Sunday, January 31, 2021

 ၄၁၈ (က) အရ လက်ရှိ လွှတ်တော်က သက်တမ်းကုန်ပြီဆိုရင် အလိုအလျောက် လွှတ်တော်ဖျက်သိမ်းပြီးဖြစ်တယ်လို့ မှတ်ယူရမှာပါ။ ၄၁၈ (ခ) အရ အစိုးရအဖွဲ့နဲ့ ဝန်ကြီးတွေလည်း ရာထူးက ပြုတ်ပြီလို့ပဲ ယူဆရမှာပါ။ ဒါကြောင့် ကျန်းမာရေးဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးတို့က နုတ်ထွက်တယ်လို့မပြောလည်း သူတို့ရာထူးမှာ မနေနိုင်တော့၊ မရှိတော့ပါဘူး။

၄၂၁ မှာ အရေးပေါ်အခြေအနေကြောင့် တပ်ချုပ်ကို အာဏာလွှဲရကြောင်း လွှတ်တော်ကို အသိပေးရမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လွှတ်တော်က မရှိတော့တော့ အဲဒီပြဋ္ဌာန်းချက်ကို လုပ်ဦးမလားမသိပါ။
ယာယီသမ္မတကို အာဏာလွှဲခိုင်းရတာကလည်း ဥပဒေကြောင်းအရ အဖြောင့်တိုင်းမဟုတ်ပါ။ သမ္မတနေရာလစ်လပ်မှုကို ရှင်းရှင်းလင်းလင်း မဖော်ပြထားတဲ့ 'အ‌ကြောင်းတစ်စုံတရာ' ကြောင့်လို့ ပြောချင် ပြောလို့ရနိုင်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယာယီသမ္မတဆိုတာ သမ္မတသစ် မခန့်ရ‌သေးခင် လုပ်ငန်းဆောင်ရွက်ဖို့ပဲ မဲအများဆုံးရတဲ့ ဒုသမ္မတက တာဝန်ယူရတာဖြစ်တယ်။ ယာယီသမ္မတက သမ္မတသစ်မရှိ‌ခင် သမ္မတသစ်ခန့်အပ်နိုင်ဖို့ လွှတ်တော်နဲ့ တာဝန်ယူ ဆက်သွယ်ပေးရတာကလွဲရင် တကယ့် ယာယီ ad hoc ရာထူးဖြစ်ပါတယ်။
နောက်တစ်ချက်က အရေးပေါ်ကာလ တစ်နှစ်ကို သက်တမ်းတိုးချင်တဲ့အခါကျရင် သမ္မတက ကာ/လုံနဲ့တစ်ခါ တိုင်ပင်ပြီးလုပ်ရဦးမှာဆိုတော့ ယာယီသမ္မတ ကိုပဲ ဆက်သုံးမှာလား။ ဒါမှမဟုတ် တစ်နှစ်အတွင်းပဲ ရွေးကောက်ပွဲသစ်အတွက် စီစဉ်စရာ စီစဉ်ပြီး စစ်တန်းလျားပြန်မှာလား စောင့်ကြည့်ရပါမယ်။ တပ်က စိတ်တိုင်းကျဖြစ်မယ့် အခင်းအကျင်းမျိုးကိုလည်း ဖန်တီးချင်မှာမို့ တစ်နှစ်က သူ့အတွက် လုံလောက်ချင်မှ လုံလောက်ပါလိမ့်မယ်။
ဒီနေ့ လမ်းလျှောက်ရင်း ဖြတ်သွားဖြတ်လာကြားမိတာတော့ တစ်နှစ်ဆိုပေမယ့် ဆယ့်ငါးနှစ်ကြာသွားနိုင်တယ်တဲ့။ တကယ့်ကို အခြေခံလူတန်းစား နိုင်ငံရေးလူပြိန်းတွေ ဆွေးနွေးနေတာပါ။ ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်။

Thursday, January 28, 2021

 အဲန်အယ်လ်ဒီကို ထောက်ခံတယ်ဆိုသူတွေထဲမှာ မြို့နေ ရေပေါ်ဆီ ဧလိတွေကို ဘယ်တုန်းကမှ အထင်မကြီးမိတာတော့ အမှန်ပဲ။ အဲဒီအထဲ အနုပညာရှင်တွေလည်း ပါသပေါ့။ ငါးပွက်ရာ ငါးစာချတဲ့ အချောင်သမားက များပါတယ်။ ဇာဂနာ ပြောတာ မကြားဖူးဘူးလား။ ၁၉.၀၉.၁၉၈၈ မှာ လမ်းပေါ်ရောက်လာတဲ့အထဲ အနုပညာလောကသားက နှစ်ယောက် တစ်ပိုင်းသာပါတယ်။မြို့နေမဟုတ်ရင်လည်း ကျေးလက်တောရွာက (ဒေါ်အောင်ဆန်းစုကြည်ကို) ပုဂ္ဂိုလ်ရေးကိုးကွယ်သူတွေက အများစုဖြစ်ပါတယ်။

