Monday, January 25, 2021

 လူရယ်လို့ ဖြစ်လာရင် အကောင်း၊ အဆိုးနှစ်မျိုးလုံး လုပ်မိနေတာမို့ ကုသိုလ်၊ အကုသိုလ်လည်း နှစ်မျိုးလုံး ရောပြီး ရနေကြတယ်။ ဒါကြောင့် မိမိမကြိုက်မနှစ်သက်တဲ့သူ (အမိတ္တ) တွေအကြောင်း စဉ်းစားရင်တောင် သူတို့မှာရှိတဲ့ ကောင်းကွက်၊ အကျင့်ကောင်းလေးတွေ ပေါ်လာတတ်တယ်။ ကောင်းတဲ့သူတွေဆိုလည်း စင်းလုံးချောကောင်းတယ်ဆိုတာ မရှိဘူး။ အကျင့်ဆိုး၊ ချို့ယွင်းချက် အနည်းနဲ့အများ ရှိတတ်ကြတယ်။ ဗုဒ္ဓဝေါဟာရနဲ့ပြောရရင် ကံနဲ့ ကိလေသာ သဘာဝနိယာမပါပဲ။

အခုတလော သီတဂူဘုန်းကြီးရဲ့ မဲလေးသောင်း ဟောပြောချက်ကို နိုင်ငံရေးစိတ်ဝင်စားသူ အတော်များများက အကုသိုလ်ယူနေကြတာ တွေ့မိတယ်။ တကယ်တော့ သီတဂူဘုန်းကြီးရဲ့ မကောင်းသတင်း၊ ကောလဟလတချို့လည်း ကြားဖူးထားတာ ရှိတယ်။ ဘုန်းကြီး ညစာစားတာကို မြင်ဖူးသူတစ်ဦးက ကိုယ်တိုင်ပြောပြတာရှိတယ်။ ဒေါ်လာနှစ်ဆယ်တန်လှူတာကို နည်းလို့ဆိုပြီး လွှင့်ပစ်တယ်လို့လည်း ကြားဖူးတယ်။ အလှူခံရင်လည်း ဒေါ်လာသန်းနဲ့ချီတဲ့ စီမံကိန်းလိုမျိုးတွေကိုမှ မှန်းတယ်ဆိုတာမျိုးလည်း ရှိပါတယ်။
တခြားတစ်ဖက်မှာလည်း သီတဂူဘုန်းကြီးရဲ့ ဗုဒ္ဓဘာသာ ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တဲ့ ကျေးဇူးတွေလည်းရှိတယ်။ ရည်မှန်းချက်ကြီးတာကိုက အဲဒီဆရာ‌တော်ရဲ့ သာသနာအတွက် မောင်းနှင်အားလို့ ဆိုရမယ်။
စစ်ကိုင်းတောင်ရိုး ရေပေးဝေတာ၊ ပရဟိတ ကျန်းမာရေး ဝန်ဆောင်မှုတွေပေးတာ၊ ဗုဒ္ဓတက္ကသိုလ်တွေ တည်ထောင်တာ၊ ပါချုပ်ဆရာတော်လို စာတော်တွေကို စုစည်းနိုင်တာ၊ ဗုဒ္ဓဘာသာထိပ်သီး အစည်းအဝေး၊ ဆွေးနွေးပွဲတွေ တာဝန်ယူကျင်းပနိုင်တာ၊ တပည့်သံဃာပေါင်းများစွာကို ပြည်ပနိုင်ငံတွေကို စေလွှတ်ပြီး ပညာသင်ယူ‌စေတာ၊ ပါဠိသက္ကတ ကျမ်းတတ်ပေတတ် လူပုဂ္ဂိုလ်နဲ့ ရဟန်းတော်တွေကို နိုင်ငံခြားက ပင့်ဖိတ်ပြီး သင်ကြားပို့ချစေတာ စသဖြင့်ဟာ သီတဂူဘုန်းကြီးရဲ့ ကျေးဇူးနဲ့ အကျိုးပြုလုပ်ရပ်တွေဖြစ်တယ်။
ပါချုပ်ဘုန်းကြီး ပါရဂူဘွဲ့ရတာမှာ သီတဂူဘုန်းကြီးက လမ်းပြ အထောက်အပံ့ဖြစ်ခဲ့တယ်။ အောက်စဖို့ဒ်ဘုန်းကြီးကလည်း အခုလို သူတို့မျိုးဆက် ရဟန်းတော်တွေ အင်္ဂလိပ်စာသင်တာ၊ နိုင်ငံခြားသွားတာကို ရှေးဆရာတော်ကြီးများက အမြင်စောင်းခဲ့ကြောင်း၊ ဒါကို ဖောက်ထွက်နိုင်ဖို့ သီတဂူဆရာတော်လို ဘုန်းကြီးတွေက ဦးဆောင် တိုက်ယူပေးခဲ့ရကြောင်း ဆိုဖူးတယ်။
