စစ်အာဏာသိမ်းမှုတစ်ခု အထမြောက်ဖို့ မမြောက်ဖို့ မောင်းနှင်နေတာဟာ စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ ဆန္ဒပြသူတွေ၊ ကြမ်းတမ်းရိုင်းပြတဲ့ ဗိုလ်ချုပ်တွေလို့ ကျွန်တော်တို့ ထင်မှတ်လေ့ရှိတယ်။ မဟုတ်ပါဘူး။ လက်တွေ့အားဖြင့် အာဏာသိမ်းမှုတိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးကို လွှမ်းမိုးထားတဲ့ လက်ရွေးစင် အထက်တန်းလွှာတွေ (elite) က အဓိက မောင်းနှင်သွားတာဖြစ်တယ်။ သူတို့ဟာ အာဏာအပေးအယူကို ညှိနှိုင်းပေးနိုင်မယ့် ပွဲစားများ (power brokers) ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်တစ်ဦးကို အဆုံးမှာ ဖယ်ရှားနိုင်ခြင်း ရှိမရှိဆိုတာ အဲဒီလူတွေအပေါ် အများကြီး မူတည်ပါတယ်။ သူတို့ တက်ညီလက်ညီ ဆောင်ရွက်နိုင်မှသာ အာဏာသိမ်းခေါင်းဆောင်ကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ စစ်တပ်ရော၊ ဆန့်ကျင်အုံကြွနေသူတွေပါ အဆုံးစွန်သော အနေအထားကိုဆွဲပြီး "သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး" သဘောနဲ့ ပြုမူလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဆန္ဒပြခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုမှု ရယူခြင်း သက်သက်နဲ့ တည်ဆဲအာဏာကို ဖြုတ်ချနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းတစ်ခုက ကာလတိုမှာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်မှုယန္တရားကို လုံးဝပြိုပျက်အောင် လုပ်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နိုင်ငံတကာကို ဝင်ရောက် အရေးယူစွက်ဖက်ခိုင်းဖို့ကလည်း မဖြစ်နိုင်တဲ့အပြင် ဆင်ခြင်ဉာဏ်နည်းရာရောက်ပြီး အန္တရာယ် သိပ်ကြီးပါတယ်။ စစ်အုပ်ချုပ်ရေးအနေနဲ့ကလည်း ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် ရပ်ရွာငြိမ်သက်မှု ရရှိဖို့အတွက် အချိန်ကာလနဲ့ အင်အား အများကြီးသုံးရမယ်။ ဆန့်ကျင်နေသူလူထုနဲ့ ပြိုင်ဘက်အုပ်စုတွေရဲ့ ပူးပေါင်းမှုကို မရရင် နိုင်ငံပုံမှန်အခြေအနေ ပြန်ရောက်ဖို့လည်း လွယ်မှာမဟုတ်ပါဘူး။
နှစ်ဖက်လုံးမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဧလိတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ကြားဝင်စေ့စပ်မှုကို လိုအပ်ပါတယ်။
No comments:
Post a Comment