၈၈ တုန်းက ပြည်သူဟာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ အတော် ကျပ်တည်းလို့ လမ်းမပေါ် ထွက်လာတာဖြစ်တယ်။ အခုကတော့ အာဏာသိမ်းခဲ့ရင်တောင် လမ်းပေါ်မှာ သွေးထွက်သံယို မြင်ရဖို့ အခွင့်အလမ်းနည်းပါတယ်။ ၈၈ နဲ့ ကွာတဲ့ တစ်ချက်က အခုလူတွေဟာ အရင်းရှင်စီးပွားရေးစနစ်အောက်မှာ စိတ်ဓာတ်တွေ ပျက်စီးပြီးနေပြီ။ ဆိုရှယ်မီဒီယာပေါ် ကိုယ်ဘာမှမဖြစ်ဘူးဆိုတာသိလို့ ကီးဘုတ်သူရဲကောင်းလုပ်ပြီး တစ်ရာဖိုးသုံးပုဒ်တွေ လျှောက်တင်နေပေမယ့် တကယ်သွေးထွက်သံယိုဖြစ်လာမယ်ဆို အိမ်ပြင်ထွက် အသေခံမယ့်သူတွေ မဟုတ်ဘူး။
နောက်ကွာခြားတာတစ်ခုက လူ့အဖွဲ့အစည်းထဲမှာ စိမ့်ဝင်နေတဲ့ စစ်တပ်နဲ့ကြံ့ခိုင်ရေးကို ထောက်ခံသော လက်ဝေခံအဖွဲ့တွေ၊ လူမိုက်တွေနဲ့ ဘုန်းကြီးတွေဖြစ်တယ်။ ထရမ့်လက်ထက် အမေရိကန်မှာလို လူပြိန်းကြိုက်နိုင်ငံရေးနဲ့ လူမျိုးရေး၊ ဘာသာရေးကို အခြေခံတာမို့ သူတို့ကို လုံးဝတွန်းလှန် ပပျောက်အောင် လုပ်ဖို့လည်း မလွယ်ဘူး။

 ၁) ကိုဗစ်ကာလကြီးထဲ ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဘဲ ဇွတ်တိုးလုပ်ရာက စဖြစ်တဲ့ ပြဿနာပဲ။ အတိုက်အခံက တောင်းဆိုတဲ့အတိုင်း တစ်လလောက်ဖြစ်ဖြစ် ရွှေ့ပေးခဲ့ရင်တောင် မျှတပါတယ်လို့ ပြောစရာကျန်ခဲ့ဦးမှာ။

၂) ဒုတိယအကြိမ်လွှတ်တော် အထူးအစည်းအဝေးလည်း ခေါ်ပေးလိုက်ရင် ရတာပဲ။ လုပ်ထုံးလုပ်နည်းအရ ဘောင်မကျော်သလို ရှုံးသူပြိုင်ဘက်ကို closure ပေးပြီးလည်း ဖြစ်ခဲ့မယ်။
၃) ရွေးကောက်ပွဲကို ကိုယ်အပြတ်အသတ်နိုင်တယ်ဆိုပြီး တပ်ကို မညှိလို့ မရဘူး။ သူက ၆(စ) ကို တကယ်ယုံလို့ရော၊ ပါချင်လွန်းလို့ရော ရည်ရွယ်ချက်ရှိရှိ အခြေခံဥပဒေထဲ ထည့်ထားတာ။ လက်တွေ့မှာ လွန်ခဲ့တဲ့ငါးနှစ်အတွင်း သူရေးထားတဲ့အတိုင်း ဦးမဆောင်ရတော့ မကျေနပ်မှာ အမှန်ပဲ။
၄) အနည်းဆုံး လာမယ့်ငါးနှစ်မှာလည်း တပ်က ဦးဆောင်နိုင်ဖို့ ပိုဝေးသွားပြီဆိုတော့ အစိုးရနဲ့ အမြဲ ထိပ်တိုက်တွေ့နေရမှာကို စိတ်ပျက်ပြီး လက်ဦးမှုယူ၊ ခြိမ်းခြောက်တာဖြစ်တယ်။
၅) တပ်ချုပ်မှာလည်း နဝတ၊ နအဖ ခေါင်းဆောင်များနဲ့ ၂၀၁၀ အလွန် စစ်တစ်ပိုင်း သမ္မတလို လုံခြုံရေးအာမခံချက် မရှိဘူး။
၆) ဒီကြားထဲ အိုင်စီစီ၊ အိုင်စီဂျေတွေ ဝင်လာတော့ တပ်က မထိန်းထားနိုင်တာတွေ ပိုများလာတယ်။ နိုင်ငံတကာကို မထိန်းနိုင်သလို ပြည်တွင်းပဋိပက္ခကိုလည်း မထိန်းနိုင်ဘူး။ ယုတ်စွအဆုံး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတောင် မထိန်းနိုင်ဘူး။
၇) ဝင်ပါချင်လို့၊ ထိန်းချင်လို့ ရေးထားတဲ့ အခြေခံဥပဒေနဲ့တောင်မှ မပါရတာ၊ မထိန်းနိုင်တာတွေများလာတော့ တပ်က စိတ်နာလာတယ်။
၈) တပ်လိုချင်တာကို မညှိနှိုင်းရင်၊ မလျှော့ပေးရင် ဘာဖြစ်နိုင်မလဲ။ ပထမပြဿနာက သူဘာလိုချင်တယ်ဆိုတာ သေသေချာချာ မသိရသေးတာပဲ။ ဒုတိယပြဿနာက လိုချင်တာကို သိရရင်လည်း အစိုးရဘက်က လုပ်ပေးလို့ ဖြစ်မဖြစ် ဆိုတာပဲ။
၉) ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားတယ်ဆိုတာက အပေါ်ယံအကြောင်းပြချက်ဖြစ်တယ်။ အောက်ခြေမှာ ဒီ့ထက် ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခရှိတယ်။ အဲဒါကို မသိကျိုးကျွံပြု ဖုံးဖိထားလို့မရဘူး။
၁၀) အာဏာမသိမ်းဘူးပဲထား၊ နောက်ငါးနှစ်အတွင်း အစိုးရအ‌နေနဲ့ တပ်က ဘာဒုက္ခပေး ဝင်ပါလာမလဲ စိတ်တထင့်ထင့်နဲ့ အုပ်ချုပ်နေရလည်း မကောင်းဘူး။
၁၁) အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဆိုတာ တပ်က အာဏာသိမ်းမှ ဆုတ်ယုတ်တာမဟုတ်ဘူး။ အာဏာသိမ်းတယ်ဆိုတာ တပ်က အားနည်းလာတယ်လို့ ခံစားရလို့လည်း ဖြစ်နိုင်တယ်။ တပ်က ဖြစ်စဉ်တွေအပေါ် သူထိန်းချုပ်လို့ရနေသေးတယ် ထင်နေရင် သိမ်းစရာအကြောင်းမရှိဘူး။
၁၂) ဒါကြောင့် အာဏာသိမ်းတာမျိုးမရှိဘဲ အရပ်သားအစိုးရကိုလည်း မလေးစား မနာခံ၊ အစိုးရအုပ်ထိန်းမှုအောက်မှာလည်းမရှိဖြစ်ပြီး တပ်ရဲ့ အင်အားကြီးထွားလာရင်လည်း ဒီမိုကရေစီကို မဖော်ဆောင်နိုင်ဘူး။ ဖက်ဒရယ်စနစ်တော့ ဝေးရော။
၁၃) အခုပြောခဲ့တာတွေအကုန်လုံးက ကိုယ့်ပြည်တွင်းက အဖွဲ့အစည်းအချင်းချင်း ညှိနှိုင်းဆွေးနွေး အဖြေရှာကြဖို့က အဓိကပဲ။ နိုင်ငံတကာကို ဆွဲမထည့်တာ အကောင်းဆုံးပဲ။ များသောအားဖြင့် အင်အားကြီးနိုင်ငံတွေဟာ ပြည်တွင်းနိုင်ငံရေးကို ပိုမိုရှုပ်ထွေးစေတယ်။
၁၄) တပ်ကို ဆဲနေရင်လည်း အလကားပဲ။ သူက အရေးပါတဲ့ player ဖြစ်သလို gamemaster လည်း သူပဲဖြစ်နေတယ်။ ဒီမိုကရေစီဖတ်စာအုပ်ထဲက သင်ခန်းစာတွေနဲ့ မြန်မာတပ်ကို တရားချလို့ မရဘူး။ ဒီ game က သူ့အတွက် သူထွင်ထားတာ။
၁၅) တပ်ကို နိုင်ငံရေးက ဆုတ်ခွာစေချင်ရင် သူ့အဖွဲ့အစည်းအကျိုးစီးပွားအတွက် အဲဒီလိုလုပ်တာ‌ ကောင်းကြောင်း ဖြည်းဖြည်းချင်း သက်သေပြနိုင်အောင်ကြိုးစားပါ။ ဒီဗျူဟာမှာ ဖြတ်လမ်းတော့ မရှိ၊ တီထွင်ဖန်တီးဉာဏ်နဲ့ ကံတော့ လိုလိမ့်မယ်။ ဒီလောက်ပါပဲ။

