Tuesday, January 26, 2021

 'ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခင်ဗျားတို့ အာဏာသိမ်းလို့မရဘူးလေ' လို့ တပ်ကို သေချာပေါက်ပြောလို့ မရနိုင်ပါဘူး။

၁) တပ်က အဲဒီလိုလုပ်ဖို့ ဥပဒေလမ်းကြောင်း တွေ့ထားပြီး ဖြစ်နိုင်ပါတယ်။ ဗခ ဇော်မင်းထွန်း က အလွယ်တကူ စိတ်ထဲရှိတာ ပြောချတာပါဆိုရင်တောင် တပ်ရဲ့ စဉ်းစားပုံမှာ နိုင်ငံတော်အာဏာကို ရယူထိန်းသိမ်းခြင်းဟာ တစ်ချက်ပါဝင်နေတာ ထင်ရှားပါတယ်။ တပ်ချုပ် ကိုယ်တိုင်ကလည်း သူမလုပ်ရဲတာ ဘာမှမရှိဘူး လို့ ပါတီ (၃၄) ခုနဲ့ တွေ့ဆုံစဉ်က ပြောခဲ့ဖူးတဲ့ စကားအခံလည်း ရှိပါတယ်။
၂) ဥပဒေလမ်းကြောင်းအရ လုပ်လို့မရရင်တောင် တပ်က သိမ်းချင်လို့ သိမ်းတယ်ဆိုပြီး လုပ်လို့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေရဲ့ ပြင်ပက ယန္တရားများကို ဖန်တီးပြီး လုပ်နိုင်ပါတယ်။ တရားဝင် အာဏာသိမ်းခွင့်ပေးထားတဲ့ ကမ္ဘာမှာ ရှားပါးလှသော အခြေခံဥပဒေကို တပ်ကပဲ ဦးဆောင်ရေးဆွဲခဲ့တာပါ။ နဂိုအနေအထားကိုက ပုံမှန်အနေအထား မဟုတ်တာပါ။ အရပ်သားအစိုးရကို မကြိုက်ရင် စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းတာကမှ တွေ့ရလေ့ရှိတဲ့ အနေအထားပါ။
ကစားနည်းကို ထွင်ခဲ့တာလည်း သူ၊ ကစားပွဲစည်းမျဉ်းကို ချခဲ့တာလည်း သူ၊ အခု ဒိုင်/သမာဓိချိန်ခွင် ဖြစ်ချင်တာလည်း သူဆိုတော့ သူ့ပွဲကိုသူ ဖျက်ချင်တယ်၊ ပြင်ချင်တယ်၊ အသစ်ပြန်စမယ်ပြောလာရင် အံ့ဩစရာမရှိပါ။ လောင်းကစားရုံတွေမှာတောင် လူတစ်ယောက်ထဲ သိပ်နိုင်လာရင် ရုံပိုင်ရှင်က ဆွဲထုတ်ဖို့ လုပ်လေ့ရှိပါတယ်။
၃) အာဏာသိမ်းတဲ့ စစ်အစိုးရ/အုပ်ချုပ်ရေးတစ်ရပ်ဟာ အာဏာကို အမြဲတမ်း ယူထားလို့ မရပါဘူး။ ကြာကြာနေဖို့လည်း ခက်ခဲပါတယ်။ အာဏာကို ဆက်ကိုင်ထားဖို့ တရားဝင်မှုနဲ့ အကြောင်းပြချက်ကို တစ်ချိန်လုံး ရှာနေရမှာမို့ပါ။ မြန်မာနိုင်ငံမှာ တပ်က ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး အနှစ်နှစ်ဆယ်ကျော်နေသွားတာကလည်း ပုံမှန်အနေအထား မဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့ အာဏာသိမ်းတာမျိုးမရှိဘဲ အရပ်သားအစိုးရက အုပ်ချုပ်နေပေမယ့် တပ်က အင်အားပိုကြီလားပြီး ဩဇာလွှမ်းမိုးနေရင်လည်း မမှန်ကန်ပါဘူး။ အကယ်၍ တပ်က အာဏာသိမ်းခဲ့ရင်လည်း သူလုပ်ချင်တဲ့အချက်၊ ဖြစ်ချင်တဲ့ ကစားပွဲပုံစံကို အတိအကျပြောပြီး ဝင်ပါလိမ့်မယ်။ ပြီးရင် ကာလတို၊ ကာလလတ် အတွင်း ပြန်ထွက်ဖို့ ကြိုးစားပါလိမ့်မယ်။
