Saturday, December 10, 2016

ပါရမီအင်စတီကျုတည်ထောင်သူက VOA အင်တာဗျူးမှာ သူ့အင်စတီကျုအနေနဲ့ ဘာကြောင့် Board of Trustee မထားချင်သေးသလဲဆိုတာကို ပြောသွားတယ်။ မြန်မာပြည် NGO က ဘုတ်အဖွဲ့ဝင်တွေဟာ ထိုင်ရုံပဲ ထိုင်ချင်ပြီး အလုပ်မလုပ်ချင်ဘူးလို့ ဆိုလိုဟန်ရှိတယ်။

အဖွဲ့တိုင်းအတွက် မမှန်ပေမယ့် ကျွန်တော့်အတွေ့အကြုံအရ ဘုတ်ထဲမှာ လုပ်ငန်းကို တကယ် စိတ်မဝင်စားတဲ့ ရေသာခိုအချောင်လိုက်သူ (free rider) နှစ်ယောက် သုံးယောက်လောက် ပါလာရင်တောင် ဆုံးဖြတ်ချက်တွေဟာ အဆက်မပြတ် ထိတွေ့ဆက်ဆံနေတဲ့ ဘက်တစ်ဘက်ကို ယိမ်းသွားတတ်တယ်။ လုပ်နေရတဲ့ အုပ်စုကလဲ တို့က သိသမျှ တတ်သမျှ လုပ်ပေးနေတယ်ဆိုတဲ့ သဘောထားဝင်လာပြီး program နဲ့ agenda တွေကို အုပ်စီးမိသလို ဖြစ်လာတတ်တယ်။ လုပ်ချင်တာတွေ တူနေသရွေ့၊ ရေသာခို အချောင်လိုက်တဲ့သူက လိုက်နေသရွေ့ကတော့ ပြသနာမရှိဘူး။ မတူတဲ့ အချိန်ကျရင်သာ စည်းမျဉ်းစည်းကမ်းတွေ ချရေးထားတာမရှိရင်၊ ထိတွေ့ဆက်ဆံဖို့ မက်လောက်စရာ ဖွဲ့စည်းပုံ (incentive structure) မျိုး ရှိမနေရင် အကျပ်တွေ့တာပဲ။ 

ဒါ့ပြင် ဘုတ်ကလဲ သူ့ကိုယ်သူ လည်တယ်လို့ ထင်မယ်။ Executive Director ကလဲ သူ့ကိုယ်သူ ကျွမ်းကျင်လိမ်မာတယ်၊ ဘုတ်ကျေနပ်အောင် လုပ်ပေးနိုင်တယ်လို့ ထင်တယ်ဆိုတာမျိုးလဲရှိတယ်။ ဘုတ်ကို သူပိုင်တယ်ပေါ့။ သူကပါ ဘုတ်ထဲမှာ ပါနေရင် ပိုရှုပ်ပြန်တယ်။ Staff လုပ်ရမယ့်ကိစ္စတွေကို board က အစအဆုံး လိုက်လုပ်ပေးရင်းနဲ့ ဘုတ်အဖွဲ့ဝင်အနည်းစုနဲ့ executive ကပဲ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်သွားတာ၊ ဆုံးဖြတ်ချက်တွေပေးနေတာမျိုး ဖြစ်သွားတတ်တယ်။ စိတ်တူသဘောတူ၊ ရည်ရွယ်ချက်တူ တည်ထောင်ပြီး ဖွဲ့ထားတဲ့ ဘုတ်တွေမှာတောင် အချိန်ကာလအလျောက် တချို့ ဘုတ်အဖွဲ့ဝင်တွေသော်လည်းကောင်း၊ executive သော်လည်းကောင်း လူရည်လည် လူပါးဝလာတာမျိုးတွေ အများကြီး ဖြစ်နိုင်ပါတယ်။

Monday, December 5, 2016

၉၆ ကျောင်းသားလှုပ်ရှားမှုရဲ့ downside

၉၆ ကျောင်းသားလှုပ်ရှားမှုရဲ့ downside ကို ပြောရရင်တော့

- နဂိုထဲကမှ ၈၈ အရေးအခင်းနောက်ပိုင်း ကျောင်းတွေခဏ ခဏပိတ်လို့ ငါးလ ခြောက်လပဲရှိတဲ့ စာသင်နှစ်နဲ့ တစ်တန်းတက်နေရတဲ့ ကျွန်တော်တို့ဟာ နောက် နှစ်နှစ်၊ သုံးနှစ်နဲ့ကို ကျောင်းမပြီး ဘွဲ့မရနိုင်ခဲ့ဘူး။

