such as, "federal education". While the "federal" adjective can be added to every imaginable sector, the question is, what is the essence of such discourse and the concrete plan to achieve "federal" everything and federalism?
One thing is certain: federal has become the new democracy in Myanmar. We should not be surprised if we begin to see some shops and business with "federal" name in mainland Myanmar.

Sunday, April 11, 2021

 ဒီတစ်ကြိမ် အရေးအခင်းမှာ ဘယ်ကုလသမဂ္ဂနဲ့ ဘယ်နိုင်ငံအစိုးရကမှ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးပါလို့ မတောင်းဆိုကြတော့ဘဲ၊ အခြားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုသာ မရှင်ရှင်အောင် ဝိုင်းမြှောက်ပေးနေတာကိုကြည့်ရင် သူတို့စေတနာက ရှင်းနေတာပါပဲ။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် မပါလည်းဖြစ်တယ်ဆိုတဲ့ ဒေါ်စုအလွန် အခင်းအကျင်းတစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ ကြိုဆိုဖန်တီးနေကြတာဖြစ်တယ်။ စပ်ကူးမတ်ကူးကာမှာ ပြင်ပအင်အားစုအားလုံးက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ပြည်သူဆီက အများဆုံးရအောင် ရိုက်ထုတ်ယူကြလိမ့်မယ်။ ဒါကြောင့် အိုင်စီစီ၊ အိုင်အိုင်အမ်အမ်၊ အိုင်စီဂျေကိစ္စတောင် ဒီလောက်မဟုတ်ပါ။ အဲဒီကိစ္စတွေက အချို့သော ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း၊ နိုင်ငံအနည်းငယ်လောက်ကသာ အမှန်တကယ် စိတ်ဝင်တစား အလေးထားတာဖြစ်တယ်။ နိုင်ငံကြီးတွေဆိုတာ သူတို့ကိုယ်တိုင်က အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကို လေးစားဂရုထားမှု နည်းပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ တစ်ခုဆင်ခြင်သင့်တဲ့အရာကလည်း နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုဆိုတာ ပြည်တွင်းအစိုးရတစ်ဖွဲ့၊ လူပုဂ္ဂိုလ်တစ်ဦး၊ အသင်းအဖွဲ့တစ်ရပ်အတွက်ပဲ ဦးတည်တာမျိုးမဟုတ်ပါဘူး။ အချုပ်အခြာအာဏာစည်းဆိုတာ တစ်နေရာ၊ တစ်ကြိမ်ပေါက်ခဲ့ရင် နောင်အထပ်ထပ် အချိုးဖောက်ခံရ၊ နိုင်လိုမင်းထက် အပြုခံရဖို့ အလားအလာ ပိုများလာပါမယ်။ ဒါကြောင့် ပြည်တွင်းရေးကို ပြည်တွင်းမှာသာ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းဆွေးနွေးပြီး ဖြေရှင်းခိုင်းတဲ့ နိုင်ငံနဲ့ အဖွဲ့အစည်းများဟာ အမှန်စင်စစ် မြန်မာနိုင်ငံရဲ့အကျိုးကို လိုလားသော မိတ်ဆွေများဖြစ်ပါတယ်။

Saturday, April 10, 2021

 အလုပ်သမားသပိတ်ဖြစ်ဖြစ်၊ ဝန်ထမ်းသပိတ်ဖြစ်ဖြစ် သပိတ်မှောက် (strike) ကြတဲ့အခါ သပိတ်မှာ မပါတဲ့သူ၊ တစ်ဖက်နဲ့ပူးပေါင်းသူတွေကို အရှက်ခွဲသိက္ခာချ (shaming) တာ၊ အနိုင်ကျင့် (bullying) တာက တွေ့ရလေ့ရှိတဲ့ သဘာဝလည်းကျသော လူမှုအလေ့အကျင့် ပုံသဏ္ဌာန်တစ်ခုဖြစ်တယ်။ သို့သော် သပိတ်အများစုရဲ့သဘောဟာ စုပေါင်းညှိနှိုင်းမှု (collective bargaining) ကို ဆောင်ရွက်ဖို့ အလုပ်သမားလူတန်းစားဘက်က အင်အားတိုးမြှင့်ပေးရုံသာဖြစ်တယ်။ သပိတ်မှောက်နေသူတွေကိုယ်တိုင်က နိုင်ငံတော်/အစိုးရ (State) တက်လုပ်ဖို့မဟုတ်ဘူး။

ဘာကြောင့်လဲဆိုတော့ တစ်ဖက်က ယှဉ်ပြိုင်ဖက် အလုပ်ရှင်ဟာ အစိုးရဖြစ်နေခဲ့ရင် သူ့မှာ နိုင်ငံတော်ရဲ့ သွေးထွက်သံယိုဖြစ်အောင် လုပ်နိုင်တဲ့ ရဲ၊ စစ်တပ်၊ ထောင်၊ တရားရုံးစတဲ့ ဖိနှိပ်ရေးယန္တရားတွေကို ကိုင်ထားတာကြောင့်ဖြစ်တယ်။ တစ်နည်းပြောရရင် ဂျာမန်ဒဿနပညာရှင် ဗေဘယ် ပြောခဲ့တဲ့ အကြမ်းဖက်မှုကို တရားဝင်ကျင့်သုံးနိုင်ခွင့်ကို လက်ဝါးကြီးအုပ်နေတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတော်/အစိုးရက ထိန်းချုပ်ထားတာမို့ အဲဒီလိုယန္တရားမရှိတဲ့ လက်မဲ့တွေကို ကရုဏာသက်သောအားဖြင့် အလုပ်သမားအချင်းချင်း သိက္ခာချ၊ အနိုင်ကျင့်၊ အရှက်ခွဲတာတွေကို လက်ခံပေးတဲ့သဘောသာဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာတော့ လူမှုဒဏ်ခတ်ခြင်းကို လှုံ့ဆော်နေတဲ့အဖွဲ့ကိုယ်တိုင်က လက်နက်ကိုင်တပ်သစ်တစ်ခု အပါအဝင် နိုင်ငံတော်/အစိုးရတစ်ရပ်ရဲ့ အင်္ဂါအစုံအလင်ဖြစ်လာအောင် အုပ်ချုပ်ရေး၊ လုံခြုံရေးယန္တရားများကိုပါ စင်ပြိုင်တည်ထောင်ချင်တဲ့ ရည်ရွယ်ချက်ရှိနေကြောင်းတွေ့ရတယ်။ တစ်နည်းပြောရရင် သူကိုယ်တိုင်က နိုင်ငံတော် (State) ဖြစ်ချင်နေတာဖြစ်တယ်။ အဲဒီအခါကျတော့ သူကနေပြီး "ငါနဲ့မတူ ငါ့ရန်သူ" သဘောနဲ့ ပြုမူတဲ့ အပြုအမူကို ကရုဏာထား စဉ်းစားပေးဖို့ ခက်ခဲပါတယ်။ ရဲ၊ စစ်တပ်၊ ထောင်၊ တရားရုံးစတဲ့ ဖိနှိပ်ရေးယန္တရားတွေ လက်ရောက် မပိုင်ခင်သေးမှာတောင် ဒီလိုအတွေးအခေါ်မျိုးနဲ့ မောင်းနှင်လုပ်ကိုင်နေရင် တကယ် နိုင်ငံတော်အာဏာကို ရလာချိန်မှာ ဖိနှိပ်တဲ့နိုင်ငံတော်/အစိုးရအဖြစ် ပြုမူမယ့်အလားအလာ ပိုများလာလို့ဖြစ်တယ်။ "တော်လှန်ရေးဟာ နိုင်ငံတော်ဖြစ်လာချိန်မှာ အဲ့ဒါ ငါ့ရန်သူ ပြန်ဖြစ်လာတယ်" (When the revolution becomes the State it becomes my enemy again) ဆိုတဲ့ စကားအတိုင်းပဲ ဖြစ်လာမယ်ထင်မိပါတယ်။

Friday, April 9, 2021

နစက ပြောရေးဆိုခွင့်ရှိသူက အရေးပေါ်အခြေအနေဟာ နှစ်နှစ်ကြာနိုင်တယ်လို့ ပြောသွားတာရယ်၊ တပ်ထောက်ခံတဲ့ နိုင်ငံရေးပါတီနဲ့ အမျိုးသားအင်အားစုတွေ ‌လောလောဆယ် ငြိမ်နေတာရယ်၊ တပ်မတော်နေ့က အငြိမ်းစားတပ်အရာရှိကြီးများကို စုံစုံလင်လင် မြင်တွေ့ရတာရယ်ကို ကြည့်ပြီး အကဲခတ်ရရင် ဒီအခင်းအကျင်းဟာ တပ်ရဲ့ ကာလလတ် ထွက်ရပ်လမ်း ဖြစ်ဟန်တူပါတယ်။
အခုအချိန်မှာ 'အားလုံးအတွက် ငဝက်က ဒဏ်ခံ' ဆိုတာမျိုး ဖြစ်နေပေမယ့် စစ်တပ်ဆိုတာ နိုင်ငံအာဏာကို ထာဝစဉ်ယူထားလို့ မရပါဘူး။ ဒါကြောင့် တပ်က ချန်ထားတဲ့ တစ်ကွက်ကောင်းဟာ နောက်လုပ်ပေးမယ့် ရွေးကောက်ပွဲနဲ့ သူ့မိတ်ဆွေလို့ သဘောထားတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေပဲ ဖြစ်လိမ့်မယ်။
အဲဒီပါတီတွေ၊ အဖွဲ့တွေကို လက်ရှိအခြေအနေမှာ သိပ်ဝင်မပါခိုင်းတော့တာလည်း နေရာ၊ ထွက်ပေါက် ချန်ထားတာပါပဲ။ နောက်သုံးလေးနှစ် တပ်မှာ ခေါင်းဆောင်မှုပြောင်း၊ မျိုးဆက်ပြောင်းချိန်နဲ့ အရပ်သားတစ်ပိုင်းအစိုးရတစ်ရပ် ပြန်ပေါ်ပေါက်လာချိန်ကျရင် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖြစ်ဖို့ စဉ်းစားမှာပါ။
ဒီထွက်ပေါက်ကထွက်ရင် ဖက်ဒရယ်ဒီမိုကရေစီကိုတော့ ရောက်ချင်မှ ရောက်မှာဖြစ်တယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံက ပြဋ္ဌာန်းထားသော တပ်စိတ်ကြိုက် စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်ကိုတော့ ပြန်ရောက်သွားမှာဖြစ်ပါတယ်။