၄) မြန်မာတပ်ကို နှိမ်ဖို့ နိုင်ငံတကာအကူအညီကို မမျှော်မှန်းပါနဲ့။ ရုရှားနဲ့ တရုတ်က တပ်ဘက်မှာ ရှိပြီးသားပါ။ အိန္ဒိယ၊ ဂျပန် ကလည်း စိတ်ပျက်မိကြောင်း နည်းနည်းပါးပါးပြောပြီး ဘာမှ တတ်နိုင်မှာမဟုတ်ပါ။ အာဆီယံအပါအဝင် အာရှဒေသတွင်း အစိုးရအတော်များများက မြန်မာနိုင်ငံမှာ တက်လာသမျှ အစိုးရကို နေရာချနိုင်ဖို့ လုပ်ပါလိမ့်မယ်။ လိပ်/ကန်နဲ့ အနောက်နိုင်ငံတွေအတွက်ကလည်း တရုတ်ကို အင်ဒို-ပစိဖိတ်မှာ တားဆီးပိတ်ဆို့ဖို့က မဟာဗျူဟာရည်မှန်းချက်ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ အထောက်အကူဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်အစိုးရပဲ ဖြစ်နေပါစေ၊ သူတို့ အကန့်အသတ်နဲ့ ပေါင်းဖို့လုပ်ပါလိမ့်မယ်။
အဲန်အယ်လ်ဒီအစိုးရလက်ထက် ရိုဟင်ဂျာ/ဘင်္ဂါလီကိစ္စကို ဖန်တီးခဲ့တာလည်း တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်ကို ပိတ်ချင်လို့ဖြစ်တာကြောင့် တခြားတစ်နည်းနဲ့ ပိတ်လို့ရတယ်ဆိုရင် အဲဒီကိစ္စကို ကျယ်ကျယ်လောင်လောင် လုပ်နေတာတွေကို သူတို့ တဖြည်းဖြည်း လျှော့ချပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရစရာမရှိအောင် ပြောဆို၊ စွန့်လွှတ်ထားပြီမို့ မြန်မာ့ဒီမိုကရေစီအင်အားစုများအနေနဲ့ အရင်လို ပံ့ပိုးထောက်ခံမှုမျိုး မရနိုင်တော့ပါ။ သူတို့ အမာခံထောက်ခံပေးမယ့်အုပ်စုများက မြန်မာနိုင်ငံရဲ့ ဘာသာရေး၊ လူမျိုးရေး လူနည်းစုများ အခွင့်အရေးကို လက်ခံမြှင့်တင်ပေးမယ့် အုပ်စုတွေဖြစ်လာမှာပါ။ ဒါမှလည်း အနောက်နိုင်ငံများအနေနဲ့ စစ်တပ်နဲ့ အဲန်အယ်လ်ဒီ ဆီက မရနိုင်မယ့် လိုအပ်ချက်ကွက်လပ်များကို ဖြည့်နိုင်သူတွေ ရလာမှာဖြစ်တာကြောင့်ပါ။
၅) တပ်က အာဏာသိမ်းလိုက်လို့ စီးပွားပျက်အောင် ထိုးကျသွားမယ့် စတော့မားကက် ကြီးကြီးမားမားလည်းမရှိ။ အနောက်နိုင်ငံများရဲ့ ပြောပလောက်သော ရင်းနှီးမြှုပ်နှံမှုလည်းမရှိ။ ပြည်ပတင်ပို့နိုင်သော ပြည်တွင်း ကုန်ထုတ်လုပ်မှုလည်း အင်မတန် နည်းပါတယ်။ တပ်ရဲ့ စီပွားရေးစီမံခန့်ခွဲမှုကတော့ မစွံပါ။ သို့သော် အဲန်အယ်လ်ဒီလည်း တို့ချန်ခဲ့တဲ့ ခရိုနီတွေ၊ အခြေခံအဆောက်အအုံတွေ ယူသုံးနေတာမဟုတ်လားလို့ တပ်က ပြောပါလိမ့်မယ်။ တပ်ကလုပ်ရင် သူ့ဝေစုယူတာတွေ ပိုများလာမယ်။ အခြားတစ်ဖက်မှာလည်း တက်ကနိုခရက်တွေသုံးပြီး စီးပွားရေးပုံစံကို အဆင့်မြှင့်ပါလိမ့်မယ်။
လိုရင်းကတော့ တပ်က အာဏာသိမ်း မသိမ်း မပြောနိုင်ဘူးလို့ဆိုရုံနဲ့ မတုန်လှုပ်ဖို့ပါပဲ။ တပ်ကို အထင်မသေး၊ မပြောင်လှောင်၊ လျှော့မတွက်ဖို့ပါပဲ။ (ရင်ဘတ်/စိတ်ခံစားမှု ကိစ္စတွေပေါ့) တပ်က ဒီလိုပြောလာတယ်ဆိုတာ ပြောနိုင်လောက်တဲ့ အကြောင်းအချက်အလက် အခြေခံရှိတယ်ဆိုတာ သဘောပေါက်ဖို့လိုပါတယ်။

No comments:

Post a Comment