Saturday, February 27, 2021

ညှိကြပါ

 စစ်အာဏာသိမ်းမှုတစ်ခု အထမြောက်ဖို့ မမြောက်ဖို့ မောင်းနှင်နေတာဟာ စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ ဆန္ဒပြသူတွေ၊ ကြမ်းတမ်းရိုင်းပြတဲ့ ဗိုလ်ချုပ်တွေလို့ ကျွန်တော်တို့ ထင်မှတ်လေ့ရှိတယ်။ မဟုတ်ပါဘူး။ လက်တွေ့အားဖြင့် အာဏာသိမ်းမှုတိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးကို လွှမ်းမိုးထားတဲ့ လက်ရွေးစင် အထက်တန်းလွှာတွေ (elite) က အဓိက မောင်းနှင်သွားတာဖြစ်တယ်။ သူတို့ဟာ အာဏာအပေးအယူကို ညှိနှိုင်းပေးနိုင်မယ့် ပွဲစားများ (power brokers) ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်တစ်ဦးကို အဆုံးမှာ ဖယ်ရှားနိုင်ခြင်း ရှိမရှိဆိုတာ အဲဒီလူတွေအပေါ် အများကြီး မူတည်ပါတယ်။ သူတို့ တက်ညီလက်ညီ ဆောင်ရွက်နိုင်မှသာ အာဏာသိမ်းခေါင်းဆောင်ကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ စစ်တပ်ရော၊ ဆန့်ကျင်အုံကြွနေသူတွေပါ အဆုံးစွန်သော အနေအထားကိုဆွဲပြီး "သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး" သဘောနဲ့ ပြုမူလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဆန္ဒပြခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုမှု ရယူခြင်း သက်သက်နဲ့ တည်ဆဲအာဏာကို ဖြုတ်ချနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းတစ်ခုက ကာလတိုမှာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်မှုယန္တရားကို လုံးဝပြိုပျက်အောင် လုပ်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နိုင်ငံတကာကို ဝင်ရောက် အရေးယူစွက်ဖက်ခိုင်းဖို့ကလည်း မဖြစ်နိုင်တဲ့အပြင် ဆင်ခြင်ဉာဏ်နည်းရာရောက်ပြီး အန္တရာယ် သိပ်ကြီးပါတယ်။ စစ်အုပ်ချုပ်ရေးအနေနဲ့ကလည်း ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် ရပ်ရွာငြိမ်သက်မှု ရရှိဖို့အတွက် အချိန်ကာလနဲ့ အင်အား အများကြီးသုံးရမယ်။ ဆန့်ကျင်နေသူလူထုနဲ့ ပြိုင်ဘက်အုပ်စုတွေရဲ့ ပူးပေါင်းမှုကို မရရင် နိုင်ငံပုံမှန်အခြေအနေ ပြန်ရောက်ဖို့လည်း လွယ်မှာမဟုတ်ပါဘူး။
နှစ်ဖက်လုံးမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဧလိတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ကြားဝင်စေ့စပ်မှုကို လိုအပ်ပါတယ်။

Thursday, February 25, 2021

 မြန်မာနိုင်ငံမှာ စစ်တပ်က မြေရှင်ပဒေသရာဇ်လူတန်းစား Feudal Class ၊ မြို့နေပညာတတ်နဲ့ ကုန်သည်လယ်လုပ်က Bourgeoisie and Petite Bourgeoisie ၊ ပျံကျနဲ့ နေ့စားလုပ်သား (၅၀၀၀ စားလို့ အခေါ်ခံနေရသူတွေ)