- ၁၉၉၆ နှစ်ကုန်ကနေ ၁၉၉၉ လောက်အထိ ကျောင်းသားထု အများစုဟာ ဘာလုပ်ရမှန်းမသိတွေ ဖြစ်ကုန်တယ်။ ပြည်ပထွက်ရ၊ အလုပ်ထွက်လုပ်ရ၊ ပညာဆက်သင်ဖို့ အခွင့်အလမ်းရှာကြရတယ်။ တချို့လဲ အိမ်ထောင်ကျတယ်။

- ၁၉၉၈ ခုနှစ် မြို့နယ်ကျောင်းတွေမှာပဲ စာမေးပွဲလုပ်ပေးလို့ မဟာဘွဲ့သင်တန်းတက်ဖို့ အရည်အချင်းမမီဘူးလို့ သတ်မှတ်ခံရတာတွေ ဖြစ်လာတယ်။ 

- တက္ကသိုလ်တွေကို အများကြီး ခွဲပစ်ပြီး မြို့ပြင်ပို့ခံရတယ်။ စစ်အစိုးရရဲ့ ညစ်ပတ်မှုမှန်ပေမယ့် ပညာရေးစနစ်ရဲ့ နိမ့်ဆင်းနေပြီးတဲ့ အဆင့်အတန်းဟာ မြေလျှိုးသွားခဲ့တယ်။ နောက်မျိုးဆက်တွေမှာ ပိုမိုဆိုးရွားတဲ့ ပညာရေးနဲ့ ကြုံတွေ့ရတယ်။ စုစည်းခိုင်မာပြီး အုံနဲ့ ကျင်းနဲ့ ကျောင်းသားသမဂမျိုး ပေါ်ပေါက်ဖို့ ခက်ခဲသွားတယ်။


- ရန်ကုန်တက္ကသိုလ်ပင်မမှာ မဟာတန်းတက်ဖို့ စစ်ဗိုလ်ပေါက်စတွေကို လွှတ်တော့ စစ်ဘောင်ပိုကျယ်လာတယ်။ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စစ်တက္ကသိုလ်တွေ ပိုပွားများလာတယ်။ အရပ်သား ကျောင်းသားဦးရေ မရှိသလောက် လျော့ကျသွားတယ်။ တက္ကသိုလ်စာသင်ခန်းထဲ ကျောင်းသူတွေနဲ့ စစ်သားတွေပဲ ကျန်ခဲ့တယ်။ သူတို့ချင်း နီးစပ်ကုန်တယ်။ (အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးရဲ့အစလို့တောင် ပြောနိုင်တယ်။)


- တက္ကသိုလ်ဆရာ၊ ဆရာမတွေလဲ သင်ရမယ့် အရပ်သားတွေ မရှိတဲ့အချိန် အမျိုးသားကာကွယ်ရေးကောလိပ်ကခေါ်လို့ အဲဒီမှာပဲ ဗိုလ်ချုပ်လောင်းများကို ပို့ချရတော့တယ်။ 


- ဒီလို စနစ်နဲ့ ပတ်သက်ပြီး ပျက်စီးသွားခဲ့တာတွေကို ကျွန်တော်တို့ ပြန်မပြင်နိုင်သေးပါဘူး။ ပျက်စီးနေတဲ့ စနစ်ထဲမှာပဲ အတည်ပြုမှုတွေ၊ ဖန်တီးပေးတဲ့နေရာတွေကို ပြန်ယူနေရပါတယ်။


- ၉၆ မျိုးဆက်တွေဟာ လူတစ်ဦးချင်းအနေနဲ့တော့ မိမိတို့ရဲ့ အသက်မွေးလုပ်ငန်းတွေမှာ အသီးသီးအသက အောင်မြင်ကြသူတွေများပါတယ်။ 


- ဒါပေမဲ့ သတိမူဖို့က နိုင်ငံရေးလောကရဲ့ ပြင်ပမှာလဲ ဒီအရွယ်တန်းဟာ အလုပ်သဘောအရ အောင်မြင်သင့်တဲ့၊ အောင်မြင်တတ်တဲ့ အရွယ်ဖြစ်ပါတယ်။


လှုပ်ရှားမှုတစ်ရပ်အနေနဲ့ရော စနစ်တစ်ခုကို ထိုးနှက်ပြောင်းလဲဖို့ ဘယ်လောက် အောင်မြင်ခဲ့ပါသလဲ။