Wednesday, January 27, 2021

 ခေါင်းဆောင်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးတည်းရဲ့ ရည်မှန်းချက်ကြောင့်သာဖြစ်ပြီး အင်စတီကျူးရှင်းကတော့ ပြုပြင်ပြောင်းလဲချင်စိတ်ရှိပါတယ်ဆိုတဲ့ စကားမျိုးလည်း ကြားရပေါင်း များခဲ့ပြီ။ ဒီလိုနဲ့ပဲ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ဒီပုပ်ထဲက ဒီပဲတွေချည်း ထွက်ထွက်လာတယ်။ အပြင်ရောက်ပြီးသူ လူဟောင်းများလည်း အင်စတီကျူးရှင်းကို ကာကွယ်မြဲ။ လူသစ်များကလည်း အချိန်အတိုင်းအတာတစ်ခုထဲ ခပ်ခွာခွာနေပြီးရင် အကြီးများကို ဖြည်းဖြည်းချင်း ပြန်ကပ်လို့ စည်းလုံးမြဲ။ အင်္ဂလိပ်စကားမှာပြောသလို ပိတ်တစ်စထဲကချုပ်တဲ့ အဝတ်တွေ အတူတူနဲ့ အနူနူ။ အခုလည်း လူဟောင်းတွေ မကျေနပ်ချက်ကို နောက်လူတွေက လိုက်လုပ်ပေးနေရတာပဲ မဟုတ်လား။ လူရဲ့အကျိုးစီးပွားဟာ အင်စတီကျူးရှင်းရဲ့ အကျိုးစီးပွားနဲ့ endogenous ဖြစ်နေတဲ့အခါ အဲဒီနှစ်ခုကို ခွဲထုတ်ဖို့ ခက်ခဲပါတယ်။

 တပ်က အာဏာသိမ်းချင်နေတယ်ဆိုမှတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူး လုပ်လို့မရပါဘူး။ အာဏာသိမ်းတယ် (coup) ဆိုတာကိုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပ (extra-constitutional) က လုပ်ရပ်ပဲ။ မနေ့က တပ်ချုပ် ပြောသွားတဲ့မိန့်ခွန်းမှာကို အဲဒီလို coup အတွက် အကြောင်းဆင်ခြေပြချက် (rationale) က ပါနေပြီး ဖြစ်ပါတယ်။