က Lumpenproletariat ။ စက်ရုံအလုပ်ရုံလုပ်သား Proletariat က Gen Z ၊ CDM စတာတွေကြား မထင်မရှားဖြစ်နေတယ်။ လက်ရှိမြန်မာပြည်မှာ မြင်တွေ့နေရတာက José Nun ပြောတဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဒီမိုကရေစီနည်းနဲ့တင်မြှောက်ထားတဲ့ လက်ဝဲအစိုးရတွေကို ဖြုတ်ချပစ်သော Middle-Class Coup မျိုးနဲ့လည်း မတူဘူး။ ပဒေသရာဇ်နဲ့ ဘူဇွာလူတန်းစားတို့ရဲ့ ပဋိပက္ခအသွင်သာ ဆောင်နေတယ်။ ဒါဟာတော်လှန်ရေးဆိုရင်တောင် Proletariat Revolution မဟုတ်ဘူး။ Bourgeois Revolution သာဖြစ်တယ်။ အဲဒီမှာမှ Lumpenproletariat ဟာ ပဒေသရာဇ်လူတန်းစားရဲ့ အကြမ်းဖက်ဖိနှိပ်မှု အစမ်းသပ်ခံအဖြစ်ရော (မန္တလေးသင်္ဘောကျင်းဖြစ်စဉ်)၊ အကြမ်းဖက်မှုလုပ်ဆောင်ရန် နယ်ရုပ်လေးတွေ (Vigilantes) အဖြစ်ပါ အသုံးချခံနေရတယ်။ ဘူဇွာလူတန်းစားရဲ့ အထင်သေးရှုတ်ချမှုကို ခံရတယ်။

Friday, February 12, 2021

နိုင်ငံရေးလှုပ်ရှားမှု သို့မဟုတ် လူမှုလှုပ်ရှားမှု (political/social movement) တစ်ခု အောင်မြင်ဖို့

 နိုင်ငံရေးလှုပ်ရှားမှု သို့မဟုတ် လူမှုလှုပ်ရှားမှု (political/social movement) တစ်ခု အောင်မြင်ဖို့အတွက် ခေါင်းဆောင်မရှိလို့ မရဘူး။ ထင်ရှားတဲ့ခေါင်းဆောင်မရှိရင် လူထုတပ်ကျွံတဲ့အခါ ဘယ်သူမှ မထိန်းနိုင်ဘဲ ဖြစ်မယ်။ လှုပ်ရှားမှုမှာ ပြည့်စုံလုံလောက်သော ရင်းမြစ်ရှိရမယ်။ တရားဝင်မှု ရှိရမယ်။ လူ့အဖွဲ့အစည်းအတွင်းက နိုင်ငံသားအများဆုံးက ခံစားနားလည်ပေးနိုင်မယ့် တန်ဖိုးတွေလည်း ရှိရမယ်။ အရေးအကြီးဆုံးက အကြမ်းဖက်မှု (violence) ကို လုံးဝ ပါမလာစေရဘူး။ အကြမ်းဖက်မှုပါလာတာနဲ့ ကိုယ့်တရားဝင်မှုကို ကိုယ်စချေဖျက်သလိုဖြစ်ပြီး လှုပ်ရှားမှုရှုံးဖို့ လမ်းစဖြစ်တယ်။ ဒါက သီအိုရီတွေကို လျှောက်ပြောနေတာ မဟုတ်ပါ။ အာရပ်နွေဦး (Arab Spring) တို့၊ လွတ်မြောက်ရေးနည်းပညာ (Liberation Technology) တို့ ဆိုတာလည်း သီအိုရီတွေပဲ။ အောင်မြင်သလိုနဲ့ မအောင်မြင်ခဲ့တဲ့ လှုပ်ရှားမှုသီအိုရီတွေဟာ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းမှာ အများအပြားရှိတယ်။ ယူတတ်ရင် သင်ခန်းစာဖြစ်ပြီး မယူတတ်ရင် အတိတ်ကအမှားတွေ ပြန်လုပ်မိတတ်ပါတယ်။

