Tuesday, February 2, 2021

တရုတ်ကွန်မြူနစ်အစိုးရကို မရှုတ်ချ

 ကျွန်တော်တစ်ဦးတည်းအနေနဲ့ကတော့ တရုတ်ကွန်မြူနစ်အစိုးရကို မရှုတ်ချပါဘူး။ တရုတ်နိုင်ငံက အာဏာသိမ်းမှုကို ထောက်ခံတာမဟုတ်၊ စောင့်ကြည့်နေတာသာ ဖြစ်ပါတယ်။ အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဲန်အယ်လ်ဒီအစိုးရလက်ထက်မှာ တရုတ်နိုင်ငံအတွက် စီးပွားရေး၊ နိုင်ငံရေးမှာအကျိုးရှိပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်နေရင် အနောက်နိုင်ငံတွေက တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ပိတ်ဖို့နဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့ချဖို့အတွက် ပိုမို ပါဝင်ပတ်သက်လာပါမယ်။ မြန်မာနဲ့ရောပြီး တရုတ်ရဲ့ကုန်သွယ်ရေး လမ်းကြောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့တားမြစ်တာ ခံလာရနိုင်ပါတယ်။ ဒါ့အပြင် နာမည်ကောင်းမရှိတဲ့ နိုင်ငံနဲ့ အစိုးရကို နိုင်ငံတကာမျက်နှာစာမှာ ခုခံကာကွယ်ပေးရတာကလည်း တရုတ်အတွက် ဝန်လေးစရာ အလုပ်ဖြစ်လာပါမယ်။ မြန်မာစစ်အစိုးရဟာလည်း မျိုးချစ်စစ်တပ်ဖြစ်လို့ အနောက်အုပ်စုနဲ့ ပေါင်းပြီး သူ့ကို ကန်မှာကို တရုတ်က အမြဲသတိရှိပါတယ်။
အတိုချုပ်ကတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် သူ့အကျိုးစီးပွား မြှင့်တင်ပေးမယ့်အစိုးရကိုသာ ပိုလိုလားမှာဖြစ်တယ်။ အာဏာရှင်ဖြစ်စေ၊ ဒီမိုကရေစီဖြစ်စေ တရုတ်စဉ်းစားချက်မှာ အရေးမပါပါဘူး။ မြန်မာနိုင်ငံအနေနဲ့လည်း အနောက်အုပ်စုရဲ့ ပြည်တွင်းရေးမှာ အလွန်အကျူး ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားဖို့ တရုတ်ကို လိုအပ်ပါတယ်။
တရုတ်က သူ့အကျိုးသာ ထင်ရှားမယ်ဆိုရင် တစ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာပြန်ရလည်း ထောက်ခံမှာပါပဲ။ မိမိပြည်တွင်းရေးသာ မိမိဘာသာ ပြေလည်အောင် အရင်ရှင်းဖို့လိုပါတယ်။

No comments:

Post a Comment