Thursday, April 8, 2021

 မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဆိုတာ ကမ္ဘာကို တကယ်မြင်ဖူးမှ၊ နိုင်ငံတကာရေးရာ၊ နိုင်ငံတကာဆက်ဆံရေးကို တကယ်နားလည်သဘောပေါက်မှုရှိမှ ဖြစ်ပေါ်လာတာမျိုးပဲ။ (ကုန်းဘောင်ခေတ်က ပြင်သစ်ရောက် မြန်မာပညာတော်သင်တွေကို ဘာတတ်မှာလဲလို့ ဒေါက်တာသန်းထွန်းက ထင်သလိုဖြစ်တယ်။) ၂၀၀၀ ပြည့်လွန်နှစ်တွေက ဥရောပမှာ တွေ့ခဲ့ရသမျှ တရုတ်ကျောင်းသားတွေ၊ ပညာတော်သင်တွေဟာ နည်းပညာ၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးပညာတွေကိုသာ အစဉ်တစိုက် သင်ယူကြတယ်။ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်အောင်ကြိုးစားတယ်။ မျိုးဆက်နှစ်ဆက်အတွင်းမှာပဲ အဘိဓာန်ကြည့်ရ၊ ဘာသာပြန်ဖတ်ရတဲ့ဘဝကနေ အင်္ဂလိပ်လို သွက်လက်ချက်ချာနေအောင် ပြောနိုင်သော ပြည်တွင်းကို ပြန်စီးဝင်တဲ့ တရုတ်လူ့စွမ်းအားရင်းမြစ်တွေ ပေါ်ပေါက်လာတယ်။ ဒါ့အပြင် စီးပွားရေးတောင့်တင်းသလို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ခိုင်မာနေတဲ့ နိုင်ငံသားတွေ ထွက်လာတယ်။ မြန်မာနိုင်ငံရဲ့ တံခါးဖွင့်ကာလ ဆယ်နှစ်ကတော့ တိုတောင်းတဲ့အပြင် နိုင်ငံနဲ့ လူမျိုးအတွက် သဘောထားအမြင်မှန်မျိုး ပေါ်လာအောင်လည်း ဘာမှ မစွမ်းဆောင်နိုင်ဘူးဖြစ်သွားတယ်။ အခုတော့ တစ်တိုင်းတစ်ပြည်လုံး ဘာတွေလုပ်နေမှန်းကို နားမလည်တော့ဘူး။ တကယ်ပြောတာ။

Tuesday, April 6, 2021

 ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဒုတိယအကြိမ်လွှတ်တော်က သက်တမ်းကုန်ခဲ့ပြီ။ တတိယအကြိမ်လွှတ်တော်က ပေါ်ပေါက်ခဲ့ခြင်း မရှိဘူး။ လွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ၂၀၀၈ အခြေခံဥပဒေထဲက လွှတ်တော်ကိုပဲ ညွှန်းဆိုတာဖြစ်ပြီး သမ္မတ၊ ဒုသမ္မတဆိုတာတွေကလည်း ၂၀၀၈ ထဲပါတဲ့ ရာထူးတွေပဲဖြစ်တယ်။ ကုန်ကုန်ပြောရရင် ယာယီဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီက ရုံးစာခေါင်းစီးထဲ ထည့်သုံးနေတဲ့ နိုင်ငံတော်အမှတ်တံဆိပ်၊ လွှတ်တော်အမှတ်တံဆိပ်တွေကအစ ၂၀၀၈ ထဲကပါပဲ။

တဖန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းလိုက်ပြီဆိုပြန်တော့ ဘယ်အခြေခံဥပဒေအောက်က ဘယ်ရွေးကောက်ပွဲနဲ့ ရွေးကောက်တင်မြှောက်လိုက်တဲ့ ဘယ်လွှတ်တော်ကို သူတို့ကိုယ်စားပြုနေမှန်း မသိတော့ပါဘူး။
နောက်တစ်ချက်က ၂၀၀၈ အတိုင်း သမ္မတရွေးဖို့ဆိုရင်လည်း တပ်က ဒုသမ္မတတစ်ဦး ပါဝင်ရပါမယ်။ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးကောက်တဲ့စနစ်မဟုတ်ဘဲ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်ရတာကြောင့်ဖြစ်ပါတယ်။ နစက ဘက်က ယာယီသမ္မတကို ကာ/လုံခေါ်ခိုင်းပြီး ‌အရေးပေါ်အခြေအနေကြေညာခိုင်းတာကလည်း ၂၀၀၈ အရ မေးခွန်းထုတ်စရာဖြစ်တာမှန်ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းတယ်ဆိုတာကိုက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြင်ပက လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း နစက က သူ့လုပ်ရပ်ကို အာဏာထိန်းတယ်လို့ချည်း တောက်လျောက် ပြောနေတာပါ။ တပ်အနေနဲ့ ၂၀၀၈ ကို ဖျက်မပစ်ချင်တာက လိုရင်းဖြစ်တယ်။
သို့သော် ဖျက်ချင်ပေမယ့် ၂၀၀၈ မူဘောင်ထဲက နိုင်ငံတော်အဖွဲ့အစည်းများကို သံယောဇဉ်မဖြတ်နိုင်ဘဲ ကိုယ်စားပြုရန် ပြန်သုံးနေရသူများအဖို့ကတော့ ကြာလေ အဆီအငေါ်မတည့်ပိုဖြစ်လေ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာက တောင်းဆိုနေတဲ့ အာဏာသိမ်းမှုမတိုင်ခင်က အခြေအနေမျိုးကို ပြန်ရောက်ဖို့ ဖြစ်နိုင်ခြေဟာလည်း ပိုနည်းသွားပါလိမ့်မယ်။ စိုးရိမ်စရာက ဒီအဆီအငေါ်မတည့်မှုကြောင့်ပဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသစ်တစ်ခု တိုးလာမယ့်အန္တရာယ် ဖြစ်ပါတယ်။

Monday, March 15, 2021

 စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအနေနဲ့ ဘယ်ရည်မှန်းချက်တွေကို ရရှိရင် အောင်မြင်ရန် နီးစပ်ပြီလို့ ယူဆတဲ့ အညွှန်းကိန်းအများစုက ပြည်ပရှိ အပြောင်းအလဲ အချက်အလက်များ/နိုင်ငံတကာဆက်ဆံရေး အကြောင်းခြင်းရာများဖြစ်နေပါတယ်။ ဥပမာ၊ အမေရိကန်ရေတပ်သ‌င်္ဘော၊ Quad လေးနိုင်ငံလုံခြုံရေးအစည်းအဝေး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဂျပန်နိုင်ငံခရီးစဉ်၊ တောင်တရုတ်ပင်လယ်ထဲက တရုတ်နဲ့ အခြားနိုင်ငံတွေရဲ့ ထိပ်တိုက်တွေ့မှု၊ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီက သတင်းများစသဖြင့် ဖြစ်ပါတယ်။ တဖန် ပြည်ပနိုင်ငံခေါင်းဆောင်များ၊ ကုလသမဂ္ဂသံတမန်များ၊ ကိုယ်စားလှယ်များ၊ အစီရင်ခံစာတင်သွင်းသူများ၊ သတင်းစာဆရာပေါင်းစုံက လူမှုမီဒီယာမှာ အတိုအထွာရေးတင်သမျှ၊ ကြေညာချက်မျိုးစုံထုတ်သမျှမှာလည်း အားတက်စရာ အရိပ်အယောင်ကို ရှာဖွေညွှန်းဆိုကြပါတယ်။ ဒီလိုပုံစံ အောင်ပွဲမျှော်နေတဲ့ ကြောင်းကျိုးယုတ္တိက မိမိနိုင်ငံပြင်ပရှိ ကြီးမားတဲ့အင်အားတစ်ခုက ပြည်တွင်းအခြေအနေအရပ်ရပ်ကို ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်တာဖြစ်တယ်။ အင်္ဂလိပ်လိုပြောရရင် externally-imposed change ကို မျှော်ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာဖိအားက မည်မျှပင် ကြီးမားပြင်းထန်ပါစေ၊ ပြည်တွင်းမှာ အပြောင်းအလဲဖြစ်ပေါ်ဖို့ ဘုံထွက်ပေါက်တစ်ခု တွေ့ရှိနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို မမေ့ဖို့လိုပါတယ်။ သွေးထွက်သံယို အကြမ်းဖက်မှု အများကြီးဖြစ်ခဲ့ပြီးတဲ့ တွန်းလှန်မှုတစ်ခုဟာ နောက်ထပ် အတွင်းအပြင် အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပြီး ပြောင်းလဲသွားခဲ့တယ်ဆိုရင်တောင် ဖြစ်ပေါ်လာမယ့် ပဋိပက္ခလွန်အခင်းအကျင်းဟာ စိတ်ကူးယဉ်ထဲကလို ဘယ်တော့မှ ငြိမ်းချမ်းပြည့်စုံသော အခင်းအကျင်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဆုံးမှာ ညှိနှိုင်းဆွေးနွေးရေးကသာ ဘုံထွက်ပေါက်တစ်ခုကို ရှာဖွေနိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။


Sunday, March 14, 2021

အဓမ္မနဲ့ အဓမ္မကြားကတိုက်ပွဲ

 နိုင်ငံရေးတိုက်ပွဲမှာ ဓမ္မနဲ့ အဓမ္မဆိုပြီး သုံးစွဲကြတာကလည်း သိပ်မဟုတ်ပါဘူး။ တကယ်တော့ ဓမ္မ၊ အဓမ္မဆိုတာက ဗုဒ္ဓဝါဒ ဝိနစ္ဆယ အငြင်းပွားဖွယ် ကိစ္စရပ်များမှာ အများဆုံး သုံးစွဲတာဖြစ်ပါတယ်။ ဘယ်အယူဝါဒကတော့ ဘုရားဟောနဲ့ ကိုက်ညီလို့ ဓမ္မ၊ ဘယ်အယူဝါဒကတော့ ဘုရားဟောနဲ့ မကိုက်ညီလို့ အဓမ္မဆိုပြီး သတ်မှတ်ကြတာဖြစ်တယ်။ အင်္ဂလိပ်လို nature ကို သဘာဝဓမ္မ၊ realism ကို ဒိဋ္ဌဓမ္မဝါဒ စသဖြင့် မြန်မာဘာသာ ပြန်ဆိုသုံးနှုန်းကြတာလည်း ရှိတယ်။ နိုင်ငံရေးမှာ ဓမ္မနဲ့ အဓမ္မဆိုပြီး ယူသုံးစွဲနေတာက လူပြိန်းနားလည်သလို တရားမှုနဲ့ မတရားမှု၊ အမှန်နဲ့ အမှားကို လောကဝေါဟာရအားဖြင့် နားလည်အောင် ဖော်ညွှန်းခြင်းသာ ဖြစ်ပါတယ်။ လောကီသဘော နိုင်ငံရေးကျင့်စဉ်အရပြောရရင် နှစ်ဖက်လုံးဟာ အဓမ္မတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါဆိုရင် အဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲဆိုတာလည်း ရှိနိုင်ပါတယ်။


