Friday, February 23, 2018

Is there a single, monolithic Buddhist moral universe in Burma? And are all Burmese living and acting in it? Moral universe or moral universes?

The trouble with culturalist analyses of Burma is that they might end up with tons of reasons why the established order can't take necessary actions against religious-cultural agents and bigots--and by implication--why substantial intra-systemic reforms without external shocks is impossible or implausible.

It succumbs to cultural determinism which political scientists mostly try to avoid.

Friday, February 9, 2018

ေနာ္ေဝ ေတာ္လွန္ေရးျပတိုက္ / နော်ဝေ တော်လှန်ရေးပြတိုက်




ေနာ္ေဝႏိုင္ငံရဲ႕ ေတာ္လွန္ေရးျပတိုိက္ (Resistance Museum) ကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႕က သြားလည္ရင္း စဥ္းစားမိတဲ့ အခ်က္ ႏွစ္ခ်က္ေလာက္ရွိတယ္။ ျပတိုက္ရဲ႕ ေနာ္ေဝလို နာမည္က Hjemmefrontmuseet လို႔ေခၚတယ္။ တိုက္ရုိက္ဘာသာျပန္ရင္ေတာ့ Home front (ျပည္တြင္း စစ္မ်က္ႏွာ) လို႕အဓိပၸာယ္ရတယ္။ Resistance အတြက္ ေနာ္ေဝစကားလံုးက သတ္သတ္ရွိတယ္။ Motstand လို႔ သံုးတယ္။ ျပည္တြင္းစစ္မ်က္ႏွာလို႔ သံုးရတဲ့ အေၾကာင္းရင္းတစ္ခုက ဒုတိယကမာၻစစ္မွာ ဂ်ာမန္ေတြ ေနာ္ေဝကို ဝင္သိမ္းေတာ့ ေနာ္ေဝ ဘုရင္မိသားစုနဲ႔ အစိုးရက လန္ဒန္ကို ထြက္ေျပးရတယ္။ ေနာ္ေဝႏိုင္ငံထဲမွာက ဂ်ာမန္ေတြကို ေထာက္ခံတဲ့ ကီးစလင္း (Quisling) ရဲ႕ Nasjonal Samling လို႔ေခၚတဲ့ ေနာ္ေဝနာဇီပါတီကလဲ ရွိေနတယ္။ ဂ်ာမန္ေတြ မက်ဴးေက်ာ္မီက ေနာ္ေဝစစ္တပ္ဟာ စစ္အတြက္ ဘာမွ မျပင္ဆင္ထားသေလာက္ပဲ။ အင္အားလဲ မရွိဘူး။ ဒါေၾကာင့္ ေနာ္ေဝနာဇီပါတီကလြဲၿပီး ျပည္တြင္းမွာ က်န္ခဲ့တဲ့ တျခားပါတီေတြေရာ၊ အရပ္သား ေတာ္လွန္ေရးသမားေတြကပါ ဝိုင္းကူၿပီး တိုက္ေပးခဲ့ရတာျဖစ္တယ္။


ဒီျပတိုက္ကို အဓိက မတည္သူေတြက ဘုရင္စနစ္ကို ေထာက္ခံတဲ့ ေနာ္ေဝအမ်ိဳးသားေရးဝါဒီေတြျဖစ္လို႔ ဘုရင္ ျပည္ေတာ္ျပန္တဲ့အေၾကာင္းေတြ၊ ဘုရင္အတြက္ ျပည္သူေတြက စစ္တိုက္ၾကပံုေတြကို အသားေပး ျပသထားတယ္။ ျပခန္းဝင္ေပါက္အနီး ေမာ္ကြန္းရုပ္ရွင္ျပတဲ့ေနရာမွာ စစ္နဲ႕ ဆက္ႏြယ္ခဲ့တဲ့ ေနာ္ေဝ မင္းသံုးပါးရဲ႕ ပံုတူပန္းခ်ီကားသံုးခ်ပ္ကို ခ်ိတ္ဆြဲထားတယ္။ နာဇီဂ်ာမန္ေတြကို ေတာ္လွန္ရာမွာ တျခားႏိုင္ငံေတြမွာနည္းတူ ေနာ္ေဝကြန္ျမဴနစ္ပါတီ (Norges Kommunistiske Parti) ဟာလဲ အေရးပါတဲ့ အခန္းက ပါဝင္ခဲ့ေပမဲ့ ျပတိုက္မွာ သီးျခားေနရာေပး ေဖာ္ျပထားတာ မေတြ႔ရဘူး။ မၾကာေသးခင္ကမွ ကြန္ျမဴနစ္ေတြ လုပ္ခဲ့တဲ့ ေတာ္လွန္ေရး (resistance) အေၾကာင္း စာအုပ္သစ္တစ္အုပ္ထြက္လာတယ္လို႔ ဆိုတယ္။