 အနောက်နိုင်ငံတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်နဲ့ ဩဇာဟာ ၂၀၁၆-၂၀၁၇ ခုနှစ် မတိုင်ခင်က အနေအထားမျိုး မရှိတော့ပါဘူး။ ဒါကြောင့် ယခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖို့ တောင်းဆိုမှာ ဖြစ်ပေမယ့် သူနိုင်ငံရေးရာထူးအာဏာ ပြန်လည်ရရှိရေးအတွက်ကိုတော့ အနောက်နိုင်ငံအစိုးရနဲ့ မီဒီယာတွေက တိုက်တွန်းမှာ မဟုတ်ပါ။ အနောက်မီဒီယာမှာ ရေးသားဖော်ပြနေတဲ့ သတင်းအာဘော်တွေ၊ သုံးသပ်ချက်တွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနေရာပေးဖို့ စေ့စပ်ညှိနှိုင်းပေးနိုင်တာ တရုတ်နိုင်ငံသာ ရှိပါတယ်။ တရုတ်က ပြည်တွင်းရေးကိစ္စပါလို့ ပြောထားတာ တစ်မျိုးတော့ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ကုန်သွယ်စီးပွားနဲ့ မဟာဗျူဟာအတွက် သက်ဆိုင်ပတ်သက်မှုအရှိဆုံး ပြည်ပနိုင်ငံက တရုတ်ပါ။ နှစ်ဖက်လုံးက လက်သင့်ခံရင် တရုတ်အစိုးရအနေနဲ့ စေ့စပ်ညှိနှိုင်းပေးလို့တောင် ဖြစ်နိုင်ပါတယ်။
ပြဿနာက မြန်မာပြည်သူဟာ အလွတ်သဘော စေ့စပ်ဖြန်ဖြေသူနေရာယူနိုင်မယ့် တရုတ်ကိုပါ ရန်သူလို သွားတိုက်ခိုက်နေတာဖြစ်တယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တရုတ်အစိုးရပြောတာက ရှင်းရှင်းလေးပါ။ အာဆီယံနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို ကြားဝင်စေ့စပ်ခိုင်းပါလို့ တရုတ်က ပြောတာပါ။
မြန်မာပြည်သူအနေနဲ့ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှာစိုးလို့ အုံကြွနေတာမှန်ပေမယ့် အာဏာမသိမ်းခင်အနေအထားကို စစ်တပ်က ပြန်သွားဖို့ မလွယ်ကူပါဘူး။ ပြည်သူ့လှုပ်ရှားမှုမှာလည်း ခေါင်းဆောင်မရှိတော့ နောက်ဆုံးမှာ ညှိကြဖို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီ 'နစက' ဆီသာ ပြန်ရောက်သွားမှာဖြစ်ပါတယ်။

Thursday, February 11, 2021

မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားများ ဆန္ဒပြရာမှာ ပါဝင်မှု

 မြန်မာပြည်ဖွား မြန်မာနိုင်ငံသား တရုတ်တွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတာကို ကန့်ကွက်စရာမရှိပေမယ့် တရုတ်နိုင်ငံကို အလွန်အကျွံ သွားဖိအားပေးလို့ အလကားပါပဲ။ တရုတ်စာနဲ့ရေးလို့ တရုတ်ဆိုရှယ်မီဒီယာမှာ #ထိုင်ဝမ်#ဟောင်ကောင် က တရုတ်လူမျိုးတွေဆီကတစ်ဆင့် ပေကျင်းနားကို ပြန်ပေါက်အောင်လုပ်တယ်ဆိုတာမျိုးက ပိုတောင်အဓိပ္ပာယ်မရှိပါဘူး။ တရုတ်အစိုးရက အဲန်အယ်လ်ဒီအစိုးရ သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးကို အတော်နားလည်သိရှိတဲ့ အနေအထား ရောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒကို သူ့အကျိုးစီးပွားအတွက် သူ့ဘာသာသူကြည့်ပြီး ဆုံးဖြတ်မှာပါပဲ။ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေ အတိုက်ခိုက်ခံရလည်း တရုတ်အစိုးရက ဝင်စွက်ဖက်ဖို့ မရှိပါဘူး။ မြန်မာ့ပြည်တွင်းရေးလို့သာ ပြောမှာပါ။ ဒါဆိုရင် မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအုံကြွမှုမှာ ပါဝင်နေတာက ကိုယ်ထူကိုယ်ထသဘော ပိုဆောင်ပါတယ်။ ၁၉၆၇ တုန်းက တရုတ်-ဗမာအရေးအခင်းပုံစံ ဖြစ်မလာစေဖို့ ကြိုတင် ကာကွယ်ချင်တာလည်း တစ်ဝက်မက ပါပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်သံရုံးရှေ့ ဆန္ဒသွားပြရုံနဲ့ တရုတ်အစိုးရက နားထောင်မှာမဟုတ်တာတော့ သေချာပါတယ်။