Saturday, March 13, 2021

 အကြမ်းဖက်မှုခံရရင် 'ဥပဒေနဲ့အညီ' မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ စာထုတ်လိုက်တော့ ဘာထူးသွားမှာလဲ။ 'မင်းမဲ့ဝါဒ' အတွေးအခေါ်မှာ အစိုးရရှိတယ်ဆိုတာတောင် လက်မခံချင်လို့ တရားတဲ့ဥပဒေလည်း ချိုးဖောက်ပြကြသေးတာပဲ။ စာမထုတ်လည်း လူတွေက ကိုယ့်အသားထိလာရင် ပြန်လုပ်တာပါပဲ။ 'ဥပဒေနဲ့အညီ' ပြန်ချခွင့်ပေးတယ်ဆိုတာက 'နိုင်ငံရေးကိစ္စ' မဟုတ်ဘူးလား။

အခု နစက ဘက်က ပြောပြနေတဲ့ ဇာတ်ကြောင်းတွေကို တစ်ချက်ကြည့်လိုက်ဦး။ လူအုပ်က ရဲစခန်းကို လာတိုက်တာ၊ စက်ရုံတွေကို မီးရှို့တာ၊ မီးသတ်ကားတွေ မီးငြှိမ်းဖို့လာတာကို ပိတ်ဆို့တာတွေလို့ပဲ ပြောနေပြီ။ လူအကျအဆုံး၊ ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေကိုပြပြီး တပ်ကို "လက်မြှောက်ပါပြီ"လို့ ထွက်လာအောင်၊ ညှိနှိုင်းဆွေးနွေး စကားပြောလာအောင်တော့ လုပ်လို့မရနိုင်ဘူးထင်တာပဲ။
__________________________________


စီအာပီအိပ်ချ်ရဲ့ ယနေ့စာထွက်လာအပြီးမှာ နွေဦးတော်လှန်ရေးကို အကြမ်းမဖက်တဲ့ လှုပ်ရှားမှုလို့ မခေါ်ဆိုနိုင်တော့ပါဘူး။ စီအာပီအိပ်ခ်ျဟာလည်း စစ်တပ်နည်းတူ 'ဥပဒေ'ကို အသုံးချပြီး မိမိကိုယ်ကို ခုခံကာကွယ်ရန် အကြောင်းပြချက်နဲ့ အကြမ်းဖက်မှုကို အားပေးတဲ့ အဖွဲ့အစည်းဖြစ်သွားပါပြီ။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသစ်တစ်ခုစီကို လမ်းကြောင်းတင်ပေးရာ ရောက်ပါတယ်။

Tuesday, March 9, 2021

 နစက အနေနဲ့ ဒေါက်တာဆာဆာ၊ ထင်လင်းအောင် နဲ့ ကုန်ကုန်ပြောရရင် CRPH ခေါင်းဆောင်တွေကိုတောင် သိပ်အရေးပါတယ်လို့ ထင်ဟန်မရှိပါဘူး။ လက်ရည်တူပြိုင်ဘက်များမဟုတ်ဘူးလို့ ယူဆပါလိမ့်မယ်။ ဦးကျော်မိုးထွန်း၊ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဝင်းမြတ်အေးတို့လို ပုဂ္ဂိုလ်မျိုးတွေကိုတော့ ပညာရှင်တွေလည်းဖြစ်၊ ဩဇာလွှမ်းမိုးမှုလည်း ကြီးမားတဲ့အတွက် သူတို့လှုပ်ရှားဆောင်ရွက်မှု‌မှန်သမျှကို ပိုမိုသတိထားတုံ့ပြန်လိမ့်မယ်။ နစက မီဒီယာက သတင်းတွေမှာလည်း ဒီအချက်ဟာ ပေါ်လွင်ပါတယ်။ CRPH ၊ ဒေါက်တာဆာဆာ တို့ကကျတော့ တစ်ဒင်္ဂမှာ လူကြိုက်များထောက်ခံမှုနဲ့ လူထုစိတ်အင်အားကို အများကြီး ဆွဲတင်ပေးနိုင်ပေမယ့် ရေရှည်တိုက်ပွဲမှာ ခြေမပေါ်နိုင်ပါဘူး။ အပေါ်ယံတက်ကြွလှုပ်ရှားမှု ဆန်ပါတယ်။

Monday, March 8, 2021

 ဒီနိုင်ငံရေးလိပ်ခဲတည်းလည်းဖြစ်နေမှုကို အမြန်ပြီးဆုံးစေချင်ပြီ။ လက်ရှိအခြေအနေဟာ နှစ်ဦးနှစ်ဖက်လုံး ဆုံးရှုံးရမယ့် သူရှုံး-ကိုယ်ရှုံးရလဒ် (lose-lose outcome) ကိုသာ ဦးတည်နေတာဖြစ်တယ်။ အဆုံးရှုံးဆုံး ဖြစ်မှာကတော့ မြန်မာနိုင်ငံပဲ။ နိုင်သူမရှိတဲ့ တိုက်ပွဲဖြစ်တယ်။ နိုင်တဲ့သူလည်း ရှုံးမှာပဲ။ ရှုံးတဲ့သူလည်း ရှုံးတာပဲ။ နိုင်ငံတစ်နိုင်ငံကို ချွတ်ခြုံကျနိုင်ငံ (failed state) အဖြစ် အရင်တွန်းပို့ပြီးမှ ပြန်လည်ထူထောင်ဖို့ဆိုတာ အင်မတန်အမြော်အမြင်နည်းရာ ရောက်တယ်။ ဒီစကားက နှစ်ဖက်လုံးကို ပြောရမယ့်စကားဖြစ်တယ်။ ဒီလိုပြောရင်လည်း အခုအချိန်မှာ တစ်ဖက်နဲ့ တစ်ဖက် သူ့အပြစ်၊ ကိုယ့်အပြစ် လက်ညှိုးထိုး ပြစ်တင်ကြဦးမှာပဲ။ သို့သော် ဒီအခြေအနေ ဒီအတိုင်းဖြစ်လာရမယ်လို့ မဖြစ်မနေ မရှောင်လွဲနိုင်ခဲ့တာ (inevitability) မျိုး လုံးဝ မရှိပါ။ ဘက်တစ်ဖက်စီက တည်ဆောက်လာခဲ့တဲ့ ပြောဆိုသုံးနှုန်းမှု (discourse)၊ ဇာတ်ကြောင်းဖွဲ့ပုံ (narratives) ၊ ရန်/ငါခွဲမှု (securitization) တွေ ရှိကြပါတယ်။ နောက်ဆုံး အဲဒီအရာတွေမှာ မိမိဘာသာ မိမိပြန်ပတ်မိ၊ ပိတ်လှောင်မိပြီး စိတ်ကြံစည်တာနဲ့ နုတ်ကပြောထွက်သမျှက ပြုမူလုပ်ဆောင်မှုတွေ ဖြစ်လာတဲ့အခါ အကျပ်အတည်းက ရုပ်လောကမှာ အကြမ်းစားပေါ်လွင် ဆိုးဝါးလာတာဖြစ်တယ်။ တစ်ဖက်က ကစားပွဲကို မတရား ဖျက်တယ်။ အခြားတစ်ဖက်ကလည်း ပွဲပျက်ပြီဆိုပြီး လိုက်နာဖို့ စည်းမျဉ်းမရှိတော့ဟန် ပြုမူတယ်။ စည်းမျဉ်းသစ်တွေ အပြိုင်ရေးဆွဲတယ်၊ အပြင်လူကို ခေါ်သွင်းချင်တယ်။ ခုံသမာဓိအနေနဲ့တော့ မဟုတ်၊ မိမိဘက် ပါဖို့အတွက်သာ ဖြစ်နေတယ်။ ခက်တာက အပြင်မှာ ကမ္ဘာ့အစိုးရ (world government) ဆိုတာ မရှိဘူး။ ဒီတော့ ခုံသမာဓိခေါ်ထားသူတချို့ကိုယ်တိုင်က ဖျာဝင်ခင်းကြတယ်။ ကမ္ဘာမှာ မြန်မာဟာ လတ်တလောမှာတော့ ဖျာခင်းစရာ နေရာပေါ့။ တကယ်ကြားဝင်ပေးနိုင်မယ့်သူတွေကိုလည်း ရန်လုပ် စကားလွန်ထားကြတော့ ဘေးလူတွေက မင်းတို့အသိုက်အမြုံကို မင်းတို့ဘယ်လောက်ပျက်အောင် ဖျက်ကြမလဲလို့သာ အံ့ဩခြင်းကြီးစွာနဲ့ ငေးကြည့်ရုံသာ။

Friday, March 5, 2021

 မိသားစုဝင်အချင်းချင်း ဆူဆူညံညံ အော်ဟစ် ရန်ဖြစ်တဲ့အခါ မနေနိုင်တဲ့ အရပ်က ကြားဝင်ဖြန်ဖြေပေးရလေ့ရှိပါတယ်။ လက်လွန်ခြေလွန်မဖြစ်ကုန်အောင် ဝင်ဆွဲပေးရပါတယ်။ ဝင်မဖြန်ဖြေဘဲ ဘေးကနေပြီး ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူက အိမ်ထောင်ဦးစီးရယ်လို့ အဆုံးအဖြတ်ပေးနေရမှာ မဟုတ်ပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးချင်းအဆင့်မှာတောင် တန်းတူရည်တူ အဆက်ဆံမခံရရင် လူအများစုဟာ မုန်းတီးနာကျည်းတတ်ကြပါတယ်။ ဒါကြောင့် စေ့စပ်ဖြန်ဖြေဖို့ တာဝန်ရှိသူဆိုရင် အစကတည်းက ဘက်လိုက်မှုကင်းကြောင်း ပြသပြီး နှစ်ဖက်လုံးအပေါ် မျှတသော စိတ်သဘောထား ရှိရပါမယ်။ ဒီအချက် မပေါ်လွင်ခဲ့ရင် သူ့အနေနဲ့ စေ့စပ်ညှိနှိုင်းသူနေရာကို ဝင်နိုင်မှာ မဟုတ်ပါဘူး။ မဝင်နိုင်တဲ့အခါ ရန်ပွဲက ဆက်ဖြစ်နေပြီး အိမ်တွင်းပဋိပက္ခကို အသွင်ပြောင်းလဲဖို့ ကူညီဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ စေ့စပ်ဖြန်ဖြေသူနေရာက မနေချင်ဘူး၊ လမ်းဘေးက ပွဲကြည့်သူတွေလိုပဲ နှစ်ဖက် ပင်ပန်းတဲ့အထိ သတ်ကြပေါ့၊ အဲဒီအိမ်လည်း မီးလောင်ပြာကျရင်ကျလို့ သဘောထားနိုင်ရင်တော့ မပြောတတ်ပါ။