ျမန္မာျပည္မွာ revolution နဲ႔ resistance ႏွစ္မ်ိဳးလံုးကို ေတာ္လွန္ေရးဆိုတဲ့ စကားတစ္လံုးထဲ သံုးေနတယ္။ (Culture နဲ႔ civilization ႏွစ္မ်ိဳးကိုလဲ ယဥ္ေက်းမႈ လို႔ပဲသံုးတယ္။ မဆလပါတီရဲ႕ စာေစာင္ေတြမွာေတာ့ culture ကို ပ်ိဳးေထာင္မႈဆိုၿပီး ထြင္ခဲ့ဖူးတယ္။) ဒါေၾကာင့္ မတ္လ (၂၇) ရက္ေန႔ကိုလဲ ေတာ္လွန္ေရးေန႔ ဝါ ဖက္ဆစ္ေတာ္လွန္ေရးေန႔ ဆိုၿပီး ႏိုင္ငံေရးအသိုင္းအဝိုင္းေတြက ျပန္လည္ ေျပာင္းလဲ ေခၚေဝၚခ်င္ၾကတယ္။ အဂၤလိပ္လိုေတာ့ Revolution Day သို႔မဟုတ္ Fascist Revolution Day လို႔ တခ်ိဳ႕က ဘာသာျပန္ၾကတယ္။ ဒါေပမဲ့ ဖက္ဆစ္ဂ်ပန္ကို ေတာ္လွန္တာဟာ အမွန္စင္စစ္ "ေတာ္"လွန္ေရး မဟုတ္ပါဘူး။ တြန္းလွန္တိုက္ခိုက္တဲ့ resistance သာျဖစ္တယ္။ ေတာ္လွန္ေရး (revolution) ဆိုတာက ေခတ္ေျပာင္း၊ စနစ္ေျပာင္းဖို႔အတြက္ အုပ္ခ်ဳပ္သူလူတန္းစားတစ္ရပ္ကို ၿဖိဳလွဲတိုက္ထုတ္ပစ္ရတဲ့ လႈပ္ရွားမႈျဖစ္စဥ္ပါ။ အဲဒီကေန ျဖန္႔က်က္ေတြးမယ္ဆိုရင္ ျမန္မာႏိုင္ငံမွာ အဖြဲ႔အစည္းတခ်ိဳ႕က revolution နဲ႔ revolutionary စာသားေတြကို ေဖာေဖာသီသီ ထည့္သံုးတာဟာ အဓိပၸာယ္ေလးသလိုလိုနဲ႔ ေပါ့ေစပါတယ္။ Resistance ဆိုတဲ့စကားလံုးကလဲ ဆီေလ်ာ္ေအာင္သံုးရင္ အင္အားပိုရွိသလို အဓိပၸာယ္အမ်ားႀကီး ျခံဳငံုမိႏိုင္ပါတယ္။


ေနာက္တစ္ခ်က္ ေျပာခ်င္တာက ေနာ္ေဝမွာ ေတာ္လွန္ေရးျပတိုက္နဲ႔ တပ္မေတာ္ျပတိုက္ကို ခြဲျပထားတာကိုလဲ သေဘာက်မိတယ္။ (ျပတိုက္ေတြကို စီမံခန္႔ခြဲတဲ့ အဖြဲ႕အစည္းတူေကာင္း တူႏိုင္ေပမယ့္ အနည္းဆံုး ျပတိုက္အေဆာက္အအံုေတြကေတာ့ သီးသန္႕စီျဖစ္ပါတယ္။) ျမန္မာႏိုင္ငံမွာ ဖက္ဆစ္ေတာ္လွန္ေရးကို တပ္မေတာ္စစ္သမိုင္းျပတိုက္ရဲ႕ ျပခန္းတစ္ခုအျဖစ္နဲ႔ပဲ ထည့္သြင္းထားတယ္လို႔ ထင္ပါတယ္။ ေတာ္လွန္ေရးျပတိုက္ (resistance museum) တစ္ရပ္ သီးျခားထားမယ္ဆိုလဲ သင့္ေတာ္လိမ့္မယ္။ တကယ္ေတာ့ resistance ကာလဟာ ျပည္သူ႕စစ္ရဲ႕ ျပယုဂ္အျဖစ္ တင္ျပဖို႔ အေကာင္းဆံုး သာဓကျဖစ္တယ္။ တစ္နည္းဆိုရရင္ ပဋိပကၡကာလ အရပ္ဘက္-စစ္ဘက္ဆက္ဆံေရး ပံုသ႑ာန္တစ္မ်ိဳးပါပဲ။ ရန္သူကလဲ ျပည္ပကလာတဲ့ ဘံုရန္သူျဖစ္တယ္။ မိမိတို႕အသီးသီးအသကရဲ႕ အယူဝါဒနဲ႕ လူမ်ိဳးေရးကြဲျပားမႈေတြကို ေဘးဖယ္ထားၿပီး ႏွစ္ဦးႏွစ္ဘက္ ေလ့လာသင္ယူဖို႕၊ အခ်င္းခ်င္း နားလည္မႈရေအာင္ ႀကိဳးပမ္းဖို႔ အခြင့္အေရးေတြ ရေစတဲ့ အေျခအေနျဖစ္တယ္။