တရုတ်နဲ့ ရုရှားသံရုံးရှေ့ ဆန္ဒပြခြင်း

 တရုတ်နဲ့ ရုရှားသံရုံးတွေရှေ့ ဆန္ဒသွားပြလည်း အပိုပဲ။ သူတို့က နိုင်ငံကြီးတွေလည်းဖြစ်တယ်။ သူတို့အစိုးရတွေကလည်း ဒီမိုကရေစီအစိုးရတွေ မဟုတ်ဘူး။ သူတို့နိုင်ငံမှာရှိတဲ့ လူထုသဘောဆန္ဒကို သိပ်ငဲ့ကွက်စရာ မရှိဘူး။ တရုတ်ကွန်မြူနစ်အစိုးရဆို သူတို့ကိုယ်တိုင် လက်နက်နဲ့ တော်လှန်ရေးလုပ်တာ စစ်နိုင်လို့ အာဏာရခဲ့တဲ့ အစိုးရ။ ရုရှသမ္မတ ပူတင်ဆိုလည်း သမ္မတဆက်လုပ်နိုင်ဖို့ ဝန်ကြီးချုပ် ဆင်းလုပ်လိုက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်နဲ့ နေခဲ့တာ။ ဆန့်ကျင်တဲ့ အတိုက်အခံတွေ၊ သူလျိုတွေ၊ သတင်းစာဆရာတွေကို ပြည်ပအထိတောင် လိုက်လုပ်ကြံခိုင်းသေးတယ်။

မြန်မာကိစ္စကို ပြည်တွင်းရေးလို့ သူတို့ပြောတာ အခုမှ မဟုတ်ဘူး။ လုံခြုံရေးကောင်စီမှာရော၊ လူ့အခွင့်အရေးကောင်စီမှာပါ တစ်လျောက်လုံး ဒီရပ်တည်ချက်နဲ့ နေလာတာ။ ရုရှားက မြန်မာကို လက်နက်ရောင်းရတယ်။ တရုတ်လို စီးပွားရေး၊ ကုန်သွယ်ရေး စီမံကိန်းတွေ မြန်မာနိုင်ငံမှာ မရှိဘူး။ တရုတ်က အဲန်အယ်လ်ဒီအစိုးရနဲ့ တည့်ပေမယ့် အဲန်အယ်လ်ဒီက အစိုးရနှစ်ရပ်လိုဖြစ်နေတယ်လို့ ပြောပြောနေတာ သူလည်း ကြား‌နေတာပဲ။ လက်နက်ကိုင်ထားတဲ့အစုက အာဏာပေါ်တက်ထိုင်လိုက်ရင် အဲဒီအစိုးရနဲ့ပဲ အလုပ်လုပ်ရမယ်ဆိုတာ သူသဘောပေါက်တယ်။ သူကိုယ်တိုင်လည်း အဲဒီလို အာဏာရလာတာပဲဟာ။
မြန်မာပြည်မှာကမှ ရွေးကောက်ပွဲဆိုတာ ရှိသေးတယ်။ တရုတ်နိုင်ငံမှာ စစ်မှန်သော ပါတီစုံစနစ်ဆိုတာလည်း မရှိဘူး၊ ရွေးကောက်ပွဲဆိုတာလည်း မရှိဘူး။ ဒါပေမဲ့ ယနေ့ခေတ် တရုတ်ပြည်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရှိရှိမရှိရှိ၊ ရွေးကောက်ပွဲ ရှိရှိမရှိရှိ စိတ်မဝင်စားဘူး။ သူ့အတွက် ကုန်သွယ်စီးပွားနဲ့ မဟာဗျူဟာ အကျိုးရှိဖို့သာ အဓိကပဲ။ ညီနောင်ပါတီ ဗကပ ကိုတောင် အကူအညီမပေးတော့ဘဲ စွန့်လွှတ်နိုင်ခဲ့သေးတာ၊ အဲန်အယ်လ်ဒီ ကို အားနာပေမယ့် သံယောဇဉ်တော့ ထားမှာမဟုတ်ဘူး။ ဒါကြောင့် တရုတ်က ပြည်တွင်းရေးပဲဆိုပြီး ငြင်းပယ်လို့လည်း မြန်မာပြည်သူအနေနဲ့ ဘာမှ သိပ်ခံစားနေစရာတော့ မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း ကိုယ်ထူကိုယ်ထနိုင်ငံတော်ပါလို့ ပြောထားသားပဲ။