 "အဆုံးသတ်တိုက်ပွဲ" ဆိုတာက ကွန်မြူနစ်ဝေါဟာရလို့ဆိုရမယ်။ ပါရီကွန်မြူးန်အပြီး အင်တာနေရှင်နယ် (L'internationale) သီချင်းကို စပ်တဲ့အခါ "C'est la lutte finale" (အင်္ဂလိပ်လို 'Tis the final conflict) ဆိုတဲ့ စာသားပါခဲ့တယ်။ ဘာပဲပြောပြော အဆုံးသတ်တိုက်ပွဲ လို့ပြောသံကြားတိုင်း လက်ဝဲအယူဝါဒတွေကိုသာ သွားအမှတ်ရမိတာတော့ အမှန်ပဲ။ တော်လှန်ရေးတစ်ရပ်ဟာ တစ်စုံတစ်ရာကို ဆန့်ကျင်ရုံသာဖြစ်ပြီး အိုင်ဒီအိုလိုဂျီမပါရင်ရော လေးနက်မှုရှိမလား မပြောတတ်ပါ။ ဘူဇွာတော်လှန်ရေးဆိုရင်တော့ အဆုံးသတ်တိုက်ပွဲလို့ ဆိုနိုင်မှာ မဟုတ်ပါ။

Saturday, February 27, 2021

ညှိကြပါ

 စစ်အာဏာသိမ်းမှုတစ်ခု အထမြောက်ဖို့ မမြောက်ဖို့ မောင်းနှင်နေတာဟာ စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ ဆန္ဒပြသူတွေ၊ ကြမ်းတမ်းရိုင်းပြတဲ့ ဗိုလ်ချုပ်တွေလို့ ကျွန်တော်တို့ ထင်မှတ်လေ့ရှိတယ်။ မဟုတ်ပါဘူး။ လက်တွေ့အားဖြင့် အာဏာသိမ်းမှုတိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးကို လွှမ်းမိုးထားတဲ့ လက်ရွေးစင် အထက်တန်းလွှာတွေ (elite) က အဓိက မောင်းနှင်သွားတာဖြစ်တယ်။ သူတို့ဟာ အာဏာအပေးအယူကို ညှိနှိုင်းပေးနိုင်မယ့် ပွဲစားများ (power brokers) ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်တစ်ဦးကို အဆုံးမှာ ဖယ်ရှားနိုင်ခြင်း ရှိမရှိဆိုတာ အဲဒီလူတွေအပေါ် အများကြီး မူတည်ပါတယ်။ သူတို့ တက်ညီလက်ညီ ဆောင်ရွက်နိုင်မှသာ အာဏာသိမ်းခေါင်းဆောင်ကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ စစ်တပ်ရော၊ ဆန့်ကျင်အုံကြွနေသူတွေပါ အဆုံးစွန်သော အနေအထားကိုဆွဲပြီး "သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး" သဘောနဲ့ ပြုမူလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဆန္ဒပြခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုမှု ရယူခြင်း သက်သက်နဲ့ တည်ဆဲအာဏာကို ဖြုတ်ချနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းတစ်ခုက ကာလတိုမှာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်မှုယန္တရားကို လုံးဝပြိုပျက်အောင် လုပ်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နိုင်ငံတကာကို ဝင်ရောက် အရေးယူစွက်ဖက်ခိုင်းဖို့ကလည်း မဖြစ်နိုင်တဲ့အပြင် ဆင်ခြင်ဉာဏ်နည်းရာရောက်ပြီး အန္တရာယ် သိပ်ကြီးပါတယ်။ စစ်အုပ်ချုပ်ရေးအနေနဲ့ကလည်း ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် ရပ်ရွာငြိမ်သက်မှု ရရှိဖို့အတွက် အချိန်ကာလနဲ့ အင်အား အများကြီးသုံးရမယ်။ ဆန့်ကျင်နေသူလူထုနဲ့ ပြိုင်ဘက်အုပ်စုတွေရဲ့ ပူးပေါင်းမှုကို မရရင် နိုင်ငံပုံမှန်အခြေအနေ ပြန်ရောက်ဖို့လည်း လွယ်မှာမဟုတ်ပါဘူး။
နှစ်ဖက်လုံးမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဧလိတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ကြားဝင်စေ့စပ်မှုကို လိုအပ်ပါတယ်။

Thursday, February 25, 2021

 မြန်မာနိုင်ငံမှာ စစ်တပ်က မြေရှင်ပဒေသရာဇ်လူတန်းစား Feudal Class ၊ မြို့နေပညာတတ်နဲ့ ကုန်သည်လယ်လုပ်က Bourgeoisie and Petite Bourgeoisie ၊ ပျံကျနဲ့ နေ့စားလုပ်သား (၅၀၀၀ စားလို့ အခေါ်ခံနေရသူတွေ)

က Lumpenproletariat ။ စက်ရုံအလုပ်ရုံလုပ်သား Proletariat က Gen Z ၊ CDM စတာတွေကြား မထင်မရှားဖြစ်နေတယ်။ လက်ရှိမြန်မာပြည်မှာ မြင်တွေ့နေရတာက José Nun ပြောတဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဒီမိုကရေစီနည်းနဲ့တင်မြှောက်ထားတဲ့ လက်ဝဲအစိုးရတွေကို ဖြုတ်ချပစ်သော Middle-Class Coup မျိုးနဲ့လည်း မတူဘူး။ ပဒေသရာဇ်နဲ့ ဘူဇွာလူတန်းစားတို့ရဲ့ ပဋိပက္ခအသွင်သာ ဆောင်နေတယ်။ ဒါဟာတော်လှန်ရေးဆိုရင်တောင် Proletariat Revolution မဟုတ်ဘူး။ Bourgeois Revolution သာဖြစ်တယ်။ အဲဒီမှာမှ Lumpenproletariat ဟာ ပဒေသရာဇ်လူတန်းစားရဲ့ အကြမ်းဖက်ဖိနှိပ်မှု အစမ်းသပ်ခံအဖြစ်ရော (မန္တလေးသင်္ဘောကျင်းဖြစ်စဉ်)၊ အကြမ်းဖက်မှုလုပ်ဆောင်ရန် နယ်ရုပ်လေးတွေ (Vigilantes) အဖြစ်ပါ အသုံးချခံနေရတယ်။ ဘူဇွာလူတန်းစားရဲ့ အထင်သေးရှုတ်ချမှုကို ခံရတယ်။

Friday, February 12, 2021

နိုင်ငံရေးလှုပ်ရှားမှု သို့မဟုတ် လူမှုလှုပ်ရှားမှု (political/social movement) တစ်ခု အောင်မြင်ဖို့

 နိုင်ငံရေးလှုပ်ရှားမှု သို့မဟုတ် လူမှုလှုပ်ရှားမှု (political/social movement) တစ်ခု အောင်မြင်ဖို့အတွက် ခေါင်းဆောင်မရှိလို့ မရဘူး။ ထင်ရှားတဲ့ခေါင်းဆောင်မရှိရင် လူထုတပ်ကျွံတဲ့အခါ ဘယ်သူမှ မထိန်းနိုင်ဘဲ ဖြစ်မယ်။ လှုပ်ရှားမှုမှာ ပြည့်စုံလုံလောက်သော ရင်းမြစ်ရှိရမယ်။ တရားဝင်မှု ရှိရမယ်။ လူ့အဖွဲ့အစည်းအတွင်းက နိုင်ငံသားအများဆုံးက ခံစားနားလည်ပေးနိုင်မယ့် တန်ဖိုးတွေလည်း ရှိရမယ်။ အရေးအကြီးဆုံးက အကြမ်းဖက်မှု (violence) ကို လုံးဝ ပါမလာစေရဘူး။ အကြမ်းဖက်မှုပါလာတာနဲ့ ကိုယ့်တရားဝင်မှုကို ကိုယ်စချေဖျက်သလိုဖြစ်ပြီး လှုပ်ရှားမှုရှုံးဖို့ လမ်းစဖြစ်တယ်။ ဒါက သီအိုရီတွေကို လျှောက်ပြောနေတာ မဟုတ်ပါ။ အာရပ်နွေဦး (Arab Spring) တို့၊ လွတ်မြောက်ရေးနည်းပညာ (Liberation Technology) တို့ ဆိုတာလည်း သီအိုရီတွေပဲ။ အောင်မြင်သလိုနဲ့ မအောင်မြင်ခဲ့တဲ့ လှုပ်ရှားမှုသီအိုရီတွေဟာ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းမှာ အများအပြားရှိတယ်။ ယူတတ်ရင် သင်ခန်းစာဖြစ်ပြီး မယူတတ်ရင် အတိတ်ကအမှားတွေ ပြန်လုပ်မိတတ်ပါတယ်။