သူ့မိန့်ခွန်းကို နည်းနည်း မှီးလိုက်တာနဲ့တင်
"...ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၏ အနှစ်သာရနှင့် အခြေခံမူများမှ သွေဖည်၍ မိမိလိုသလို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဥပဒေကို လက်တစ်လုံးခြားလုပ်ခြင်း၊ ....အခြေခံဥပဒေ၏ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းများ ဖြစ်ပေါ်လာခဲ့ပါသည်။.....ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ၎င်း၏ အနှစ်သာရ၊ အခြေခံမူများနှင့်အညီ အကောင်အထည်ဖော်နိုင်စေရန်၊ လိုအပ်ချက်များကို ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြန်လည် ရေးဆွဲနိုင်စေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အား ကာကွယ်စောင့်ရှောက်ရန်အတွက် တပ်မတော်မှ ....." စသည်ဖြင့်
ကြေညာချက်မျိုး ထုတ်လို့တောင် ရနေပြီပဲ။
မဖြစ်နိုင်တာမဟုတ်၊ မဖြစ်သေးတာပဲဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် တပ်ကို ကဲ့ရဲ့ ပြောင်လှောင်တဲ့ပို့စ်တွေကို ဆိုရှယ်မီဒီယာမှာ မရေးကြ၊ မမျှဝေကြဖို့ လိုပါတယ်။ သူ့ကို ဆွပေးသလို ဖြစ်နေမှာကြောင့်ပါ။

Tuesday, January 26, 2021

 'ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခင်ဗျားတို့ အာဏာသိမ်းလို့မရဘူးလေ' လို့ တပ်ကို သေချာပေါက်ပြောလို့ မရနိုင်ပါဘူး။

၁) တပ်က အဲဒီလိုလုပ်ဖို့ ဥပဒေလမ်းကြောင်း တွေ့ထားပြီး ဖြစ်နိုင်ပါတယ်။ ဗခ ဇော်မင်းထွန်း က အလွယ်တကူ စိတ်ထဲရှိတာ ပြောချတာပါဆိုရင်တောင် တပ်ရဲ့ စဉ်းစားပုံမှာ နိုင်ငံတော်အာဏာကို ရယူထိန်းသိမ်းခြင်းဟာ တစ်ချက်ပါဝင်နေတာ ထင်ရှားပါတယ်။ တပ်ချုပ် ကိုယ်တိုင်ကလည်း သူမလုပ်ရဲတာ ဘာမှမရှိဘူး လို့ ပါတီ (၃၄) ခုနဲ့ တွေ့ဆုံစဉ်က ပြောခဲ့ဖူးတဲ့ စကားအခံလည်း ရှိပါတယ်။
၂) ဥပဒေလမ်းကြောင်းအရ လုပ်လို့မရရင်တောင် တပ်က သိမ်းချင်လို့ သိမ်းတယ်ဆိုပြီး လုပ်လို့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေရဲ့ ပြင်ပက ယန္တရားများကို ဖန်တီးပြီး လုပ်နိုင်ပါတယ်။ တရားဝင် အာဏာသိမ်းခွင့်ပေးထားတဲ့ ကမ္ဘာမှာ ရှားပါးလှသော အခြေခံဥပဒေကို တပ်ကပဲ ဦးဆောင်ရေးဆွဲခဲ့တာပါ။ နဂိုအနေအထားကိုက ပုံမှန်အနေအထား မဟုတ်တာပါ။ အရပ်သားအစိုးရကို မကြိုက်ရင် စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းတာကမှ တွေ့ရလေ့ရှိတဲ့ အနေအထားပါ။
ကစားနည်းကို ထွင်ခဲ့တာလည်း သူ၊ ကစားပွဲစည်းမျဉ်းကို ချခဲ့တာလည်း သူ၊ အခု ဒိုင်/သမာဓိချိန်ခွင် ဖြစ်ချင်တာလည်း သူဆိုတော့ သူ့ပွဲကိုသူ ဖျက်ချင်တယ်၊ ပြင်ချင်တယ်၊ အသစ်ပြန်စမယ်ပြောလာရင် အံ့ဩစရာမရှိပါ။ လောင်းကစားရုံတွေမှာတောင် လူတစ်ယောက်ထဲ သိပ်နိုင်လာရင် ရုံပိုင်ရှင်က ဆွဲထုတ်ဖို့ လုပ်လေ့ရှိပါတယ်။
