Friday, February 12, 2021

 အနောက်နိုင်ငံတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်နဲ့ ဩဇာဟာ ၂၀၁၆-၂၀၁၇ ခုနှစ် မတိုင်ခင်က အနေအထားမျိုး မရှိတော့ပါဘူး။ ဒါကြောင့် ယခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖို့ တောင်းဆိုမှာ ဖြစ်ပေမယ့် သူနိုင်ငံရေးရာထူးအာဏာ ပြန်လည်ရရှိရေးအတွက်ကိုတော့ အနောက်နိုင်ငံအစိုးရနဲ့ မီဒီယာတွေက တိုက်တွန်းမှာ မဟုတ်ပါ။ အနောက်မီဒီယာမှာ ရေးသားဖော်ပြနေတဲ့ သတင်းအာဘော်တွေ၊ သုံးသပ်ချက်တွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနေရာပေးဖို့ စေ့စပ်ညှိနှိုင်းပေးနိုင်တာ တရုတ်နိုင်ငံသာ ရှိပါတယ်။ တရုတ်က ပြည်တွင်းရေးကိစ္စပါလို့ ပြောထားတာ တစ်မျိုးတော့ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ကုန်သွယ်စီးပွားနဲ့ မဟာဗျူဟာအတွက် သက်ဆိုင်ပတ်သက်မှုအရှိဆုံး ပြည်ပနိုင်ငံက တရုတ်ပါ။ နှစ်ဖက်လုံးက လက်သင့်ခံရင် တရုတ်အစိုးရအနေနဲ့ စေ့စပ်ညှိနှိုင်းပေးလို့တောင် ဖြစ်နိုင်ပါတယ်။
ပြဿနာက မြန်မာပြည်သူဟာ အလွတ်သဘော စေ့စပ်ဖြန်ဖြေသူနေရာယူနိုင်မယ့် တရုတ်ကိုပါ ရန်သူလို သွားတိုက်ခိုက်နေတာဖြစ်တယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တရုတ်အစိုးရပြောတာက ရှင်းရှင်းလေးပါ။ အာဆီယံနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို ကြားဝင်စေ့စပ်ခိုင်းပါလို့ တရုတ်က ပြောတာပါ။
မြန်မာပြည်သူအနေနဲ့ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှာစိုးလို့ အုံကြွနေတာမှန်ပေမယ့် အာဏာမသိမ်းခင်အနေအထားကို စစ်တပ်က ပြန်သွားဖို့ မလွယ်ကူပါဘူး။ ပြည်သူ့လှုပ်ရှားမှုမှာလည်း ခေါင်းဆောင်မရှိတော့ နောက်ဆုံးမှာ ညှိကြဖို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီ 'နစက' ဆီသာ ပြန်ရောက်သွားမှာဖြစ်ပါတယ်။

No comments:

Post a Comment