 အနောက်နိုင်ငံတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်နဲ့ ဩဇာဟာ ၂၀၁၆-၂၀၁၇ ခုနှစ် မတိုင်ခင်က အနေအထားမျိုး မရှိတော့ပါဘူး။ ဒါကြောင့် ယခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖို့ တောင်းဆိုမှာ ဖြစ်ပေမယ့် သူနိုင်ငံရေးရာထူးအာဏာ ပြန်လည်ရရှိရေးအတွက်ကိုတော့ အနောက်နိုင်ငံအစိုးရနဲ့ မီဒီယာတွေက တိုက်တွန်းမှာ မဟုတ်ပါ။ အနောက်မီဒီယာမှာ ရေးသားဖော်ပြနေတဲ့ သတင်းအာဘော်တွေ၊ သုံးသပ်ချက်တွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနေရာပေးဖို့ စေ့စပ်ညှိနှိုင်းပေးနိုင်တာ တရုတ်နိုင်ငံသာ ရှိပါတယ်။ တရုတ်က ပြည်တွင်းရေးကိစ္စပါလို့ ပြောထားတာ တစ်မျိုးတော့ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ကုန်သွယ်စီးပွားနဲ့ မဟာဗျူဟာအတွက် သက်ဆိုင်ပတ်သက်မှုအရှိဆုံး ပြည်ပနိုင်ငံက တရုတ်ပါ။ နှစ်ဖက်လုံးက လက်သင့်ခံရင် တရုတ်အစိုးရအနေနဲ့ စေ့စပ်ညှိနှိုင်းပေးလို့တောင် ဖြစ်နိုင်ပါတယ်။
ပြဿနာက မြန်မာပြည်သူဟာ အလွတ်သဘော စေ့စပ်ဖြန်ဖြေသူနေရာယူနိုင်မယ့် တရုတ်ကိုပါ ရန်သူလို သွားတိုက်ခိုက်နေတာဖြစ်တယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တရုတ်အစိုးရပြောတာက ရှင်းရှင်းလေးပါ။ အာဆီယံနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို ကြားဝင်စေ့စပ်ခိုင်းပါလို့ တရုတ်က ပြောတာပါ။
မြန်မာပြည်သူအနေနဲ့ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှာစိုးလို့ အုံကြွနေတာမှန်ပေမယ့် အာဏာမသိမ်းခင်အနေအထားကို စစ်တပ်က ပြန်သွားဖို့ မလွယ်ကူပါဘူး။ ပြည်သူ့လှုပ်ရှားမှုမှာလည်း ခေါင်းဆောင်မရှိတော့ နောက်ဆုံးမှာ ညှိကြဖို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီ 'နစက' ဆီသာ ပြန်ရောက်သွားမှာဖြစ်ပါတယ်။

Thursday, February 11, 2021

မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားများ ဆန္ဒပြရာမှာ ပါဝင်မှု

 မြန်မာပြည်ဖွား မြန်မာနိုင်ငံသား တရုတ်တွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတာကို ကန့်ကွက်စရာမရှိပေမယ့် တရုတ်နိုင်ငံကို အလွန်အကျွံ သွားဖိအားပေးလို့ အလကားပါပဲ။ တရုတ်စာနဲ့ရေးလို့ တရုတ်ဆိုရှယ်မီဒီယာမှာ #ထိုင်ဝမ်#ဟောင်ကောင် က တရုတ်လူမျိုးတွေဆီကတစ်ဆင့် ပေကျင်းနားကို ပြန်ပေါက်အောင်လုပ်တယ်ဆိုတာမျိုးက ပိုတောင်အဓိပ္ပာယ်မရှိပါဘူး။ တရုတ်အစိုးရက အဲန်အယ်လ်ဒီအစိုးရ သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးကို အတော်နားလည်သိရှိတဲ့ အနေအထား ရောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒကို သူ့အကျိုးစီးပွားအတွက် သူ့ဘာသာသူကြည့်ပြီး ဆုံးဖြတ်မှာပါပဲ။ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေ အတိုက်ခိုက်ခံရလည်း တရုတ်အစိုးရက ဝင်စွက်ဖက်ဖို့ မရှိပါဘူး။ မြန်မာ့ပြည်တွင်းရေးလို့သာ ပြောမှာပါ။ ဒါဆိုရင် မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအုံကြွမှုမှာ ပါဝင်နေတာက ကိုယ်ထူကိုယ်ထသဘော ပိုဆောင်ပါတယ်။ ၁၉၆၇ တုန်းက တရုတ်-ဗမာအရေးအခင်းပုံစံ ဖြစ်မလာစေဖို့ ကြိုတင် ကာကွယ်ချင်တာလည်း တစ်ဝက်မက ပါပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်သံရုံးရှေ့ ဆန္ဒသွားပြရုံနဲ့ တရုတ်အစိုးရက နားထောင်မှာမဟုတ်တာတော့ သေချာပါတယ်။

တရုတ်နဲ့ ရုရှားသံရုံးရှေ့ ဆန္ဒပြခြင်း

 တရုတ်နဲ့ ရုရှားသံရုံးတွေရှေ့ ဆန္ဒသွားပြလည်း အပိုပဲ။ သူတို့က နိုင်ငံကြီးတွေလည်းဖြစ်တယ်။ သူတို့အစိုးရတွေကလည်း ဒီမိုကရေစီအစိုးရတွေ မဟုတ်ဘူး။ သူတို့နိုင်ငံမှာရှိတဲ့ လူထုသဘောဆန္ဒကို သိပ်ငဲ့ကွက်စရာ မရှိဘူး။ တရုတ်ကွန်မြူနစ်အစိုးရဆို သူတို့ကိုယ်တိုင် လက်နက်နဲ့ တော်လှန်ရေးလုပ်တာ စစ်နိုင်လို့ အာဏာရခဲ့တဲ့ အစိုးရ။ ရုရှသမ္မတ ပူတင်ဆိုလည်း သမ္မတဆက်လုပ်နိုင်ဖို့ ဝန်ကြီးချုပ် ဆင်းလုပ်လိုက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်နဲ့ နေခဲ့တာ။ ဆန့်ကျင်တဲ့ အတိုက်အခံတွေ၊ သူလျိုတွေ၊ သတင်းစာဆရာတွေကို ပြည်ပအထိတောင် လိုက်လုပ်ကြံခိုင်းသေးတယ်။

မြန်မာကိစ္စကို ပြည်တွင်းရေးလို့ သူတို့ပြောတာ အခုမှ မဟုတ်ဘူး။ လုံခြုံရေးကောင်စီမှာရော၊ လူ့အခွင့်အရေးကောင်စီမှာပါ တစ်လျောက်လုံး ဒီရပ်တည်ချက်နဲ့ နေလာတာ။ ရုရှားက မြန်မာကို လက်နက်ရောင်းရတယ်။ တရုတ်လို စီးပွားရေး၊ ကုန်သွယ်ရေး စီမံကိန်းတွေ မြန်မာနိုင်ငံမှာ မရှိဘူး။ တရုတ်က အဲန်အယ်လ်ဒီအစိုးရနဲ့ တည့်ပေမယ့် အဲန်အယ်လ်ဒီက အစိုးရနှစ်ရပ်လိုဖြစ်နေတယ်လို့ ပြောပြောနေတာ သူလည်း ကြား‌နေတာပဲ။ လက်နက်ကိုင်ထားတဲ့အစုက အာဏာပေါ်တက်ထိုင်လိုက်ရင် အဲဒီအစိုးရနဲ့ပဲ အလုပ်လုပ်ရမယ်ဆိုတာ သူသဘောပေါက်တယ်။ သူကိုယ်တိုင်လည်း အဲဒီလို အာဏာရလာတာပဲဟာ။
မြန်မာပြည်မှာကမှ ရွေးကောက်ပွဲဆိုတာ ရှိသေးတယ်။ တရုတ်နိုင်ငံမှာ စစ်မှန်သော ပါတီစုံစနစ်ဆိုတာလည်း မရှိဘူး၊ ရွေးကောက်ပွဲဆိုတာလည်း မရှိဘူး။ ဒါပေမဲ့ ယနေ့ခေတ် တရုတ်ပြည်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရှိရှိမရှိရှိ၊ ရွေးကောက်ပွဲ ရှိရှိမရှိရှိ စိတ်မဝင်စားဘူး။ သူ့အတွက် ကုန်သွယ်စီးပွားနဲ့ မဟာဗျူဟာ အကျိုးရှိဖို့သာ အဓိကပဲ။ ညီနောင်ပါတီ ဗကပ ကိုတောင် အကူအညီမပေးတော့ဘဲ စွန့်လွှတ်နိုင်ခဲ့သေးတာ၊ အဲန်အယ်လ်ဒီ ကို အားနာပေမယ့် သံယောဇဉ်တော့ ထားမှာမဟုတ်ဘူး။ ဒါကြောင့် တရုတ်က ပြည်တွင်းရေးပဲဆိုပြီး ငြင်းပယ်လို့လည်း မြန်မာပြည်သူအနေနဲ့ ဘာမှ သိပ်ခံစားနေစရာတော့ မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း ကိုယ်ထူကိုယ်ထနိုင်ငံတော်ပါလို့ ပြောထားသားပဲ။

Wednesday, February 10, 2021

My take on the US sanctions

 ဒီမိုကရက်သမ္မတ ဂျိုး ဘန်ဒန် ရဲ့ မြန်မာဒီမိုကရေစီရေးအတွက် ပါဝင်လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မစ်ချ် မက်ကောနဲလ် လို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေအရင်းအချာများကလည်း ဘိုင်ဒန် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တစ်ခုခု အမြန်လုပ်ဖို့ တိုက်တွန်းဟန်တူပါတယ်။ ဒီမိုကရက်အဖိုးကြီး (သမ္မတ)နဲ့ ရီပတ်ဘလစ်ကန်အဖိုးကြီး (ဆဲနိတ်လူနည်းစုခေါင်းဆောင်) တို့ရဲ့ ဘုံသဘောတူညီချက် ရလဒ်ဖြစ်ပါတယ်။