၃) အာဏာသိမ်းတဲ့ စစ်အစိုးရ/အုပ်ချုပ်ရေးတစ်ရပ်ဟာ အာဏာကို အမြဲတမ်း ယူထားလို့ မရပါဘူး။ ကြာကြာနေဖို့လည်း ခက်ခဲပါတယ်။ အာဏာကို ဆက်ကိုင်ထားဖို့ တရားဝင်မှုနဲ့ အကြောင်းပြချက်ကို တစ်ချိန်လုံး ရှာနေရမှာမို့ပါ။ မြန်မာနိုင်ငံမှာ တပ်က ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး အနှစ်နှစ်ဆယ်ကျော်နေသွားတာကလည်း ပုံမှန်အနေအထား မဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့ အာဏာသိမ်းတာမျိုးမရှိဘဲ အရပ်သားအစိုးရက အုပ်ချုပ်နေပေမယ့် တပ်က အင်အားပိုကြီလားပြီး ဩဇာလွှမ်းမိုးနေရင်လည်း မမှန်ကန်ပါဘူး။ အကယ်၍ တပ်က အာဏာသိမ်းခဲ့ရင်လည်း သူလုပ်ချင်တဲ့အချက်၊ ဖြစ်ချင်တဲ့ ကစားပွဲပုံစံကို အတိအကျပြောပြီး ဝင်ပါလိမ့်မယ်။ ပြီးရင် ကာလတို၊ ကာလလတ် အတွင်း ပြန်ထွက်ဖို့ ကြိုးစားပါလိမ့်မယ်။
၄) မြန်မာတပ်ကို နှိမ်ဖို့ နိုင်ငံတကာအကူအညီကို မမျှော်မှန်းပါနဲ့။ ရုရှားနဲ့ တရုတ်က တပ်ဘက်မှာ ရှိပြီးသားပါ။ အိန္ဒိယ၊ ဂျပန် ကလည်း စိတ်ပျက်မိကြောင်း နည်းနည်းပါးပါးပြောပြီး ဘာမှ တတ်နိုင်မှာမဟုတ်ပါ။ အာဆီယံအပါအဝင် အာရှဒေသတွင်း အစိုးရအတော်များများက မြန်မာနိုင်ငံမှာ တက်လာသမျှ အစိုးရကို နေရာချနိုင်ဖို့ လုပ်ပါလိမ့်မယ်။ လိပ်/ကန်နဲ့ အနောက်နိုင်ငံတွေအတွက်ကလည်း တရုတ်ကို အင်ဒို-ပစိဖိတ်မှာ တားဆီးပိတ်ဆို့ဖို့က မဟာဗျူဟာရည်မှန်းချက်ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ အထောက်အကူဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်အစိုးရပဲ ဖြစ်နေပါစေ၊ သူတို့ အကန့်အသတ်နဲ့ ပေါင်းဖို့လုပ်ပါလိမ့်မယ်။
အဲန်အယ်လ်ဒီအစိုးရလက်ထက် ရိုဟင်ဂျာ/ဘင်္ဂါလီကိစ္စကို ဖန်တီးခဲ့တာလည်း တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်ကို ပိတ်ချင်လို့ဖြစ်တာကြောင့် တခြားတစ်နည်းနဲ့ ပိတ်လို့ရတယ်ဆိုရင် အဲဒီကိစ္စကို ကျယ်ကျယ်လောင်လောင် လုပ်နေတာတွေကို သူတို့ တဖြည်းဖြည်း လျှော့ချပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရစရာမရှိအောင် ပြောဆို၊ စွန့်လွှတ်ထားပြီမို့ မြန်မာ့ဒီမိုကရေစီအင်အားစုများအနေနဲ့ အရင်လို ပံ့ပိုးထောက်ခံမှုမျိုး မရနိုင်တော့ပါ။ သူတို့ အမာခံထောက်ခံပေးမယ့်အုပ်စုများက မြန်မာနိုင်ငံရဲ့ ဘာသာရေး၊ လူမျိုးရေး လူနည်းစုများ အခွင့်အရေးကို လက်ခံမြှင့်တင်ပေးမယ့် အုပ်စုတွေဖြစ်လာမှာပါ။ ဒါမှလည်း အနောက်နိုင်ငံများအနေနဲ့ စစ်တပ်နဲ့ အဲန်အယ်လ်ဒီ ဆီက မရနိုင်မယ့် လိုအပ်ချက်ကွက်လပ်များကို ဖြည့်နိုင်သူတွေ ရလာမှာဖြစ်တာကြောင့်ပါ။
၅) တပ်က အာဏာသိမ်းလိုက်လို့ စီးပွားပျက်အောင် ထိုးကျသွားမယ့် စတော့မားကက် ကြီးကြီးမားမားလည်းမရှိ။ အနောက်နိုင်ငံများရဲ့ ပြောပလောက်သော ရင်းနှီးမြှုပ်နှံမှုလည်းမရှိ။ ပြည်ပတင်ပို့နိုင်သော ပြည်တွင်း ကုန်ထုတ်လုပ်မှုလည်း အင်မတန် နည်းပါတယ်။ တပ်ရဲ့ စီပွားရေးစီမံခန့်ခွဲမှုကတော့ မစွံပါ။ သို့သော် အဲန်အယ်လ်ဒီလည်း တို့ချန်ခဲ့တဲ့ ခရိုနီတွေ၊ အခြေခံအဆောက်အအုံတွေ ယူသုံးနေတာမဟုတ်လားလို့ တပ်က ပြောပါလိမ့်မယ်။ တပ်ကလုပ်ရင် သူ့ဝေစုယူတာတွေ ပိုများလာမယ်။ အခြားတစ်ဖက်မှာလည်း တက်ကနိုခရက်တွေသုံးပြီး စီးပွားရေးပုံစံကို အဆင့်မြှင့်ပါလိမ့်မယ်။
လိုရင်းကတော့ တပ်က အာဏာသိမ်း မသိမ်း မပြောနိုင်ဘူးလို့ဆိုရုံနဲ့ မတုန်လှုပ်ဖို့ပါပဲ။ တပ်ကို အထင်မသေး၊ မပြောင်လှောင်၊ လျှော့မတွက်ဖို့ပါပဲ။ (ရင်ဘတ်/စိတ်ခံစားမှု ကိစ္စတွေပေါ့) တပ်က ဒီလိုပြောလာတယ်ဆိုတာ ပြောနိုင်လောက်တဲ့ အကြောင်းအချက်အလက် အခြေခံရှိတယ်ဆိုတာ သဘောပေါက်ဖို့လိုပါတယ်။

