ဒီမိုကရက်သမ္မတ ဂျိုး ဘန်ဒန် ရဲ့ မြန်မာဒီမိုကရေစီရေးအတွက် ပါဝင်လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မစ်ချ် မက်ကောနဲလ် လို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေအရင်းအချာများကလည်း ဘိုင်ဒန် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တစ်ခုခု အမြန်လုပ်ဖို့ တိုက်တွန်းဟန်တူပါတယ်။ ဒီမိုကရက်အဖိုးကြီး (သမ္မတ)နဲ့ ရီပတ်ဘလစ်ကန်အဖိုးကြီး (ဆဲနိတ်လူနည်းစုခေါင်းဆောင်) တို့ရဲ့ ဘုံသဘောတူညီချက် ရလဒ်ဖြစ်ပါတယ်။
အဲန်အယ်လ်ဒီ အနေနဲ့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့ကိုယ်စား စစ်ခေါင်းဆောင်များနဲ့ စေ့စပ်ညှိနှိုင်းသင့်ပါတယ်။ ပြဿနာက CRPH ရဲ့ ဆောင်ရွက်ချက်တွေကလည်း တစ်ဖက်စွန်းကို အတင်းဆွဲထားတာချည်းဖြစ်လို့ အကျပ်အတည်းက လွတ်မြောက်နိုင်မယ့် လမ်းကြောင်းမဟုတ်ပါဘူး။ ၈၈ ငြိမ်း/ပွင့်က ခေါင်းဆောင်များဆိုတာကလည်း အထွေထွေသပိတ် ခေါ်ပြီး လူထုက လမ်းပေါ်ထွက်လာချိန်မှာ ဦးမဆောင်ဘဲ ပျောက်သွားတတ်သူတွေပါ။
ဒီမိုကရေစီအင်အားစုအနေနဲ့ တရုတ်ကို စစ်အုပ်ချုပ်ရေးကို အားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်လေသံမျိုး လျှော့ချရပါမယ်။ မြန်မာစစ်တပ်က အခုလို အာဏာရယူလိုက်တာကို တရုတ်က သိပ်မနှစ်သက်ဘူးလို့ ယူဆရန်အချက်တွေ ရှိပါတယ်။ ဥပမာအားဖြင့် လုပ်လေ့လုပ်ထမရှိတဲ့ တရုတ်သံရုံးရဲ့ စာမျက်နှာကနေပြီး လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ကြေညာချက်ကို တင်တာ၊ လေယာဉ်အဝင်အထွက်အကြောင်း ငြင်းဆိုတာ တို့ကို တင်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်လို နိုင်ငံကြီးကို မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး လူသိရှင်ကြား ပြစ်တင်ရှုတ်ချတာမျိုး လုပ်ခိုင်းလို့ မရနိုင်ပါဘူး။ စစ်တပ်ကို အဲန်အယ်လ်ဒီဘက်နဲ့ စေ့စပ်ညှိနှိုင်းဖို့ နောက်ကွယ်က ဖိအားပေးတာမျိုးသာ သူလုပ်ပါလိမ့်မယ်။ အဲဒီမှာ ပြဿနာက ဒီမိုကရေစီတောင်းဆိုသူတွေဘက်အခြမ်းမှာ ခေါင်းဆောင် မရှိတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ တိုက်ရိုက် ညှိနှိုင်းလို့ ရမှာဖြစ်ပေမယ့် တပ်ဟာ ဒေါ်စုအလွန်နိုင်ငံရေးကိုသာ စိတ်ဝင်စားပါလိမ့်မယ်။ နို့မဟုတ်ရင် ဒီအာဏာသိမ်းမှုဟာ ဖြစ်တောင် ဖြစ်ခဲ့မှာမဟုတ်ဘူး။
နှစ်ဖက်လုံးကို အာဏာမသိမ်းမီက အခြေအနေမျိုးအထိ ပြန်တွန်းလို့ မရနိုင်ပါဘူး။ စစ်တပ်က လက်ရှိရယူထားတဲ့နေရာက လုံးဝဖယ်ပေးမယ်လို့လည်း မမျှော်လင့်နိုင်ပါဘူး။ ပြည်တွင်းက ကြားဝင် စေ့စပ်ဖြန်ဖြေပေးမယ့် အဖွဲ့တစ်ဖွဲ့ လိုနေတာတော့ အမှန်ပါပဲ။ အချင်းချင်း သင့်မြတ်အောင် မနေနိုင်ကြရင် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားတွေသာ ထိခိုက်နစ်နာပြီး ပြည်ပနိုင်ငံများရဲ့ အမြတ်ထုတ်မှုကို ခံကြရပါလိမ့်မယ်။
No comments:
Post a Comment