အဲန်အယ်လ်ဒီ အနေနဲ့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့ကိုယ်စား စစ်ခေါင်းဆောင်များနဲ့ စေ့စပ်ညှိနှိုင်းသင့်ပါတယ်။ ပြဿနာက CRPH ရဲ့ ဆောင်ရွက်ချက်တွေကလည်း တစ်ဖက်စွန်းကို အတင်းဆွဲထားတာချည်းဖြစ်လို့ အကျပ်အတည်းက လွတ်မြောက်နိုင်မယ့် လမ်းကြောင်းမဟုတ်ပါဘူး။ ၈၈ ငြိမ်း/ပွင့်က ခေါင်းဆောင်များဆိုတာကလည်း အထွေထွေသပိတ် ခေါ်ပြီး လူထုက လမ်းပေါ်ထွက်လာချိန်မှာ ဦးမဆောင်ဘဲ ပျောက်သွားတတ်သူတွေပါ။
ဒီမိုကရေစီအင်အားစုအနေနဲ့ တရုတ်ကို စစ်အုပ်ချုပ်ရေးကို အားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်လေသံမျိုး လျှော့ချရပါမယ်။ မြန်မာစစ်တပ်က အခုလို အာဏာရယူလိုက်တာကို တရုတ်က သိပ်မနှစ်သက်ဘူးလို့ ယူဆရန်အချက်တွေ ရှိပါတယ်။ ဥပမာအားဖြင့် လုပ်လေ့လုပ်ထမရှိတဲ့ တရုတ်သံရုံးရဲ့ စာမျက်နှာကနေပြီး လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ကြေညာချက်ကို တင်တာ၊ လေယာဉ်အဝင်အထွက်အကြောင်း ငြင်းဆိုတာ တို့ကို တင်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်လို နိုင်ငံကြီးကို မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး လူသိရှင်ကြား ပြစ်တင်ရှုတ်ချတာမျိုး လုပ်ခိုင်းလို့ မရနိုင်ပါဘူး။ စစ်တပ်ကို အဲန်အယ်လ်ဒီဘက်နဲ့ စေ့စပ်ညှိနှိုင်းဖို့ နောက်ကွယ်က ဖိအားပေးတာမျိုးသာ သူလုပ်ပါလိမ့်မယ်။ အဲဒီမှာ ပြဿနာက ဒီမိုကရေစီတောင်းဆိုသူတွေဘက်အခြမ်းမှာ ခေါင်းဆောင် မရှိတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ တိုက်ရိုက် ညှိနှိုင်းလို့ ရမှာဖြစ်ပေမယ့် တပ်ဟာ ဒေါ်စုအလွန်နိုင်ငံရေးကိုသာ စိတ်ဝင်စားပါလိမ့်မယ်။ နို့မဟုတ်ရင် ဒီအာဏာသိမ်းမှုဟာ ဖြစ်တောင် ဖြစ်ခဲ့မှာမဟုတ်ဘူး။
နှစ်ဖက်လုံးကို အာဏာမသိမ်းမီက အခြေအနေမျိုးအထိ ပြန်တွန်းလို့ မရနိုင်ပါဘူး။ စစ်တပ်က လက်ရှိရယူထားတဲ့နေရာက လုံးဝဖယ်ပေးမယ်လို့လည်း မမျှော်လင့်နိုင်ပါဘူး။ ပြည်တွင်းက ကြားဝင် စေ့စပ်ဖြန်ဖြေပေးမယ့် အဖွဲ့တစ်ဖွဲ့ လိုနေတာတော့ အမှန်ပါပဲ။ အချင်းချင်း သင့်မြတ်အောင် မနေနိုင်ကြရင် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားတွေသာ ထိခိုက်နစ်နာပြီး ပြည်ပနိုင်ငံများရဲ့ အမြတ်ထုတ်မှုကို ခံကြရပါလိမ့်မယ်။

Parody of Resistance

 စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသဖို့ သီဟတင်စိုးရုပ်ရှင်ထဲကလို အံတွေ အတင်းကြိတ်၊ လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အော်ပြရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အခုလို သီချင်းနှစ်ပုဒ်ပဲ လှည့်ဖွင့်ပြီး ဖက်ရှင်ရှိုးလိုလို၊ သင်္ကြန်သံချပ်လိုလို၊ ဘောလုံးအသင်း ချန်ပီယံဆုရသလိုလို ဆင်နွှဲနေတာကတော့ ရေနစ်တဲ့သူက 'ကျွန်တော်ရေနစ်နေပြီ'ဆိုပြီး ရေထဲ ယက်ကန်ယက်ကန်နဲ့ စပ်ဖြီးဖြီး ပြောင်ပြနေသလိုဖြစ်မှာပေါ့။ နောက်ပြီး လွှင့်နေတဲ့အလံအများစုကလည်း ပါတီကြီးတစ်ခုတည်းရဲ့အလံ။ ကြွေးကြော်သံမှာလည်း သစ်တာဆိုလို့ 'ရုံးမတက်နဲ့။ ရုန်းထွက်" တစ်ခုလောက်ပဲ ပါတယ်။ 'နဖူးပြောင်ပြောင် ဦးမောင်မောင်၊ အရူးထောင်ကို ပို့လိုက် ပို့လိုက်' တို့၊ 'ရရင်ရ မရရင်ချ၊ ရရမရရ ချ' တို့လို ၁၉၈၈ က ပေါကြောင်ကြောင် ကြွေးကြော်သံမျိုးတွေ ပေါ်မလာသေးတာပဲ တော်သေးတယ်။ Generation Z ကို မြှောက်ပေးတဲ့အထဲ ကျွန်တော်တော့ မပါဘူး။ အထင်သေးတာမဟုတ်။ အောက်သက် မကြေဘူးထင်လို့။ ကလေးတွေကို နောက်က ‌မြှောက်ပေးပြီး လမ်းမပြတဲ့ထဲမှာ တို့မပါ။ ပါရင်လည်း တို့မဟုတ်။

 နိုင်ငံတော်အာဏာ အလုယူခံရတယ်ဆိုပြီးတောင် အဆိုအက အပျော်အပါးမပျက်ကြတာကို လက်ခံနိုင်သေးရင် ဘာကြောင့် ဘက်မလိုက်နေချင်သူတွေ၊ ဘာပို့စ်မှ မတင်သူတွေကိုလည်း ရန်လိုက်ရှာနေမလဲ။

ကိုယ်ကိုယ်တိုင် တစ်နေ့တစ်နေ့ တင်နေသမျှရဲ့ ၈၀% လောက်က သတင်းမှားနဲ့ ဆိုက်ဝါးတွေ ဖြစ်နေတာကို မသိတဲ့သူတွေကများ။ ကျွန်တော့်သူငယ်ချင်းထဲမှာရော၊ ဆွေမျိုးထဲမှာရော အဲလို အရူးချီးပန်းတင်နေတာ အများကြီးရှိပေမယ့် သူတို့ဆင်ခြင်ဉာဏ်ကို ကျွန်တော်မပုတ်ခတ်ပါဘူး။ ကျွန်တော့်ထက် ပညာတတ်တဲ့သူ၊ ဉာဏ်ကောင်းတဲ့သူတွေလည်း အဲ့ဒီထဲ အတော်များများ ပါပါတယ်။ သူတို့က ကျွန်တော့်ကို မင်းနှယ် ပညာ ဒီလောက်တတ်ရဲ့နဲ့ ဒါမျိုးတွေးရသလား စသဖြင့်ပြောလာရင်လည်း အတတ်နိုင်ဆုံး သည်းခံမှာပါ။
ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းကြီးများအနေနဲ့ လူတစ်ဦးချင်းရဲ့ လွတ်လပ်စွာတွေးခေါ်၊ ပြောဆိုခွင့်တွေကို လေးစားဖို့ လိုပါတယ်။ အထူးသဖြင့် မိမိတို့နဲ့ ယုံကြည်ချက်၊ ခံယူချက် မတူသူတွေကိုသာမက ဘာယုံကြည်ချက်၊ ဘာခံယူချက်မှ မရှိဘဲ သူ့အလုပ်သူ လုပ်နေမယ့်သူ၊ လုပ်ချင်သူတွေလည်း ဒီလောကမှာ ရှိနေတယ်၊ လိုအပ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြု လက်ခံနိုင်ဖို့ လိုပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားတို့ကမှ ခင်ဗျားတို့ခေါင်းဆောင် နောက်နေ့ ပြန်‌ရောက်လာလို့ ဒါက ဝါးလုံးမဟုတ်ပါဘူး၊ ဝါးခြမ်းပါဆိုရင် ဝါးခြမ်းလိုက်လုပ်ကြဖို့ များပါတယ်။ အဲဒီလူတွေကတော့ 'အော်၊ ဟုတ်လား' လောက်ပဲ ပြောပြီး သူတို့လုပ်စရာရှိတာ ဆက်လုပ်သွားမှာဖြစ်ပါတယ်။

Tuesday, February 9, 2021

တပ်ကလည်း အရင်တပ် မဟုတ်တော့

 မျိုးဆက်သစ်လူငယ်တွေက အရင်မျိုးဆက်တွေနဲ့ မတူတော့ဘူး ပြောနေကြလို့ မြန်မာစစ်တပ်ဟာလည်း အရင်က စစ်တပ်မျိုး မဟုတ်တော့ဘူးဆိုတာ သတိမူဖို့လိုပါတယ်။

၂၀၀၇ တုန်းက ဆန္ဒပြလူစုကို ဖြိုခွဲတဲ့စစ်သားဟာ ကွင်းထိုးဖိနပ်သာ ပါပါတယ်။ အခု ၂၀၂၁ မှာ လူအုပ်ကို လုံခြုံရေးစောင့်ခိုင်းထားတဲ့ရဲတွေက ဝတ်စုံအပြည့်၊ ဒိုင်းလက်နက်အပြည့်နဲ့ စည်းအထပ်ထပ် ခြားနေတာဖြစ်တယ်။
တစ်ခါတစ်ရံ ကာနီဗယ် ပျော်ပွဲရွှင်ပွဲအလားဖြစ်နေတဲ့ လူစုဝေးပွဲကြီးကို မဖြိုခွင်းတာကလည်း မျက်မှောက်ခေတ် တပ်ရဲ့ အနေအထားက ပြောင်းလဲသွားပါပြီ။ ဒီမိုကရေစီ တံခါးဖွင့်လှစ်တဲ့ ဆယ်နှစ်ကာလအတွင်း မြန်မာစစ်တပ်ကိုယ်၌ဟာ စီးပွားရေး၊ နိုင်ငံရေးအကျိုးဆက်တွေကို ပိုမိုထောက်ဆတတ်နေပါပြီ။
ဒီအားပြိုင်မှုမှာ အဆုံးသတ် အနိုင်ရသူမရှိဘဲ နိုင်ငံသာ နစ်နာမယ်၊ မလိုအပ်တဲ့ နိုင်ငံတကာဖိအား ပိုလာမယ်၊ အသက်မွေးဝမ်းကြောင်းနဲ့ စီးပွားရေး အကြီးအကျယ် ထိခိုက်ကျဆင်းမယ်ဆိုတာ တပ်က သဘောပေါက်ပါတယ်။ တိုင်းပြည်စီးပွားကျရင် သူပါ မျက်နှာမရနိုင်ပါဘူး။
ရုပ်ဆိုးကျည်းတန်အောင် သွေးထွက်သံယိုဖြစ်ခဲ့ရင် သူ့ကိုပဲ ချက်ချင်း ပြစ်တင်ရှုတ်ချဖို့ နိုင်ငံတကာနဲ့ မီဒီယာက စောင့်ကြည့်နေမှန်းလည်း တပ်က သိမှာပါ။ အနောက်နိုင်ငံကြီးများနဲ့ ကမ္ဘ့ာမီဒီယာရဲ့ လုပ်ပေါက်က တကယ်တော့ ဂျော့ချ်အော်ဝဲလ် ရဲ့ "ဆင်ပစ်ခြင်း" ဝတ္ထုထဲကလို မျက်နှာဖြူအရာရှိကို ဆင်မပစ်ပစ်အောင် ဖိအားပေးတဲ့ပုံမျိုးနဲ့တောင် တူနေပါတယ်။ သွေးထွက်သံယိုဖြစ်မှ 'ဒီမဖွံ့ဖြိုးတဲ့ အာရှနိုင်ငံတွေဆိုတာ ဒီလိုပါပဲကွာ၊ တို့လို အချင်းချင်း စေ့စပ်ညှိနှိုင်းနိုင်တာမဟုတ်၊ အာဏာရှင်စနစ်နဲ့ပဲ တန်တဲ့လူမျိုးတွေ'ဆိုပြီး သဘောထားတာပါ။ အနည်းဆုံးတော့ ပရိသတ်အကြိုက် စိတ်လှုပ်ရှားစရာသတင်းမျိုး ဖြစ်သွားမှာပါ။
ဆိုလိုရင်းကို ပြန်ပြောရရင် မြန်မာစစ်တပ်ဟာ လက်ရှိလူထုအုံကြွမှုကို စိတ်ထဲက သိပ်ဖြိုခွင်းချင်ရင်တောင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို သေချာချိန်ဆပြီးမှ ဘက်အားလုံးမှာ အထိအခိုက် အနည်းဆုံးဖြစ်အောင် လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။ သူ့အတွက် ဒါဟာ လုပ်နိုင်စွမ်းရည် ရှိမရှိ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံရေးဉာဏ်ပညာ ရှိမရှိ ကြည့်ရှုရမယ့် အကြောင်းခြင်းရာသာ ဖြစ်ပါတယ်။