Monday, January 25, 2021

 လူရယ်လို့ ဖြစ်လာရင် အကောင်း၊ အဆိုးနှစ်မျိုးလုံး လုပ်မိနေတာမို့ ကုသိုလ်၊ အကုသိုလ်လည်း နှစ်မျိုးလုံး ရောပြီး ရနေကြတယ်။ ဒါကြောင့် မိမိမကြိုက်မနှစ်သက်တဲ့သူ (အမိတ္တ) တွေအကြောင်း စဉ်းစားရင်တောင် သူတို့မှာရှိတဲ့ ကောင်းကွက်၊ အကျင့်ကောင်းလေးတွေ ပေါ်လာတတ်တယ်။ ကောင်းတဲ့သူတွေဆိုလည်း စင်းလုံးချောကောင်းတယ်ဆိုတာ မရှိဘူး။ အကျင့်ဆိုး၊ ချို့ယွင်းချက် အနည်းနဲ့အများ ရှိတတ်ကြတယ်။ ဗုဒ္ဓဝေါဟာရနဲ့ပြောရရင် ကံနဲ့ ကိလေသာ သဘာဝနိယာမပါပဲ။

အခုတလော သီတဂူဘုန်းကြီးရဲ့ မဲလေးသောင်း ဟောပြောချက်ကို နိုင်ငံရေးစိတ်ဝင်စားသူ အတော်များများက အကုသိုလ်ယူနေကြတာ တွေ့မိတယ်။ တကယ်တော့ သီတဂူဘုန်းကြီးရဲ့ မကောင်းသတင်း၊ ကောလဟလတချို့လည်း ကြားဖူးထားတာ ရှိတယ်။ ဘုန်းကြီး ညစာစားတာကို မြင်ဖူးသူတစ်ဦးက ကိုယ်တိုင်ပြောပြတာရှိတယ်။ ဒေါ်လာနှစ်ဆယ်တန်လှူတာကို နည်းလို့ဆိုပြီး လွှင့်ပစ်တယ်လို့လည်း ကြားဖူးတယ်။ အလှူခံရင်လည်း ဒေါ်လာသန်းနဲ့ချီတဲ့ စီမံကိန်းလိုမျိုးတွေကိုမှ မှန်းတယ်ဆိုတာမျိုးလည်း ရှိပါတယ်။
တခြားတစ်ဖက်မှာလည်း သီတဂူဘုန်းကြီးရဲ့ ဗုဒ္ဓဘာသာ ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တဲ့ ကျေးဇူးတွေလည်းရှိတယ်။ ရည်မှန်းချက်ကြီးတာကိုက အဲဒီဆရာ‌တော်ရဲ့ သာသနာအတွက် မောင်းနှင်အားလို့ ဆိုရမယ်။
စစ်ကိုင်းတောင်ရိုး ရေပေးဝေတာ၊ ပရဟိတ ကျန်းမာရေး ဝန်ဆောင်မှုတွေပေးတာ၊ ဗုဒ္ဓတက္ကသိုလ်တွေ တည်ထောင်တာ၊ ပါချုပ်ဆရာတော်လို စာတော်တွေကို စုစည်းနိုင်တာ၊ ဗုဒ္ဓဘာသာထိပ်သီး အစည်းအဝေး၊ ဆွေးနွေးပွဲတွေ တာဝန်ယူကျင်းပနိုင်တာ၊ တပည့်သံဃာပေါင်းများစွာကို ပြည်ပနိုင်ငံတွေကို စေလွှတ်ပြီး ပညာသင်ယူ‌စေတာ၊ ပါဠိသက္ကတ ကျမ်းတတ်ပေတတ် လူပုဂ္ဂိုလ်နဲ့ ရဟန်းတော်တွေကို နိုင်ငံခြားက ပင့်ဖိတ်ပြီး သင်ကြားပို့ချစေတာ စသဖြင့်ဟာ သီတဂူဘုန်းကြီးရဲ့ ကျေးဇူးနဲ့ အကျိုးပြုလုပ်ရပ်တွေဖြစ်တယ်။
ပါချုပ်ဘုန်းကြီး ပါရဂူဘွဲ့ရတာမှာ သီတဂူဘုန်းကြီးက လမ်းပြ အထောက်အပံ့ဖြစ်ခဲ့တယ်။ အောက်စဖို့ဒ်ဘုန်းကြီးကလည်း အခုလို သူတို့မျိုးဆက် ရဟန်းတော်တွေ အင်္ဂလိပ်စာသင်တာ၊ နိုင်ငံခြားသွားတာကို ရှေးဆရာတော်ကြီးများက အမြင်စောင်းခဲ့ကြောင်း၊ ဒါကို ဖောက်ထွက်နိုင်ဖို့ သီတဂူဆရာတော်လို ဘုန်းကြီးတွေက ဦးဆောင် တိုက်ယူပေးခဲ့ရကြောင်း ဆိုဖူးတယ်။
သီတဂူဘုန်းကြီးဟာ မြန်မာဗုဒ္ဓဘာသာကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ပြီး ပြောနိုင်ဆိုနိုင် ဆွေးနွေးနိုင်မယ့်၊ အမြင်ကျယ်တဲ့ သံဃာမျိုးဆက်သစ်တစ်ရပ်ကို မွေးထုတ်နိုင်ခဲ့တယ်။ စစ်တပ်နဲ့ပတ်သက်ရင်လည်း ရှာဖွေအကောင်းပြောရရင် သီတဂူဘုန်းကြီးဟာ သံဃာကို တပ်က ကိုးကွယ်လေးစားရမယ့် အခြေအနေတစ်ခုမှာ ထိန်းထားနိုင်တယ်။ အနည်းဆုံးတော့ သံဃာ့အဖွဲ့အစည်းဟာ တပ်နဲ့ အစိုးရရဲ့ ဩဇာနဲ့ အာဏာအောက်က လွတ်ကင်းပြီး သူ့ဟာသူ ရပ်တည်တယ်ဆိုတာ ပြသနိုင်တယ်။
အကျင့်သီလပိုင်းမဟုတ်တဲ့ အရည်အချင်းပိုင်းကို ပြောရရင် သီတဂူဘုန်းကြီးဟာ အင်မတန် မှတ်ဉာဏ်ကောင်းတယ်။ တရားဟောရင် ပါဠိဂါထာ အတော်များများကို အခုအရွယ်အထိ မမေ့မလျော့ အလွတ်ရ၊ အလွတ်ဆိုနိုင်တယ်။ ဟောတဲ့တရား အကြောင်းအရာတွေကိုတော့ သီးခြားမှတ်ချက်မပေးချင်ဘူး။ ပိဋကတ်အာဂုံဆောင် မြန်မာဘုန်းကြီးတွေကို ဘာသာခြား/ဘာသာမဲ့ နိုင်ငံခြားပညာရှင်ဆိုတာတွေက နိုင်ငံရေးအမြင်နဲ့ ဝေဖန်တာကို ပိုပြီး မနှစ်မြို့လို့ဖြစ်တယ်။ သီတဂူလို ဘုန်းကြီးသာမရှိရင် ဗုဒ္ဓဘာသာက ပိုတောင် အစော်ကားခံရဦးမယ်။ အခုတောင် ဗုဒ္ဓဘာသာလူများစု ကိုယ့်နိုင်ငံမှာ ကိုယ်နေရင်းတောင် ဝိုင်းစော်ကားနေကြတာ။
သံဃာ့အဖွဲ့အစည်းကို နိုင်ငံ‌တော်က ဝင်ကူထိန်းပေးချင်တယ်ဆိုရင် သူ့ရဲ့ သီးခြားလွတ်လပ်စွာ ရပ်တည်မှုကိုလည်း အသိအမှတ်ပြုဖို့လိုမယ်။ အဲဒါမှ သံဃာဟာလည်း နိုင်ငံရဲ့ အခြားအဖွဲ့အစည်းတွေပေါ်မှာ အထိန်းပြန်ဖြစ်မယ်။ ဒီမိုကရေစီစနစ်မှာ အစိုးရ၊ ပါတီဆိုတာက ငါးနှစ်တစ်ကြိမ်၊ ဆယ်နှစ်တစ်ကြိမ် အနေအထားပြောင်းမှာ။ တပ်တို့၊ သံဃာတို့ဆိုတာ စဉ်ဆက်မပြတ်တဲ့ အကြွင်းမဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ မတည်ငြိမ်တဲ့ အပြင်က အများကြီး သွားကစားလို့မရဘူး။ ကစားရင် ဆက်စပ်လူ့ဘောင်ပါ ပြိုကျနိုင်တယ်။ သူတို့ဟာ သူတို့ အတွင်းဘက်လှည့် စည်းကမ်းထိန်းကျောင်းတာမျိုးကိုလည်း စောင့်ရတတ်တယ်။

 တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ မှတ်သားမိတာက "အမေးရှိရင် အဖြေရှိတယ်" တဲ့။ မေးခွန်းထုတ်ထားပြီးပြီဆိုတော့ အဖြေကို မထွက်ထွက်အောင် လုပ်မယ်ဆိုတဲ့သဘော၊ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့သဘောကို ဖော်ပြလိုက်တာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ဖတ်ပါဆိုပြီး ရည်ညွှန်းသွားတာလည်း အကြိမ်ကြိမ်။ အခြေခံမူတွေက အဓိကပဲတဲ့။ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးကို သစ္စာမဖောက်ဘူး၊ ဦးဆောင်ရမယ် စသဖြင့် ဒါတွေပဲ ပြန်ထပ်နေတယ်။

သို့သော် မူက မူ၊ ယန္တရားက ယန္တရားဆိုတော့ 'သမာဓိချိန်ခွင်' လုပ်ချင်ပေမယ့် လုပ်လို့ရတဲ့ ယန္တရားမရှိရင် ဘာလုပ်လို့ ရမှာလဲ။ တည်ဆဲဥပဒေတွေက ဘယ်လိုယန္တရားတွေနဲ့ အဆုံးထိ ဆောင်ရွက်နိုင်မလဲဆိုတာ သေသေချာချာ မပြောပြဘဲ လှည့်ပတ်ဖြေနေရင်တော့ သတင်းထောက်နဲ့ ပြည်သူတွေက ဖြီးလုံးဖြန်းလုံးတွေလို့သာ ထင်ကြမှာပေါ့။
ဥပမာ၊ အမေရိကန်မှာ ဒီမိုကရက်တွေက ထရမ့်ကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင်တာမှာ ဘယ်အဆင့်အောင်မြင်ရင် ဘာလုပ်မယ်ဆိုတာ သတင်းစာတွေက ကြိုခန့်မှန်းလို့ရတယ်။ မြန်မာနိုင်ငံမှာ တပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်နေပါတယ်ဆိုတဲ့ဟာက ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဘာယန္တရားကို သုံးမယ်ဆိုတာကို မပြောနိုင်တော့ ယုံနိုင်စရာ ဘယ်ရှိပါမလဲ။ အမေးရှိရင် အဖြေရှိတာမှန်ပေမယ့် အဖြေမဟုတ်တဲ့ အဖြေတွေကလည်း အများကြီး။ မူကမူ၊ မူကို အကောင်အထည်ဖော်နိုင်တဲ့ ယန္တရားတွေက သီးခြားဖြစ်တယ်။

Friday, January 22, 2021

 ကျွန်တော့် news feed မှာ တခြားသူတွေက NLD ကို ထောက်ခံတဲ့ သတင်းနဲ့ ထင်မြင်ရေးသားချက်ပို့စ် ဆယ်ခုလောက်တက်ရင် မျိုးချစ်ဝါဒီ၊ တိုင်းရင်းသား၊ စစ်တပ်၊ USDP ကို ထောက်ခံတဲ့ပို့စ် (NLD ကို ဝေဖန်ဆန့်ကျင်တဲ့ပို့စ်) က နှစ်ခုသုံးခုသာပါတယ်။ ကျွန်တော့်မိတ်ဆွေတွေထဲ NLD ထောက်ခံသူတွေက အများစုဖြစ်နေတာအပြင် social media ရဲ့ algorithm ကလည်း ဖတ်နေတာကိုကြည့်ပြီး ကိုယ်မြင်ချင်တယ်၊ ဖတ်ချင်တယ်လို့ ထင်တာတွေကိုပဲ ရွေးတင်ပေးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွခ်ပေါ်မှာ NLD/ဒေါ်အောင်ဆန်းစုကြည်အတွက် လော်ဘီတွေ သိပ်များနေတာကိုလည်း စိတ်ထဲ အနှောက်အယှက် နည်းနည်းဖြစ်မိတယ်။ အရာရာကို rationalization လုပ်ပြီး အားလုံးကောင်း၊ အားလုံးမှန်လုပ်ပြီး လက်ရှိအစိုးရနဲ့ NLD ကို ခြောက်ပစ်ကင်း သဲလဲစင်လိုမျိုး ပုံဖော်နေတဲ့ အရေးအသားမျိုးတွေကို ဘဝင်မကျဖြစ်မိတယ်။