Wednesday, February 10, 2021

My take on the US sanctions

 ဒီမိုကရက်သမ္မတ ဂျိုး ဘန်ဒန် ရဲ့ မြန်မာဒီမိုကရေစီရေးအတွက် ပါဝင်လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မစ်ချ် မက်ကောနဲလ် လို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေအရင်းအချာများကလည်း ဘိုင်ဒန် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တစ်ခုခု အမြန်လုပ်ဖို့ တိုက်တွန်းဟန်တူပါတယ်။ ဒီမိုကရက်အဖိုးကြီး (သမ္မတ)နဲ့ ရီပတ်ဘလစ်ကန်အဖိုးကြီး (ဆဲနိတ်လူနည်းစုခေါင်းဆောင်) တို့ရဲ့ ဘုံသဘောတူညီချက် ရလဒ်ဖြစ်ပါတယ်။

အဲန်အယ်လ်ဒီ အနေနဲ့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့ကိုယ်စား စစ်ခေါင်းဆောင်များနဲ့ စေ့စပ်ညှိနှိုင်းသင့်ပါတယ်။ ပြဿနာက CRPH ရဲ့ ဆောင်ရွက်ချက်တွေကလည်း တစ်ဖက်စွန်းကို အတင်းဆွဲထားတာချည်းဖြစ်လို့ အကျပ်အတည်းက လွတ်မြောက်နိုင်မယ့် လမ်းကြောင်းမဟုတ်ပါဘူး။ ၈၈ ငြိမ်း/ပွင့်က ခေါင်းဆောင်များဆိုတာကလည်း အထွေထွေသပိတ် ခေါ်ပြီး လူထုက လမ်းပေါ်ထွက်လာချိန်မှာ ဦးမဆောင်ဘဲ ပျောက်သွားတတ်သူတွေပါ။
ဒီမိုကရေစီအင်အားစုအနေနဲ့ တရုတ်ကို စစ်အုပ်ချုပ်ရေးကို အားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်လေသံမျိုး လျှော့ချရပါမယ်။ မြန်မာစစ်တပ်က အခုလို အာဏာရယူလိုက်တာကို တရုတ်က သိပ်မနှစ်သက်ဘူးလို့ ယူဆရန်အချက်တွေ ရှိပါတယ်။ ဥပမာအားဖြင့် လုပ်လေ့လုပ်ထမရှိတဲ့ တရုတ်သံရုံးရဲ့ စာမျက်နှာကနေပြီး လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ကြေညာချက်ကို တင်တာ၊ လေယာဉ်အဝင်အထွက်အကြောင်း ငြင်းဆိုတာ တို့ကို တင်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်လို နိုင်ငံကြီးကို မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး လူသိရှင်ကြား ပြစ်တင်ရှုတ်ချတာမျိုး လုပ်ခိုင်းလို့ မရနိုင်ပါဘူး။ စစ်တပ်ကို အဲန်အယ်လ်ဒီဘက်နဲ့ စေ့စပ်ညှိနှိုင်းဖို့ နောက်ကွယ်က ဖိအားပေးတာမျိုးသာ သူလုပ်ပါလိမ့်မယ်။ အဲဒီမှာ ပြဿနာက ဒီမိုကရေစီတောင်းဆိုသူတွေဘက်အခြမ်းမှာ ခေါင်းဆောင် မရှိတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ တိုက်ရိုက် ညှိနှိုင်းလို့ ရမှာဖြစ်ပေမယ့် တပ်ဟာ ဒေါ်စုအလွန်နိုင်ငံရေးကိုသာ စိတ်ဝင်စားပါလိမ့်မယ်။ နို့မဟုတ်ရင် ဒီအာဏာသိမ်းမှုဟာ ဖြစ်တောင် ဖြစ်ခဲ့မှာမဟုတ်ဘူး။
နှစ်ဖက်လုံးကို အာဏာမသိမ်းမီက အခြေအနေမျိုးအထိ ပြန်တွန်းလို့ မရနိုင်ပါဘူး။ စစ်တပ်က လက်ရှိရယူထားတဲ့နေရာက လုံးဝဖယ်ပေးမယ်လို့လည်း မမျှော်လင့်နိုင်ပါဘူး။ ပြည်တွင်းက ကြားဝင် စေ့စပ်ဖြန်ဖြေပေးမယ့် အဖွဲ့တစ်ဖွဲ့ လိုနေတာတော့ အမှန်ပါပဲ။ အချင်းချင်း သင့်မြတ်အောင် မနေနိုင်ကြရင် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားတွေသာ ထိခိုက်နစ်နာပြီး ပြည်ပနိုင်ငံများရဲ့ အမြတ်ထုတ်မှုကို ခံကြရပါလိမ့်မယ်။