----------------------

 ​နော်ဝေနိုင်ငံရဲ့ တော်လှန်ရေးပြတိုက် (Resistance Museum) ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွားလည်ရင်း စဉ်းစားမိတဲ့ အချက် နှစ်ချက်လောက်ရှိတယ်။ ပြတိုက်ရဲ့ နော်ဝေလို နာမည်က Hjemmefrontmuseet လို့ခေါ်တယ်။ တိုက်ရိုက်ဘာသာပြန်ရင်တော့ Home front (ပြည်တွင်း စစ်မျက်နှာ) လို့အဓိပ္ပာယ်ရတယ်။ Resistance အတွက် နော်ဝေစကားလုံးက သတ်သတ်ရှိတယ်။ Motstand လို့ သုံးတယ်။ ပြည်တွင်းစစ်မျက်နှာလို့ သုံးရတဲ့ အကြောင်းရင်းတစ်ခုက ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေ နော်ဝေကို ဝင်သိမ်းတော့ နော်ဝေ ဘုရင်မိသားစုနဲ့ အစိုးရက လန်ဒန်ကို ထွက်ပြေးရတယ်။ နော်ဝေနိုင်ငံထဲမှာက ဂျာမန်တွေကို ထောက်ခံတဲ့ ကီးစလင်း (Quisling) ရဲ့ Nasjonal Samling လို့ခေါ်တဲ့ နော်ဝေနာဇီပါတီကလဲ ရှိနေတယ်။ ဂျာမန်တွေ မကျူးကျော်မီက နော်ဝေစစ်တပ်ဟာ စစ်အတွက် ဘာမှ မပြင်ဆင်ထားသလောက်ပဲ။ အင်အားလဲ မရှိဘူး။ ဒါကြောင့် နော်ဝေနာဇီပါတီကလွဲပြီး ပြည်တွင်းမှာ ကျန်ခဲ့တဲ့ တခြားပါတီတွေရော၊ အရပ်သား တော်လှန်ရေးသမားတွေကပါ ဝိုင်းကူပြီး တိုက်ပေးခဲ့ရတာဖြစ်တယ်။


ဒီပြတိုက်ကို အဓိက မတည်သူတွေက ဘုရင်စနစ်ကို ထောက်ခံတဲ့ နော်ဝေအမျိုးသားရေးဝါဒီတွေဖြစ်လို့ ဘုရင် ပြည်တော်ပြန်တဲ့အကြောင်းတွေ၊ ဘုရင်အတွက် ပြည်သူတွေက စစ်တိုက်ကြပုံတွေကို အသားပေး ပြသထားတယ်။ ပြခန်းဝင်ပေါက်အနီး မော်ကွန်းရုပ်ရှင်ပြတဲ့နေရာမှာ စစ်နဲ့ ဆက်နွယ်ခဲ့တဲ့ နော်ဝေ မင်းသုံးပါးရဲ့ ပုံတူပန်းချီကားသုံးချပ်ကို ချိတ်ဆွဲထားတယ်။ နာဇီဂျာမန်တွေကို တော်လှန်ရာမှာ တခြားနိုင်ငံတွေမှာနည်းတူ နော်ဝေကွန်မြူနစ်ပါတီ (Norges Kommunistiske Parti) ဟာလဲ အရေးပါတဲ့ အခန်းက ပါဝင်ခဲ့ပေမဲ့ ပြတိုက်မှာ သီးခြားနေရာပေး ဖော်ပြထားတာ မတွေ့ရဘူး။ မကြာသေးခင်ကမှ ကွန်မြူနစ်တွေ လုပ်ခဲ့တဲ့ တော်လှန်ရေး (resistance) အကြောင်း စာအုပ်သစ်တစ်အုပ်ထွက်လာတယ်လို့ ဆိုတယ်။


