Monday, January 25, 2021

 တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ မှတ်သားမိတာက "အမေးရှိရင် အဖြေရှိတယ်" တဲ့။ မေးခွန်းထုတ်ထားပြီးပြီဆိုတော့ အဖြေကို မထွက်ထွက်အောင် လုပ်မယ်ဆိုတဲ့သဘော၊ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့သဘောကို ဖော်ပြလိုက်တာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ဖတ်ပါဆိုပြီး ရည်ညွှန်းသွားတာလည်း အကြိမ်ကြိမ်။ အခြေခံမူတွေက အဓိကပဲတဲ့။ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးကို သစ္စာမဖောက်ဘူး၊ ဦးဆောင်ရမယ် စသဖြင့် ဒါတွေပဲ ပြန်ထပ်နေတယ်။

သို့သော် မူက မူ၊ ယန္တရားက ယန္တရားဆိုတော့ 'သမာဓိချိန်ခွင်' လုပ်ချင်ပေမယ့် လုပ်လို့ရတဲ့ ယန္တရားမရှိရင် ဘာလုပ်လို့ ရမှာလဲ။ တည်ဆဲဥပဒေတွေက ဘယ်လိုယန္တရားတွေနဲ့ အဆုံးထိ ဆောင်ရွက်နိုင်မလဲဆိုတာ သေသေချာချာ မပြောပြဘဲ လှည့်ပတ်ဖြေနေရင်တော့ သတင်းထောက်နဲ့ ပြည်သူတွေက ဖြီးလုံးဖြန်းလုံးတွေလို့သာ ထင်ကြမှာပေါ့။
ဥပမာ၊ အမေရိကန်မှာ ဒီမိုကရက်တွေက ထရမ့်ကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင်တာမှာ ဘယ်အဆင့်အောင်မြင်ရင် ဘာလုပ်မယ်ဆိုတာ သတင်းစာတွေက ကြိုခန့်မှန်းလို့ရတယ်။ မြန်မာနိုင်ငံမှာ တပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်နေပါတယ်ဆိုတဲ့ဟာက ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဘာယန္တရားကို သုံးမယ်ဆိုတာကို မပြောနိုင်တော့ ယုံနိုင်စရာ ဘယ်ရှိပါမလဲ။ အမေးရှိရင် အဖြေရှိတာမှန်ပေမယ့် အဖြေမဟုတ်တဲ့ အဖြေတွေကလည်း အများကြီး။ မူကမူ၊ မူကို အကောင်အထည်ဖော်နိုင်တဲ့ ယန္တရားတွေက သီးခြားဖြစ်တယ်။

No comments:

Post a Comment