Parody of Resistance

 စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသဖို့ သီဟတင်စိုးရုပ်ရှင်ထဲကလို အံတွေ အတင်းကြိတ်၊ လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အော်ပြရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အခုလို သီချင်းနှစ်ပုဒ်ပဲ လှည့်ဖွင့်ပြီး ဖက်ရှင်ရှိုးလိုလို၊ သင်္ကြန်သံချပ်လိုလို၊ ဘောလုံးအသင်း ချန်ပီယံဆုရသလိုလို ဆင်နွှဲနေတာကတော့ ရေနစ်တဲ့သူက 'ကျွန်တော်ရေနစ်နေပြီ'ဆိုပြီး ရေထဲ ယက်ကန်ယက်ကန်နဲ့ စပ်ဖြီးဖြီး ပြောင်ပြနေသလိုဖြစ်မှာပေါ့။ နောက်ပြီး လွှင့်နေတဲ့အလံအများစုကလည်း ပါတီကြီးတစ်ခုတည်းရဲ့အလံ။ ကြွေးကြော်သံမှာလည်း သစ်တာဆိုလို့ 'ရုံးမတက်နဲ့။ ရုန်းထွက်" တစ်ခုလောက်ပဲ ပါတယ်။ 'နဖူးပြောင်ပြောင် ဦးမောင်မောင်၊ အရူးထောင်ကို ပို့လိုက် ပို့လိုက်' တို့၊ 'ရရင်ရ မရရင်ချ၊ ရရမရရ ချ' တို့လို ၁၉၈၈ က ပေါကြောင်ကြောင် ကြွေးကြော်သံမျိုးတွေ ပေါ်မလာသေးတာပဲ တော်သေးတယ်။ Generation Z ကို မြှောက်ပေးတဲ့အထဲ ကျွန်တော်တော့ မပါဘူး။ အထင်သေးတာမဟုတ်။ အောက်သက် မကြေဘူးထင်လို့။ ကလေးတွေကို နောက်က ‌မြှောက်ပေးပြီး လမ်းမပြတဲ့ထဲမှာ တို့မပါ။ ပါရင်လည်း တို့မဟုတ်။

 နိုင်ငံတော်အာဏာ အလုယူခံရတယ်ဆိုပြီးတောင် အဆိုအက အပျော်အပါးမပျက်ကြတာကို လက်ခံနိုင်သေးရင် ဘာကြောင့် ဘက်မလိုက်နေချင်သူတွေ၊ ဘာပို့စ်မှ မတင်သူတွေကိုလည်း ရန်လိုက်ရှာနေမလဲ။