မြန်မာပြည်မှာ revolution နဲ့ resistance နှစ်မျိုးလုံးကို တော်လှန်ရေးဆိုတဲ့ စကားတစ်လုံးထဲ သုံးနေတယ်။ (Culture နဲ့ civilization နှစ်မျိုးကိုလဲ ယဉ်ကျေးမှု လို့ပဲသုံးတယ်။ မဆလပါတီရဲ့ စာစောင်တွေမှာတော့ culture ကို ပျိုးထောင်မှုဆိုပြီး ထွင်ခဲ့ဖူးတယ်။) ဒါကြောင့် မတ်လ (၂၇) ရက်နေ့ကိုလဲ တော်လှန်ရေးနေ့ ဝါ ဖက်ဆစ်တော်လှန်ရေးနေ့ ဆိုပြီး နိုင်ငံရေးအသိုင်းအဝိုင်းတွေက ပြန်လည် ပြောင်းလဲ ခေါ်ဝေါ်ချင်ကြတယ်။ အင်္ဂလိပ်လိုတော့ Revolution Day သို့မဟုတ် Fascist Revolution Day လို့ တချို့က ဘာသာပြန်ကြတယ်။ ဒါပေမဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်တာဟာ အမှန်စင်စစ် "တော်"လှန်ရေး မဟုတ်ပါဘူး။ တွန်းလှန်တိုက်ခိုက်တဲ့ resistance သာဖြစ်တယ်။ တော်လှန်ရေး (revolution) ဆိုတာက ခေတ်ပြောင်း၊ စနစ်ပြောင်းဖို့အတွက် အုပ်ချုပ်သူလူတန်းစားတစ်ရပ်ကို ဖြိုလှဲတိုက်ထုတ်ပစ်ရတဲ့ လှုပ်ရှားမှုဖြစ်စဉ်ပါ။ အဲဒီကနေ ဖြန့်ကျက်တွေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ အဖွဲ့အစည်းတချို့က revolution နဲ့ revolutionary စာသားတွေကို ဖောဖောသီသီ ထည့်သုံးတာဟာ အဓိပ္ပာယ်လေးသလိုလိုနဲ့ ပေါ့စေပါတယ်။ Resistance ဆိုတဲ့စကားလုံးကလဲ ဆီလျော်အောင်သုံးရင် အင်အားပိုရှိသလို အဓိပ္ပာယ်အများကြီး ခြုံငုံမိနိုင်ပါတယ်။


နောက်တစ်ချက် ပြောချင်တာက နော်ဝေမှာ တော်လှန်ရေးပြတိုက်နဲ့ တပ်မတော်ပြတိုက်ကို ခွဲပြထားတာကိုလဲ သဘောကျမိတယ်။ (ပြတိုက်တွေကို စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းတူကောင်း တူနိုင်ပေမယ့် အနည်းဆုံး ပြတိုက်အဆောက်အအုံတွေကတော့ သီးသန့်စီဖြစ်ပါတယ်။) မြန်မာနိုင်ငံမှာ ဖက်ဆစ်တော်လှန်ရေးကို တပ်မတော်စစ်သမိုင်းပြတိုက်ရဲ့ ပြခန်းတစ်ခုအဖြစ်နဲ့ပဲ ထည့်သွင်းထားတယ်လို့ ထင်ပါတယ်။ တော်လှန်ရေးပြတိုက် (resistance museum) တစ်ရပ် သီးခြားထားမယ်ဆိုလဲ သင့်တော်လိမ့်မယ်။ တကယ်တော့ resistance ကာလဟာ ပြည်သူ့စစ်ရဲ့ ပြယုဂ်အဖြစ် တင်ပြဖို့ အကောင်းဆုံး သာဓကဖြစ်တယ်။ တစ်နည်းဆိုရရင် ပဋိပက္ခကာလ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပုံသဏ္ဍာန်တစ်မျိုးပါပဲ။ ရန်သူကလဲ ပြည်ပကလာတဲ့ ဘုံရန်သူဖြစ်တယ်။ မိမိတို့အသီးသီးအသကရဲ့ အယူဝါဒနဲ့ လူမျိုးရေးကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး နှစ်ဦးနှစ်ဘက် လေ့လာသင်ယူဖို့၊ အချင်းချင်း နားလည်မှုရအောင် ကြိုးပမ်းဖို့ အခွင့်အရေးတွေ ရစေတဲ့ အခြေအနေဖြစ်တယ်။

ေနာ္ေဝရဲ႕ စစ္သမိုင္းျပတိုက္ / နော်ဝေရဲ့ စစ်သမိုင်းပြတိုက်

ေနာ္ေဝရဲ႕ စစ္သမိုင္းျပတိုက္ (Forsvarmuseet) တည္ရွိတဲ့ အေဆာက္အဦးကေတာ့ ေနျပည္ေတာ္ တပ္မေတာ္စစ္သမိုင္းျပတိုက္ရဲ႕ ဆယ္ပံုတစ္ပံုေလာက္သာ အရြယ္အစားရွိပါတယ္။ ျပတိုက္မွာ အထပ္ႏွစ္ထပ္ရွိၿပီး ပထမထပ္ရဲ႕ ျပခန္းအမ်ားစုဟာ မၾကာမီကာလတုန္းကမွ ေနာ္ေဝစစ္တပ္ ပါဝင္ခဲ့တဲ့ ျပည္ပစစ္ဆင္ေရးေတြအေၾကာင္းနဲ႕ လုပ္ေဆာင္ခ်က္ေတြကို ျပသထားတာျဖစ္တယ္။