Monday, February 8, 2021

တရုတ်သုံးပြည်ထောင်နဲ့ မြန်မာနိုင်ငံ မျက်မှောက်ခေတ် အခြေအနေ

 တရုတ်သုံးပြည်ထောင် (Three Kingdoms) ဇာတ်လမ်းနဲ့ နှိုင်းယှဉ်ဥပမာပေးရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ ဟာ လျိုပေ့နဲ့ တူပါတယ်။ ကျင့်ဝတ်သိက္ခာကို ဦးစားပေးသော်လည်း လက်တွေ့ဗျူဟာပိုင်းမှာ အတော်ချာပါတယ်။ စစ်တပ်ကတော့ ချောင်ချောင်းနဲ့ တူပါတယ်။ မလုပ်ရဲတာမရှိဆိုသလို အာဏာကို အဓမ္မနည်းနဲ့ ရယူပြီး ပြိုင်ဘက်အုပ်စုတွေကိုလည်း ပေါင်းတန်ပေါင်း၊ ခွဲတန်ခွဲ လှည့်ပတ် ကစားပါတယ်။ တိုင်းရင်းသားတွေကတော့ စွန်းချွမ်ရဲ့ ဝူနိုင်ငံနဲ့ တူပါတယ်။ ကျန်နှစ်ဦး အရိပ်အခြေကို ကြည့်ပြီး မိမိရပ်တည်မှု အားသာဖို့ ကစားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်စဉ်ကို သုံးသပ်ရရင် အဲန်အယ်လ်ဒီဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို ၁၉၉၀ အလွန်က အနေအထားမျိုးတောင် မရတော့တာ တွေ့ရပါတယ်။ CRPH မှာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ ပါမလာပါ။ CRPP မှာ စဖွဲ့ကတည်းက ပါပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနိုင်တဲ့ တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တချို့ စစ်ကောင်စီထဲ ရောက်သွားကြပါတယ်။ (သူတို့ပါတီတွေက ထုတ်ပယ်လိုက်တာက သီးခြားစဉ်းစားရမယ့် အကြောင်းပါ။) ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲဆိုရင် အဲန်အယ်လ်ဒီ အစိုးရဟာ အားလုံး/အများပါဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတစ်ရပ်ကို ဖော်ဆောင်ရာမှာ အားနည်းခဲ့လို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရနဲ့ တပ်အစိုးရ နှစ်မျိုးဖြစ်နေတယ်ဆိုတဲ့သဘော ပြောခဲ့သော်လည်း တပ်ကို မနှစ်သက်တဲ့ အဲန်အယ်လ်ဒီမဟုတ်သော အရပ်သား၊ တိုင်းရင်းသားများကို မစည်းရုံးနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အရင်ခေတ်တွေကနဲ့ မတူပါဘူးလို့ ပြောချင်ရင် အဲန်အယ်လ်ဒီ-တိုင်းရင်းသားဆက်ဆံရေး သို့မဟုတ် ဗဟို-ဒေသန္တရဆက်ဆံရေး (central-local relations) လည်း မတူတော့တာကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။

 ကိုယ်နဲ့ နိုင်ငံရေးအယူအဆ မတူသူတွေကို ဆွေစဉ်မျိုးဆက်အထိ လိုက်ပြီး အရှက်ခွဲ ရှုတ်ချ ပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်က လူတစ်ဦးချင်း အခွင့်အရေးကို အလေးထားတဲ့ ဒီမိုကရေစီစနစ်က လာတာမဟုတ်ပါဘူး။ ပဒေသရာဇ် feudal အတွေးအခေါ်ဖြစ်ပါတယ်။ ဒါဆို အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို ပိတ်ဆို့ခဲ့ရာမှာ ဘာကြောင့် မိသားစုဝင်တွေအထိ လိုက်ပိတ်ခဲ့သလဲလို့ မေးစရာဖြစ်ပါတယ်။ မြန်မာ့လူ့ဘောင်ကိုက ပဒေသရာဇ်စနစ် ဖြစ်နေသေးလို့ မိမိစနစ်ကို ပြန်ထင်ဟပ်တဲ့ ဒဏ်ခတ်မှုမျိုးကို အနောက်နိုင်ငံတွေဆီက ရတယ်လို့ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ တော်ဝင် ဘုရင်မသဖွယ် ဖြစ်ပေမဲ့ သူ့ကို ဆက်ခံမယ့် နန်းလျာလောင်းတွေ မရှိပါဘူး။ ဒါကြောင့် အဲန်အယ်လ်ဒီအတွက် ဒေါ်စုအလွန် နိုင်ငံရေးမှာ ပုံမှန်အတိုင်းသွားနေရင်တောင် အခက်အခဲကြုံလာမှာပါ။

CDM v street protests

 CDM နဲ့ street protests မှာ street protests က ပိုထိရောက်ပါတယ်။ လူပိုမြင်ရပြီး media coverage ရမယ်။ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို မကျစေဘူး။ ဒါက common sense ပါ။ CDM က ထင်သလောက် ဘာကြောင့် မထိရောက်ရသလဲဆိုတာ ပြောရင်ရပါတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားပြီး အဆဲခံရတဲ့ စာရေးမိနေတာမို့ မရေးတော့ဘူးနော်။ ဒီလောက်နဲ့ပဲ သည်းခံကြပါ။

Sunday, February 7, 2021

 ဘာမှ အပြစ်ပေးအရေးယူခံရတာမရှိ၊ လမ်းပေါ်ထွက် ဆန္ဒပြနိုင်တဲ့အခါကျတော့လည်း သင်္ကြန်ရေပက်ခံကား လှည့်သလို၊ ပွဲဈေးတမ်းလျောက် လူတိုးခံသလို ဖြစ်ကုန်ကြတယ်။ ကိုယ့်အိမ်ရှေ့ကိုယ် အလံထောင် အလံဝှေ့၊ ကမ္ဘာမကြေဘူးသီချင်းနဲ့ အသံချဲ့စက် ဖွင့်တဲ့သူတွေကျတော့လည်း ရပ်ကွက်ထဲက သင်္ကြန်မဏ္ဍပ်လေးတွေလို ဖြစ်နေတယ်။ ပိုဆိုးတာက စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတယ်ပြောပြီး ထွက်လာတဲ့လူ အတော်များများမှာ ပျော်ပွဲရွှင်ပွဲ ဆင်နွဲနေသလို၊ အောင်ပွဲခံနေသလို celebratory mood အပြုအမူနဲ့ မျက်နှာထားတွေ တွေ့လာရတာပဲ။ ကမ္ဘာမကြေဘူးတို့၊ အရေးကြီးပြီတို့ကို အဲဒီလို တည်ကြည်လေးနက်မှုမျိုးနဲ့ သုံးနေမှတော့ တော်တော် အလေးအနက်ထားချင်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူအများစုမှာ လူညီရင် ဤကိုကျွဲဖတ်တဲ့ herd mentality ကလည်း ကြီးမားတာကိုး။ ကိုဗစ်ပထမလှိုင်း contact tracing တုန်းကလည်းကြည့်။ အသည်းအသန်လုပ်တုန်းက အသားကုန်လုပ်၊ နောက်များလည်းလာရော မထိန်းထားနိုင်တော့ဘူး။ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာလည်း အဆီအငေါ် မတည့်တာ၊ လက်တွေ့ကျပြီး ဖြစ်နိုင်မယ့် တိကျတဲ့ ဘုံတောင်းဆိုချက်မရှိတာ၊ ခေါင်းဆောင်မှုကင်းမဲ့နေတာကို တွေ့ရပေမယ့် အသေးစိတ် မဝေဖန်ပြတော့ပါဘူး။ ၁၉၈၈ တုန်းကလည်း ဖြစ်ပျက်ပြီး အနှစ်နှစ်ဆယ်ကျော်မှ ဟိုလို ဖြစ်ခဲ့ရင် အကောင်းသား၊ ဒီလို လုပ်လိုက်မိရင် အတော်သားနဲ့ ပြန်မြင်ရတာ။ လူတွေက တရားမျှတမှုကိုသာ တစ်ချိန်လုံး တောင်းဆိုတတ်ပေမယ့် သမိုင်းသင်ခန်းစာလည်း ဘယ်တော့မှ ယူမှ မယူပဲ။