သီတဂူဘုန်းကြီးဟာ မြန်မာဗုဒ္ဓဘာသာကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ပြီး ပြောနိုင်ဆိုနိုင် ဆွေးနွေးနိုင်မယ့်၊ အမြင်ကျယ်တဲ့ သံဃာမျိုးဆက်သစ်တစ်ရပ်ကို မွေးထုတ်နိုင်ခဲ့တယ်။ စစ်တပ်နဲ့ပတ်သက်ရင်လည်း ရှာဖွေအကောင်းပြောရရင် သီတဂူဘုန်းကြီးဟာ သံဃာကို တပ်က ကိုးကွယ်လေးစားရမယ့် အခြေအနေတစ်ခုမှာ ထိန်းထားနိုင်တယ်။ အနည်းဆုံးတော့ သံဃာ့အဖွဲ့အစည်းဟာ တပ်နဲ့ အစိုးရရဲ့ ဩဇာနဲ့ အာဏာအောက်က လွတ်ကင်းပြီး သူ့ဟာသူ ရပ်တည်တယ်ဆိုတာ ပြသနိုင်တယ်။
အကျင့်သီလပိုင်းမဟုတ်တဲ့ အရည်အချင်းပိုင်းကို ပြောရရင် သီတဂူဘုန်းကြီးဟာ အင်မတန် မှတ်ဉာဏ်ကောင်းတယ်။ တရားဟောရင် ပါဠိဂါထာ အတော်များများကို အခုအရွယ်အထိ မမေ့မလျော့ အလွတ်ရ၊ အလွတ်ဆိုနိုင်တယ်။ ဟောတဲ့တရား အကြောင်းအရာတွေကိုတော့ သီးခြားမှတ်ချက်မပေးချင်ဘူး။ ပိဋကတ်အာဂုံဆောင် မြန်မာဘုန်းကြီးတွေကို ဘာသာခြား/ဘာသာမဲ့ နိုင်ငံခြားပညာရှင်ဆိုတာတွေက နိုင်ငံရေးအမြင်နဲ့ ဝေဖန်တာကို ပိုပြီး မနှစ်မြို့လို့ဖြစ်တယ်။ သီတဂူလို ဘုန်းကြီးသာမရှိရင် ဗုဒ္ဓဘာသာက ပိုတောင် အစော်ကားခံရဦးမယ်။ အခုတောင် ဗုဒ္ဓဘာသာလူများစု ကိုယ့်နိုင်ငံမှာ ကိုယ်နေရင်းတောင် ဝိုင်းစော်ကားနေကြတာ။
သံဃာ့အဖွဲ့အစည်းကို နိုင်ငံ‌တော်က ဝင်ကူထိန်းပေးချင်တယ်ဆိုရင် သူ့ရဲ့ သီးခြားလွတ်လပ်စွာ ရပ်တည်မှုကိုလည်း အသိအမှတ်ပြုဖို့လိုမယ်။ အဲဒါမှ သံဃာဟာလည်း နိုင်ငံရဲ့ အခြားအဖွဲ့အစည်းတွေပေါ်မှာ အထိန်းပြန်ဖြစ်မယ်။ ဒီမိုကရေစီစနစ်မှာ အစိုးရ၊ ပါတီဆိုတာက ငါးနှစ်တစ်ကြိမ်၊ ဆယ်နှစ်တစ်ကြိမ် အနေအထားပြောင်းမှာ။ တပ်တို့၊ သံဃာတို့ဆိုတာ စဉ်ဆက်မပြတ်တဲ့ အကြွင်းမဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ မတည်ငြိမ်တဲ့ အပြင်က အများကြီး သွားကစားလို့မရဘူး။ ကစားရင် ဆက်စပ်လူ့ဘောင်ပါ ပြိုကျနိုင်တယ်။ သူတို့ဟာ သူတို့ အတွင်းဘက်လှည့် စည်းကမ်းထိန်းကျောင်းတာမျိုးကိုလည်း စောင့်ရတတ်တယ်။

No comments:

Post a Comment