ဒုတိယကမာၻစစ္အတြင္း ဂ်ာမနီရဲ႕ က်ဴးေက်ာ္ခံရဖူးတဲ့ အေတြ႕အၾကံဳေၾကာင့္ ေနာ္ေဝဟာ ခဲမွန္ဖူးတဲ့ စာသူငယ္ပမာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စစ္ေအးေခတ္ အေစာပိုင္းကတည္းက ေနတိုးစာခ်ဳပ္ဝင္ ႏိုင္ငံျဖစ္ခဲ့တယ္။ စစ္ေအးကာလတေလ်ာက္လံုးမွာလဲ စစ္မႈမထမ္းမေနရ ဥပေဒ ျပ႒ာန္းခဲ့တယ္။ တကယ္လို႔ အင္အားႀကီးႏိုင္ငံႏွစ္ခုအၾကား စစ္မက္ျဖစ္ပြားလာခဲ့ရင္ ေနာ္ေဝႏိုင္ငံဟာ ေနတိုးတပ္ေတြ စစ္ကူ ေရာက္မလာေသးခင္အထိ မိမိကိုယ္ကို ကာကြယ္ႏိုင္စြမ္းရွိရမယ္။ ကာကြယ္ဖို႔အတြက္ လိုအပ္သမွ် ရင္းျမစ္ေတြကိုလဲ ရယူ စုေဆာင္းထားႏိုင္ရမယ္ဆိုတဲ့ သေဘာတရားကို အေျခခံထားတဲ့ ကာကြယ္ေရးမူဝါဒပါ။ ေနာက္တစ္ခ်က္က ေနာ္ေဝဟာ ဆိုဗီယက္ျပည္ေထာင္စုနဲ႔ ၁၉၆ ကီလိုမီတာေလာက္ ရွည္လ်ားတဲ့ နယ္နိမိတ္ ရွိခဲ့တယ္။ ဒါေၾကာင့္ ဆိုဗီယက္ (အခု ရုရွ) ရဲ႕ သတင္း အခ်က္အလက္ေတြကို ေထာက္လွမ္းဖို႔နဲ႔ ေစာင့္ၾကည့္ဖို႕အတြက္လဲ ေနာ္ေဝႏိုင္ငံဟာ မဟာဗ်ဴဟာအရ အခ်က္အခ်ာက်တယ္။


အခုထိလဲ ရုရွဟာ ေနတိုးအဖြဲ႕ရဲ႕ အဓိက ၿခိမ္းေျခာက္မႈ (threat perception) အျဖစ္ သတ္မွတ္ရွဳျမင္ခံရတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ေနာ္ေဝလို ႏိုင္ငံကို ေျမာက္ဘက္စြန္းက နံေဘးသားႏိုင္ငံ (flank country) လို႔ေခၚတယ္။ ရုရွနဲ႕ကလဲ အေရွ႕ေျမာက္ဘက္မွာ နယ္စပ္ရွိတဲ့အခါက်ေတာ့ မသင့္ျမတ္ခဲ့ရင္ ရုရွက ဝင္ခ်လာၿပီး ကန္႕သတ္စစ္ပြဲဆင္၊ ျပန္မထြက္မွာကို ေနတိုးႏိုင္ငံေတြအေနနဲ႕ ပူပင္ၾက၊ တြက္ခ်က္ၾကတယ္။ (ဥေရာပလံုျခံဳေရးညီလာခံေတြကေတာ့ ရုရွအေၾကာင္းက ပဓာနပါပဲ။ အာရွအေၾကာင္းပါလာလဲ တရုတ္ပဲ။ တရုတ္ကလဲ ရုရွနဲ႔ ဆက္စပ္ၿပီးမွ တစ္ႏြယ္ငင္ တစ္စင္ပါၿပီး ေဆြးေႏြးၾကတာျဖစ္တယ္။ ဥေရာပႏိုင္ငံေတြက စစ္တိုက္ဖို႔ကို စိတ္မပါေတာ့ဘူး။ လံုျခံဳေရးနဲ႕ပတ္သက္ရင္ ပိုက္ဆံနည္းနည္းထည့္ၿပီး အေမရိကန္နဲ႔ မ်က္ႏွာလႊဲ၊ ေအးေအးပဲေနခ်င္တယ္ဆိုတာမ်ိဳးပါ။ ေတာင္နံေဘးသားႏိုင္ငံေတြ (southern flank) မွာေတာ့ ပိုစိုးရိမ္ေနၾကတာက ဒုကၡသည္ေတြ လွိမ့္ဝင္ေနတဲ့ ကိစၥပဲ။)


