နိုင်ငံတော်အာဏာ အလုယူခံရတယ်ဆိုပြီးတောင် အဆိုအက အပျော်အပါးမပျက်ကြတာကို လက်ခံနိုင်သေးရင် ဘာကြောင့် ဘက်မလိုက်နေချင်သူတွေ၊ ဘာပို့စ်မှ မတင်သူတွေကိုလည်း ရန်လိုက်ရှာနေမလဲ။
ကိုယ်ကိုယ်တိုင် တစ်နေ့တစ်နေ့ တင်နေသမျှရဲ့ ၈၀% လောက်က သတင်းမှားနဲ့ ဆိုက်ဝါးတွေ ဖြစ်နေတာကို မသိတဲ့သူတွေကများ။ ကျွန်တော့်သူငယ်ချင်းထဲမှာရော၊ ဆွေမျိုးထဲမှာရော အဲလို အရူးချီးပန်းတင်နေတာ အများကြီးရှိပေမယ့် သူတို့ဆင်ခြင်ဉာဏ်ကို ကျွန်တော်မပုတ်ခတ်ပါဘူး။ ကျွန်တော့်ထက် ပညာတတ်တဲ့သူ၊ ဉာဏ်ကောင်းတဲ့သူတွေလည်း အဲ့ဒီထဲ အတော်များများ ပါပါတယ်။ သူတို့က ကျွန်တော့်ကို မင်းနှယ် ပညာ ဒီလောက်တတ်ရဲ့နဲ့ ဒါမျိုးတွေးရသလား စသဖြင့်ပြောလာရင်လည်း အတတ်နိုင်ဆုံး သည်းခံမှာပါ။
ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းကြီးများအနေနဲ့ လူတစ်ဦးချင်းရဲ့ လွတ်လပ်စွာတွေးခေါ်၊ ပြောဆိုခွင့်တွေကို လေးစားဖို့ လိုပါတယ်။ အထူးသဖြင့် မိမိတို့နဲ့ ယုံကြည်ချက်၊ ခံယူချက် မတူသူတွေကိုသာမက ဘာယုံကြည်ချက်၊ ဘာခံယူချက်မှ မရှိဘဲ သူ့အလုပ်သူ လုပ်နေမယ့်သူ၊ လုပ်ချင်သူတွေလည်း ဒီလောကမှာ ရှိနေတယ်၊ လိုအပ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြု လက်ခံနိုင်ဖို့ လိုပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားတို့ကမှ ခင်ဗျားတို့ခေါင်းဆောင် နောက်နေ့ ပြန်ရောက်လာလို့ ဒါက ဝါးလုံးမဟုတ်ပါဘူး၊ ဝါးခြမ်းပါဆိုရင် ဝါးခြမ်းလိုက်လုပ်ကြဖို့ များပါတယ်။ အဲဒီလူတွေကတော့ 'အော်၊ ဟုတ်လား' လောက်ပဲ ပြောပြီး သူတို့လုပ်စရာရှိတာ ဆက်လုပ်သွားမှာဖြစ်ပါတယ်။
No comments:
Post a Comment