Sunday, January 31, 2021

 ၄၁၈ (က) အရ လက်ရှိ လွှတ်တော်က သက်တမ်းကုန်ပြီဆိုရင် အလိုအလျောက် လွှတ်တော်ဖျက်သိမ်းပြီးဖြစ်တယ်လို့ မှတ်ယူရမှာပါ။ ၄၁၈ (ခ) အရ အစိုးရအဖွဲ့နဲ့ ဝန်ကြီးတွေလည်း ရာထူးက ပြုတ်ပြီလို့ပဲ ယူဆရမှာပါ။ ဒါကြောင့် ကျန်းမာရေးဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးတို့က နုတ်ထွက်တယ်လို့မပြောလည်း သူတို့ရာထူးမှာ မနေနိုင်တော့၊ မရှိတော့ပါဘူး။

၄၂၁ မှာ အရေးပေါ်အခြေအနေကြောင့် တပ်ချုပ်ကို အာဏာလွှဲရကြောင်း လွှတ်တော်ကို အသိပေးရမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လွှတ်တော်က မရှိတော့တော့ အဲဒီပြဋ္ဌာန်းချက်ကို လုပ်ဦးမလားမသိပါ။
ယာယီသမ္မတကို အာဏာလွှဲခိုင်းရတာကလည်း ဥပဒေကြောင်းအရ အဖြောင့်တိုင်းမဟုတ်ပါ။ သမ္မတနေရာလစ်လပ်မှုကို ရှင်းရှင်းလင်းလင်း မဖော်ပြထားတဲ့ 'အ‌ကြောင်းတစ်စုံတရာ' ကြောင့်လို့ ပြောချင် ပြောလို့ရနိုင်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယာယီသမ္မတဆိုတာ သမ္မတသစ် မခန့်ရ‌သေးခင် လုပ်ငန်းဆောင်ရွက်ဖို့ပဲ မဲအများဆုံးရတဲ့ ဒုသမ္မတက တာဝန်ယူရတာဖြစ်တယ်။ ယာယီသမ္မတက သမ္မတသစ်မရှိ‌ခင် သမ္မတသစ်ခန့်အပ်နိုင်ဖို့ လွှတ်တော်နဲ့ တာဝန်ယူ ဆက်သွယ်ပေးရတာကလွဲရင် တကယ့် ယာယီ ad hoc ရာထူးဖြစ်ပါတယ်။
နောက်တစ်ချက်က အရေးပေါ်ကာလ တစ်နှစ်ကို သက်တမ်းတိုးချင်တဲ့အခါကျရင် သမ္မတက ကာ/လုံနဲ့တစ်ခါ တိုင်ပင်ပြီးလုပ်ရဦးမှာဆိုတော့ ယာယီသမ္မတ ကိုပဲ ဆက်သုံးမှာလား။ ဒါမှမဟုတ် တစ်နှစ်အတွင်းပဲ ရွေးကောက်ပွဲသစ်အတွက် စီစဉ်စရာ စီစဉ်ပြီး စစ်တန်းလျားပြန်မှာလား စောင့်ကြည့်ရပါမယ်။ တပ်က စိတ်တိုင်းကျဖြစ်မယ့် အခင်းအကျင်းမျိုးကိုလည်း ဖန်တီးချင်မှာမို့ တစ်နှစ်က သူ့အတွက် လုံလောက်ချင်မှ လုံလောက်ပါလိမ့်မယ်။
ဒီနေ့ လမ်းလျှောက်ရင်း ဖြတ်သွားဖြတ်လာကြားမိတာတော့ တစ်နှစ်ဆိုပေမယ့် ဆယ့်ငါးနှစ်ကြာသွားနိုင်တယ်တဲ့။ တကယ့်ကို အခြေခံလူတန်းစား နိုင်ငံရေးလူပြိန်းတွေ ဆွေးနွေးနေတာပါ။ ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်။

No comments:

Post a Comment