ေနာ္ေဝဟာ ကမာၻတဝန္း ၿငိမ္းခ်မ္းေရးပြဲစားလုပ္ေပးတဲ့ ႏိုင္ငံျဖစ္တဲ့နည္းတူ လံုျခံဳေရးနဲ႔ပတ္သက္လာရင္ အေမရိကန္ေနာက္လိုက္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံဆိုတာကိုလဲ မေမ့ၾကဖို ႔လိုပါတယ္။ သူ႕စစ္သမိုင္းျပတိုက္မွာလဲ အီရတ္၊ အာဖဂန္နစၥတန္၊ ယူဂိုစလားဗီးယားျပည္ေထာင္စုေဟာင္း ႏိုင္ငံေတြ၊ ကိုရီးယားစစ္ပြဲစသျဖင့္ ျပည္ပစစ္ဆင္ေရးေပါင္းစံုမွာ ေနာ္ေဝတပ္ေတြက ဘယ္လိုပါဝင္ကူညီေပးခဲ့တယ္ဆိုတာ ဂုဏ္ယူစြာ ျပသထားပါတယ္။




စကားမစပ္ အဂၤါေန႔ ညီလာခံကအျပန္ ဘတ္စ္ကားေပၚမွာ အၿငိမ္းစား ေနာ္ေဝေလတပ္ ဗိုလ္ခ်ဳပ္တစ္ဦးနဲ႕ ခံုေဘးခ်င္းကပ္ထိုင္မိတယ္။ သူက ျမန္မာ ေလတပ္ဦးစီးခ်ဳပ္ေဟာင္းတစ္ေယာက္နဲ႔ ၿဗိတိန္မွာ စစ္ေလယာဥ္ေမာင္းသင္တန္း အတူတူ တက္ခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ သူ႔မိတ္ေဆြေဟာင္းအေပၚမွာေရာ၊ ျမန္မာႏိုင္ငံနဲ႕ ေဒၚေအာင္ဆန္းစုၾကည္အေပၚမွာေရာ သူ႔ရဲ႕ သေဘာထားအျမင္က အေတာ္ေလးေကာင္းပါတယ္။ ေဒၚစုကိုလဲ ငယ္ငယ္က သိပ္လွတယ္။ အခုေတာ့ အသက္နည္းနည္းႀကီးသြားၿပီလို႕ေျပာတယ္။ ျမန္မာမိတ္ေဆြကိုလဲ သူတို႕သင္တန္းတုန္းက သိပ္အေတာ္ သိပ္အညံ့မဟုတ္တဲ့ အလယ္အလတ္တန္းက ေအာင္တာကို မွတ္မိေနတယ္။ အာရပ္ႏိုင္ငံတစ္ႏိုင္ငံကအရာရွိက စာတမ္းကို ကိုယ္တိုင္မေရးဘဲ အျပင္ကတစ္ေယာက္ကို ပိုက္ဆံေပးေရးခိုင္းသတဲ့။ ဆရာက ရိပ္မိသြားလို႔ ေခၚေျပာေတာ့ ငါပိုက္ဆံေပးေရးခိုင္းလို႔ ျပန္ရတဲ့ဟာ ငါ့ဟာျဖစ္ၿပီေပါ့လို႔ ျပန္ေျဖသတဲ့။ အဲဒီအရာရွိ သင္တန္းဆင္းလက္မွတ္ ရသြားသလားေတာ့ မေမးျဖစ္လိုက္ပါဘူး။


ပိုၿပီး စိတ္ဝင္စားဖို႕ေကာင္းတာက အဲဒီ ေနာ္ေဝ အၿငိမ္းစားဗိုလ္ခ်ဳပ္ အခုလုပ္ေနတဲ့ အလုပ္ပဲ။ သူက ကာကြယ္ေရး၊ လံုျခံဳေရးနဲ႕ပတ္သက္တဲ့ ကိစၥေတြကို သာမန္ျပည္သူေတြ နားလည္သိရွိရေအာင္ ပညာေပး ေဟာေျပာေပးရတဲ့ အဖြဲ႕တစ္ခုမွာ လုပ္ေနတယ္။ သူတို႔အဖြဲ႕လုပ္တာက မူဝါဒေရးရာ ထင္ျမင္ယူဆခ်က္ ေပးတာမဟုတ္ဘူး။ ျဖစ္ခ်င္တဲ့ မူဝါဒတစ္ရပ္အတြက္လဲ စည္းရုံးလႈံ႕ေဆာ္တာမဟုတ္ဘူး။ အစိုးရနဲ႕ လႊတ္ေတာ္တြင္း ေျပာဆိုေဆြးေႏြးေနတဲ့ လံုျခံဳေရး၊ ကာကြယ္ေရးနဲ႔ မဟာဗ်ဴဟာေရးဆိုင္ရာ အေၾကာင္းျခင္းရာေတြကိုပဲ ျပည္သူေတြ နားလည္သေဘာေပါက္ေအာင္ ရွင္းျပတာလို႔ ဆိုပါတယ္။