Thursday, February 4, 2021

ဘယ်သူက ဦးဆောင်နေမှန်းမသိတဲ့ Political Movement

 ဘယ်သူက ဦးဆောင်နေမှန်းမသိတဲ့ Political Movement တွေဟာ အချိန်ကြာလာတာနဲ့အမျှ အားပျော့ ပျောက်ကွယ်သွားပါတယ်။ အမေရိကန်က Occupy Wall Street တို့၊ ပြင်သစ်က Yellow Vest တို့ကိုကြည့်ပါ။ မြန်မာပြည်ရဲ့ လက်ရှိပြဿနာက Collective Action ကို ဖော်ဆောင်ပြီး လမ်းပေါ်ထွက်မယ့် ခေါင်းဆောင်မျိုး မရှိတာပါပဲ။ လမ်းပေါ် တကယ်ထွက်ပြီး ပြင်ပရုပ်ကမ္ဘာမှာ ဆန္ဒပြအုံကြွမှ စစ်အုပ်ချုပ်ရေးကို ပြည်သူလူထုတစ်ရပ်လုံးက မကျေနပ်ကြောင်း၊ လက်မခံကြောင်း နိုင်ငံတကာရဲ့အာရုံမှာ စွဲကျန်ရစ်မှာဖြစ်တယ်။ အဲဒီအခါ ဆန္ဒပြလူထုနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အရပ်သားလူမိုက်တွေကြားလည်း ထိပ်တိုက်တွေ့ဆုံမှုတွေ ပေါ်ပေါက်လာပြီး သွေးထွက်သံယို အနည်းနဲ့အများ ဖြစ်လာမှာပါ။ ရှောင်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ပေါ် တိုင်းပြည်ပျက်သလို တက်အော်နေကြတာထက်တော့ ပိုထိရောက်ပါတယ်။ အချောင်သမားမဟုတ်တဲ့ ခေါင်းဆောင်အစစ်တွေဆိုရင် ဒီတာဝန်ယူမှု တာဝန်ခံမှုမျိုးက ကိုယ်လွတ်ရုန်းမှာ မဟုတ်ပါဘူး။ #collective_action #leadership #political_movements

Wednesday, February 3, 2021

တပ်က အာဏာယူပြီး လေးရက်မြောက်

 တပ်က အာဏာယူတာ လေးရက်ဖြစ်လာတော့ တုံ့ပြန်လှုပ်ရှားမှုတွေလည်း တစ်ယောက်တစ်မျိုး ဖြစ်လာကြပြီ။ ဒါပေမဲ့ အဲဒီမှာ ဝိရောဓိတစ်ခုက တပ်အုပ်ချုပ်ရေးကို ဘယ်အတိုင်းအတာထိ တစွတ်ထိုး ဆန့်ကျင်ကြမလဲဆိုတာဖြစ်တယ်။ ကျွန်တော်တို့မျိုးဆက် အသက်လေးဆယ်ကျော်နဲ့ အထက်တွေက ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းတဲ့ ညမှာပဲ လမ်းပေါ် အုတ်တွေစီ၊ ဝါးကတ်တွေ ချတားတာလည်း မြင်ခဲ့ဖူးပြီ။ သံပုံးတီး တောထုတ်တာလည်း အဆန်းမဟုတ်ဘူး။ ဂျင်ဂလိ၊ လေးခွစုပြီး ဝင်လာတဲ့ စစ်ကားတွေကို ချောင်းပစ်မယ်ဆိုပြီးလည်း လုပ်ခဲ့ကြတာပဲ။ ဝန်ထမ်းတွေ အလုပ်မဆင်း၊ ခံဝန်ချက်စာ လက်မှတ်မထိုးတာတွေကလည်း အခု နစက အဖွဲ့ဝင်ဖြစ်သွားတဲ့ လူကြီးတချို့တောင် လုပ်ခဲ့ဖူးလိမ့်မယ်။ ဒီနေ့ တတိယအကြိမ်လွှတ်တော် အစည်းအဝေးကို စည်ပင်ရိပ်သာမှာ မိမိဘာသာကျင်းပတယ်ဆိုတော့ ၉၀ တုန်းက ဂန္ဒီခန်းမ ကြေညာစာတမ်း၊ မန္တလေးမှာ စင်ပြိုင်အစိုးရဖွဲံဖို့ တချို့ရွေးကောက်ခံအမတ်တွေ လုပ်ခဲ့တာကို သတိရမိပြန်တယ်။ စစ်တပ်အာဏာသိမ်းပြီး အဖွဲ့အစည်း၊ သမဂ္ဂပေါင်းစုံက ကြေညာချက်တွေ ပလူပြန်နေအောင် ထုတ်ခဲ့တာလည်း ၈၈ နဲ့ အတူတူပဲ။ "မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြ"ဆိုတာလည်း နည်းဟောင်းကြီးပါ။ ဒီလိုလုပ်တာတွေက ဘာအသုံးဝင်သလဲဆိုတော့ နိုင်ငံတကာမီဒီယာရဲ့ အာရုံစူးစိုက်မှုရမယ်။ မြန်မာနိုင်ငံမှာ မတရားမှုတွေ ဖြစ်နေတာကို ကမ္ဘာက သိမယ်။ မြန်မာနိုင်ငံ မဖွံ့ဖြိုးမတိုးတက်လို့၊ လွတ်လပ်မှုကင်းမဲ့နေလို့ဆိုပြီးတော့ ဘယ်သူမှ လာမကယ်ပါဘူး။

ပြဿနာက ဒီတစ်ကြိမ် တပ်က အာဏာသိမ်းတာမှာ သူရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ရည်ညွှန်းပြီး အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်နေမယ်လို့ ပြောထားတာဖြစ်တယ်။ လိုအပ်လို့ ခြောက်လနှစ်ကြိမ် ထပ်တိုးတောင်းရင် နှစ်နှစ်ပေါ့။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်လို့ သူဖန်တီးချင်တဲ့ အခင်းအကျင်းမျိုး မရနိုင်ဘူးဆိုရင် စစ်အုပ်ချုပ်ရေးကာလက ဒီ့ထက် သက်စိုးရှည်သွားနိုင်တယ်။ အာဏာက သူ့လက်ထဲရောက်သွားပြီမို့ "ကစားပွဲ"ကို ပြည်သူလူထုအပါအဝင် ဆန့်ကျင်အံတုမယ့်သူတွေဘက်က မပိုင်တော့ဘူး။ ၁၉၈၈-၉၀ အခြေအနေနဲ့ နောက်ကွာခြားချက်တစ်ခုက တိုင်းရင်းသားနိုင်ငံရေးပါတီအများစုဟာ အဲန်အယ်လ်ဒီကို အတော်စိတ်ခုနေကြပြီ။ အရင်ကာလကလည်း သိပ်ကြည်တာမဟုတ်ပေမယ့် အခုက ပိုဆိုးပါတယ်။ အာဏာမျှဝေမှု လုံလောက်စွာ မရှိခဲ့ခြင်းရဲ့ အကျိုးဆက်ပါပဲ။ စစ်တပ်ဘက်မှာကလည်း သူတို့ကြိုက်တဲ့ပါတီ၊ အုပ်စု၊ လူပုဂ္ဂိုလ်တွေ တစ်လှေကြီး မွေးထားပြီမို့ လူစုလူဝေးဖြစ်လာရင် တပ်ကတောင် ကနဦးဝင်ပါစရာ မလိုတော့ဘူး။
တပ်ကပြောတဲ့အတိုင်း ယုံရမယ်လည်းမဟုတ်ဘူး။ ဒါပေမဲ့ သူလုပ်ကိုင်နေပုံကိုကြည့်ရင် အစည်းအဝေးတွေခေါ်၊ ဝန်ကြီးသစ်တွေက အရာထမ်းတွေနဲ့တွေ့၊ ရာထူးတွေခန့်အပ်နဲ့ နိုင်ငံတော်အာဏာကို အပြည့်ကျင့်သုံးနေပြီပဲ။ အခုအချိန်ထိက သူကြေညာထားသမျှ တစ်နှစ်စာလုပ်ငန်းတွေသာ ရှိတယ်။ အဲဒါကိုမှ တပ်က တကယ့် အာဏာအကြီးသိမ်းသွားတဲ့ ပုံစံမျိုး လုပ်နေကြရင် "ဖိလေကြွလေ" မဖြစ်ဘဲ၊ "လှုပ်လေမြုပ်လေ"ပဲ ဖြစ်လိမ့်မယ်။ လက်ရှိမငြိမ်သက်မှုထက် ပိုဆိုးရွားတဲ့ မတည်ငြိမ်မှုတွေဖြစ်လာပြီး စီးပွားရေးထပ်ကျဆင်းမယ်၊ နိုင်ငံမျက်နှာငယ်ပြီး ရထားတဲ့ တိုးတက်မှုတွေ ဆုံးရှုံးကုန်မယ်။ ပြည်သူလူထုအနေနဲ့ ဒီအချိန်မှာ တိုင်းပြည်အတွက် တကယ်လုပ်ပေးနိုင်တာ ဘာရှိသလဲ စဉ်းစားကြည့်ပါ။ တစ်နေ့တစ်နေ့ ဆိုရှယ်မီဒီယာမှာ သတင်းတွေရှဲတာ၊ ဆန္ဒပြစာ တိုင်တန်းစာ ကြေညာချက်အမျိုးမျိုးထုတ်တာ၊ သံပုံးတီး တောထုတ်တာကလွဲလို့ ဘာများ ကြီးကြီးမားမား လုပ်နိုင်လို့လဲ။ ကိုးဆယ်ရာခိုင်နှုန်းကျော်က ကီးဘုတ်နဲ့ တော်လှန်နေကြတာဖြစ်တယ်။ ကဗျာရေး တော်လှန်တဲ့သူက ပိုတောင် ဆိုးသေးတယ်။ စစ်တပ်က ရန်သူကို အထင်သေးတယ်ဆိုတာ အဲဒါတွေပဲ။
ဒီစာက ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းခံရအောင် ရေးတဲ့စာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော် အဲန်အယ်လ်ဒီပါတီကိုပဲ မဲထည့်ခဲ့တာပါ။ နိုင်ငံသားတစ်ဦးအနေနဲ့ ကျွန်တော်ပေးခွင့်ရတဲ့ မဲသုံးမဲမှာ နှစ်မဲကို အဲန်အယ်လ်ဒီ ကိုပေးပါတယ်။ ကျန်တစ်မဲကတော့ ရပ်ကွက်ထဲ ကျွန်တော်သိကျွမ်းခင်မင်သူတစ်ဦးက ဝင်ပြိုင်တဲ့အတွက် သူ့ကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နောက်ထပ် အနှစ်နှစ်ဆယ် နိုင်ငံရေးလိပ်ခဲတည်းလည်းဖြစ်မှာ ကျွန်တော် မလိုလားပါဘူး၊ နောက်ထပ် အနှစ်နှစ်ဆယ် ဒီမိုကရေစီတော်လှန်ရေး မဆင်နွဲချင်တော့ပါဘူး။