တကယ်ဆို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း (အထူးသဖြင့် နိုင်ငံရေးထဲ) ဖြစ်ပေါ်နေတဲ့ အကွဲအပြဲဟာ အမေရိကန်မှာထက် မလျော့ပါဘူး။ ဆိုရှယ်မီဒီယာကို အစိုးရက အနောက်နိုင်ငံတွေအလိုကျ ဝင်ရောက်စွက်ဖက်လိုက်တဲ့အတွက် မှန်ကန်တဲ့နည်းလမ်းနဲ့ checks and balances လုပ်ဖို့ catharsis မရှိတော့ဘူး ဖြစ်သွားတာလည်း ပါပါတယ်။ မြန်မာနိုင်ငံက hate speech တို့ ဘာတို့ဆိုပြီး စွပ်စွဲခဲ့တာတွေက အမေရိကန်မှာ ဒေါ်နယ် ထရမ့်နဲ့ လူဖြူအစွန်းရောက် ထင်မြင်ချက်ခေါင်းဆောင်တွေ လုပ်ခဲ့တာရဲ့ အကင်းလောက်သာ ရှိပါတယ်။ အစ္စလာမ္မစ်အစွန်းရောက်တချို့ ဘာသာရေးအရေခြုံပြီး ဟောပြောနေကြတဲ့ တချို့သွေးထိုးလှုံ့ဆော်မှုများထက်လည်း အားနည်းပါတယ်။
ဒါပေမဲ့ နိုင်ငံခြားထောက်ပံ့ငွေက လုပ်ငန်းစဉ်တစ်ခုတည်းကိုပဲ လုပ်ကြဖို့ တစ်ဖက်တည်းကိုပဲ စီးဝင်နေတာက တစ်ကြောင်းကြောင့် ကိုယ့်ဘက်သားကို ဖာရင်းနဲ့ မိမိနိုင်ငံရဲ့ အဖွဲ့အစည်းများ၊ မိမိနိုင်ငံသား လူပုဂ္ဂိုလ်အချင်းချင်းတွေကိုပဲ ရှုတ်ချပြစ်တင် သားပုတ်လေလွင့်ပြော ဖြစ်ကုန်ကြရတယ်။ နိုင်ငံခြားသား၊ ဘာသာခြား၊ လူမျိုးခြားတွေအတွက် အထင်သေးစရာ၊ တိုက်ခိုက်စရာ ပိုဖြစ်လာရတယ်။ အခုလိုပြောနေတာကိုတောင် မင်းက ဗမာ-ဗုဒ္ဓဘာသာရှုထောင့်က ပြောနေတာကိုးလို့ ဝေဖန်ကြလိမ့်မယ်။ ဒီခေတ်မှာ မြန်မာနိုင်ငံဆိုပြီး တိုင်းပြည်ကို အခြေပြုထားတဲ့ အမျိုးသားရေး အမည်လက္ခဏာဟာ တခြားအမည်လက္ခဏာမျိုးစုံအောက်မှာ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီ။ ဒါဟာ နိုင်ငံအတွက် ကောင်းမကောင်းဆိုတာ မသေချာပါဘူး။ တချို့လူတွေ၊ အဖွဲ့တွေက ငါးပွက်ရာ ငါးစာချ တဒင်္ဂစိတ်ဝင်စားတာလည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက အခု မြန်မာနိုင်ငံမှာ ဖက်ဒရယ် သိပ်ဖြစ်နေကြသူတွေ အမေရိကန်နိုင်ငံရဲ့ သမိုင်းအစကို တစ်ချက်ပြန်ကြည့်သင့်တယ်။ အဲဒီအချိန်က Federalist တို့၊ Federalist party တို့ဟာ strong central government ကို လိုလား တောင်းဆိုခဲ့သူတွေဖြစ်တယ်။ အမေရိကန်မှာက တစ်တိုင်းတစ်ပြည်စီဖြစ်နေရာကမှ ဗဟိုအစိုးရက ဘဏ္ဍာရေးလို ကိစ္စရပ်မျိုးနဲ့ မလိုက်နာတဲ့ပြည်နယ်တွေကို ကိုင်တွယ်နိုင်ရေးကို ဖွဲ့စည်းပုံနဲ့ စုစည်းထားဖို့ Federalists တွေက လုပ်ခဲ့ရတာဖြစ်တယ်။ Federalist Papers ဆိုတာ အဲဒီအကြောင်းတွေကို ဖက်ဒရယ်ဝါဒီတွေက Publius ဆိုတဲ့ ကလောင်အမည်နဲ့ သတင်းစာထဲ ရေးထည့်ခဲ့တဲ့ စာဆောင်းပါးတွေဖြစ်တယ်။ Anti-Federalists ဆိုတာတွေက ဗဟိုအစိုးရ ကြီးမားအားကောင်းမှာကို ဆန့်ကျင်သူတွေပဲ။
မြန်မာနိုင်ငံမှာ Federalism လုပ်လုပ် မလုပ်လုပ် သိပ်အရေးမကြီးပါ။ အင်ဒိုနီးရှားဆိုလည်း ဘယ်ကျွန်းသား၊ ဘယ်လူမျိုးဆိုတာ ဖျောက်ထားတဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး decentralization နဲ့ သွားရတာပဲ။ သင့်တင့်မျှတတဲ့ Devolution of power နဲ့ resource-sharing ပေါ်လာရင် ရပါပြီ။