(SSR/DDR ကို ၾကားဖူးနားဝ ရွိရုံေလာက္နဲ႔ အရပ္တကာလွည့္ ဆရာလုပ္လ်က္ရွိေသာ ျမန္မာျပည္က တခ်ိဳ႕တတ္ေယာင္ကားေလးမ်ားနဲ႕ေတာ့ ကြာပါ့ဗ်ား။)

-------------

 နော်ဝေရဲ့ စစ်သမိုင်းပြတိုက် (Forsvarmuseet) တည်ရှိတဲ့ အဆောက်အဦးကတော့ နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်ရဲ့ ဆယ်ပုံတစ်ပုံလောက်သာ အရွယ်အစားရှိပါတယ်။ ပြတိုက်မှာ အထပ်နှစ်ထပ်ရှိပြီး ပထမထပ်ရဲ့ ပြခန်းအများစုဟာ မကြာမီကာလတုန်းကမှ နော်ဝေစစ်တပ် ပါဝင်ခဲ့တဲ့ ပြည်ပစစ်ဆင်ရေးတွေအကြောင်းနဲ့ လုပ်ဆောင်ချက်တွေကို ပြသထားတာဖြစ်တယ်။



ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီရဲ့ ကျူးကျော်ခံရဖူးတဲ့ အတွေ့အကြုံကြောင့် နော်ဝေဟာ ခဲမှန်ဖူးတဲ့ စာသူငယ်ပမာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အေးခေတ် အစောပိုင်းကတည်းက နေတိုးစာချုပ်ဝင် နိုင်ငံဖြစ်ခဲ့တယ်။ စစ်အေးကာလတလျောက်လုံးမှာလဲ စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းခဲ့တယ်။ တကယ်လို့ အင်အားကြီးနိုင်ငံနှစ်ခုအကြား စစ်မက်ဖြစ်ပွားလာခဲ့ရင် နော်ဝေနိုင်ငံဟာ နေတိုးတပ်တွေ စစ်ကူ ရောက်မလာသေးခင်အထိ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိရမယ်။ ကာကွယ်ဖို့အတွက် လိုအပ်သမျှ ရင်းမြစ်တွေကိုလဲ ရယူ စုဆောင်းထားနိုင်ရမယ်ဆိုတဲ့ သဘောတရားကို အခြေခံထားတဲ့ ကာကွယ်ရေးမူဝါဒပါ။ နောက်တစ်ချက်က နော်ဝေဟာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ၁၉၆ ကီလိုမီတာလောက် ရှည်လျားတဲ့ နယ်နိမိတ် ရှိခဲ့တယ်။ ဒါကြောင့် ဆိုဗီယက် (အခု ရုရှ) ရဲ့ သတင်း အချက်အလက်တွေကို ထောက်လှမ်းဖို့နဲ့ စောင့်ကြည့်ဖို့အတွက်လဲ နော်ဝေနိုင်ငံဟာ မဟာဗျူဟာအရ အချက်အချာကျတယ်။

အခုထိလဲ ရုရှဟာ နေတိုးအဖွဲ့ရဲ့ အဓိက ခြိမ်းခြောက်မှု (threat perception) အဖြစ် သတ်မှတ်ရှုမြင်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ နော်ဝေလို နိုင်ငံကို မြောက်ဘက်စွန်းက နံဘေးသားနိုင်ငံ (flank country) လို့ခေါ်တယ်။ ရုရှနဲ့ကလဲ အရှေ့မြောက်ဘက်မှာ နယ်စပ်ရှိတဲ့အခါကျတော့ မသင့်မြတ်ခဲ့ရင် ရုရှက ဝင်ချလာပြီး ကန့်သတ်စစ်ပွဲဆင်၊ ပြန်မထွက်မှာကို နေတိုးနိုင်ငံတွေအနေနဲ့ ပူပင်ကြ၊ တွက်ချက်ကြတယ်။ (ဥရောပလုံခြုံရေးညီလာခံတွေကတော့ ရုရှအကြောင်းက ပဓာနပါပဲ။ အာရှအကြောင်းပါလာလဲ တရုတ်ပဲ။ တရုတ်ကလဲ ရုရှနဲ့ ဆက်စပ်ပြီးမှ တစ်နွယ်ငင် တစ်စင်ပါပြီး ဆွေးနွေးကြတာဖြစ်တယ်။ ဥရောပနိုင်ငံတွေက စစ်တိုက်ဖို့ကို စိတ်မပါတော့ဘူး။ လုံခြုံရေးနဲ့ပတ်သက်ရင် ပိုက်ဆံနည်းနည်းထည့်ပြီး အမေရိကန်နဲ့ မျက်နှာလွှဲ၊ အေးအေးပဲနေချင်တယ်ဆိုတာမျိုးပါ။ တောင်နံဘေးသားနိုင်ငံတွေ (southern flank) မှာတော့ ပိုစိုးရိမ်နေကြတာက ဒုက္ခသည်တွေ လှိမ့်ဝင်နေတဲ့ ကိစ္စပဲ။)

နော်ဝေဟာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေးပွဲစားလုပ်ပေးတဲ့ နိုင်ငံဖြစ်တဲ့နည်းတူ လုံခြုံရေးနဲ့ပတ်သက်လာရင် အမေရိကန်နောက်လိုက် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဆိုတာကိုလဲ မမေ့ကြဖို ့လိုပါတယ်။ သူ့စစ်သမိုင်းပြတိုက်မှာလဲ အီရတ်၊ အာဖဂန်နစ္စတန်၊ ယူဂိုစလားဗီးယားပြည်ထောင်စုဟောင်း နိုင်ငံတွေ၊ ကိုရီးယားစစ်ပွဲစသဖြင့် ပြည်ပစစ်ဆင်ရေးပေါင်းစုံမှာ နော်ဝေတပ်တွေက ဘယ်လိုပါဝင်ကူညီပေးခဲ့တယ်ဆိုတာ ဂုဏ်ယူစွာ ပြသထားပါတယ်။


စကားမစပ် အင်္ဂါနေ့ ညီလာခံကအပြန် ဘတ်စ်ကားပေါ်မှာ အငြိမ်းစား နော်ဝေလေတပ် ဗိုလ်ချုပ်တစ်ဦးနဲ့ ခုံဘေးချင်းကပ်ထိုင်မိတယ်။ သူက မြန်မာ လေတပ်ဦးစီးချုပ်ဟောင်းတစ်ယောက်နဲ့ ဗြိတိန်မှာ စစ်လေယာဉ်မောင်းသင်တန်း အတူတူ တက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သူ့မိတ်ဆွေဟောင်းအပေါ်မှာရော၊ မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော သူ့ရဲ့ သဘောထားအမြင်က အတော်လေးကောင်းပါတယ်။ ဒေါ်စုကိုလဲ ငယ်ငယ်က သိပ်လှတယ်။ အခုတော့ အသက်နည်းနည်းကြီးသွားပြီလို့ပြောတယ်။ မြန်မာမိတ်ဆွေကိုလဲ သူတို့သင်တန်းတုန်းက သိပ်အတော် သိပ်အညံ့မဟုတ်တဲ့ အလယ်အလတ်တန်းက အောင်တာကို မှတ်မိနေတယ်။ အာရပ်နိုင်ငံတစ်နိုင်ငံကအရာရှိက စာတမ်းကို ကိုယ်တိုင်မရေးဘဲ အပြင်ကတစ်ယောက်ကို ပိုက်ဆံပေးရေးခိုင်းသတဲ့။ ဆရာက ရိပ်မိသွားလို့ ခေါ်ပြောတော့ ငါပိုက်ဆံပေးရေးခိုင်းလို့ ပြန်ရတဲ့ဟာ ငါ့ဟာဖြစ်ပြီပေါ့လို့ ပြန်ဖြေသတဲ့။ အဲဒီအရာရှိ သင်တန်းဆင်းလက်မှတ် ရသွားသလားတော့ မမေးဖြစ်လိုက်ပါဘူး။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက အဲဒီ နော်ဝေ အငြိမ်းစားဗိုလ်ချုပ် အခုလုပ်နေတဲ့ အလုပ်ပဲ။ သူက ကာကွယ်ရေး၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို သာမန်ပြည်သူတွေ နားလည်သိရှိရအောင် ပညာပေး ဟောပြောပေးရတဲ့ အဖွဲ့တစ်ခုမှာ လုပ်နေတယ်။ သူတို့အဖွဲ့လုပ်တာက မူဝါဒရေးရာ ထင်မြင်ယူဆချက် ပေးတာမဟုတ်ဘူး။ ဖြစ်ချင်တဲ့ မူဝါဒတစ်ရပ်အတွက်လဲ စည်းရုံးလှုံ့ဆော်တာမဟုတ်ဘူး။ အစိုးရနဲ့ လွှတ်တော်တွင်း ပြောဆိုဆွေးနွေးနေတဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ မဟာဗျူဟာရေးဆိုင်ရာ အကြောင်းခြင်းရာတွေကိုပဲ ပြည်သူတွေ နားလည်သဘောပေါက်အောင် ရှင်းပြတာလို့ ဆိုပါတယ်။

(SSR/DDR ကို ကြားဖူးနားဝ ရှိရုံလောက်နဲ့ အရပ်တကာလှည့် ဆရာလုပ်လျက်ရှိသော မြန်မာပြည်က တချို့တတ်ယောင်ကားလေးများနဲ့တော့ ကွာပါ့ဗျား။)