ကိုယ်ကိုယ်တိုင် တစ်နေ့တစ်နေ့ တင်နေသမျှရဲ့ ၈၀% လောက်က သတင်းမှားနဲ့ ဆိုက်ဝါးတွေ ဖြစ်နေတာကို မသိတဲ့သူတွေကများ။ ကျွန်တော့်သူငယ်ချင်းထဲမှာရော၊ ဆွေမျိုးထဲမှာရော အဲလို အရူးချီးပန်းတင်နေတာ အများကြီးရှိပေမယ့် သူတို့ဆင်ခြင်ဉာဏ်ကို ကျွန်တော်မပုတ်ခတ်ပါဘူး။ ကျွန်တော့်ထက် ပညာတတ်တဲ့သူ၊ ဉာဏ်ကောင်းတဲ့သူတွေလည်း အဲ့ဒီထဲ အတော်များများ ပါပါတယ်။ သူတို့က ကျွန်တော့်ကို မင်းနှယ် ပညာ ဒီလောက်တတ်ရဲ့နဲ့ ဒါမျိုးတွေးရသလား စသဖြင့်ပြောလာရင်လည်း အတတ်နိုင်ဆုံး သည်းခံမှာပါ။
ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းကြီးများအနေနဲ့ လူတစ်ဦးချင်းရဲ့ လွတ်လပ်စွာတွေးခေါ်၊ ပြောဆိုခွင့်တွေကို လေးစားဖို့ လိုပါတယ်။ အထူးသဖြင့် မိမိတို့နဲ့ ယုံကြည်ချက်၊ ခံယူချက် မတူသူတွေကိုသာမက ဘာယုံကြည်ချက်၊ ဘာခံယူချက်မှ မရှိဘဲ သူ့အလုပ်သူ လုပ်နေမယ့်သူ၊ လုပ်ချင်သူတွေလည်း ဒီလောကမှာ ရှိနေတယ်၊ လိုအပ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြု လက်ခံနိုင်ဖို့ လိုပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားတို့ကမှ ခင်ဗျားတို့ခေါင်းဆောင် နောက်နေ့ ပြန်‌ရောက်လာလို့ ဒါက ဝါးလုံးမဟုတ်ပါဘူး၊ ဝါးခြမ်းပါဆိုရင် ဝါးခြမ်းလိုက်လုပ်ကြဖို့ များပါတယ်။ အဲဒီလူတွေကတော့ 'အော်၊ ဟုတ်လား' လောက်ပဲ ပြောပြီး သူတို့လုပ်စရာရှိတာ ဆက်လုပ်သွားမှာဖြစ်ပါတယ်။

Tuesday, February 9, 2021

တပ်ကလည်း အရင်တပ် မဟုတ်တော့

 မျိုးဆက်သစ်လူငယ်တွေက အရင်မျိုးဆက်တွေနဲ့ မတူတော့ဘူး ပြောနေကြလို့ မြန်မာစစ်တပ်ဟာလည်း အရင်က စစ်တပ်မျိုး မဟုတ်တော့ဘူးဆိုတာ သတိမူဖို့လိုပါတယ်။

၂၀၀၇ တုန်းက ဆန္ဒပြလူစုကို ဖြိုခွဲတဲ့စစ်သားဟာ ကွင်းထိုးဖိနပ်သာ ပါပါတယ်။ အခု ၂၀၂၁ မှာ လူအုပ်ကို လုံခြုံရေးစောင့်ခိုင်းထားတဲ့ရဲတွေက ဝတ်စုံအပြည့်၊ ဒိုင်းလက်နက်အပြည့်နဲ့ စည်းအထပ်ထပ် ခြားနေတာဖြစ်တယ်။
တစ်ခါတစ်ရံ ကာနီဗယ် ပျော်ပွဲရွှင်ပွဲအလားဖြစ်နေတဲ့ လူစုဝေးပွဲကြီးကို မဖြိုခွင်းတာကလည်း မျက်မှောက်ခေတ် တပ်ရဲ့ အနေအထားက ပြောင်းလဲသွားပါပြီ။ ဒီမိုကရေစီ တံခါးဖွင့်လှစ်တဲ့ ဆယ်နှစ်ကာလအတွင်း မြန်မာစစ်တပ်ကိုယ်၌ဟာ စီးပွားရေး၊ နိုင်ငံရေးအကျိုးဆက်တွေကို ပိုမိုထောက်ဆတတ်နေပါပြီ။
ဒီအားပြိုင်မှုမှာ အဆုံးသတ် အနိုင်ရသူမရှိဘဲ နိုင်ငံသာ နစ်နာမယ်၊ မလိုအပ်တဲ့ နိုင်ငံတကာဖိအား ပိုလာမယ်၊ အသက်မွေးဝမ်းကြောင်းနဲ့ စီးပွားရေး အကြီးအကျယ် ထိခိုက်ကျဆင်းမယ်ဆိုတာ တပ်က သဘောပေါက်ပါတယ်။ တိုင်းပြည်စီးပွားကျရင် သူပါ မျက်နှာမရနိုင်ပါဘူး။
ရုပ်ဆိုးကျည်းတန်အောင် သွေးထွက်သံယိုဖြစ်ခဲ့ရင် သူ့ကိုပဲ ချက်ချင်း ပြစ်တင်ရှုတ်ချဖို့ နိုင်ငံတကာနဲ့ မီဒီယာက စောင့်ကြည့်နေမှန်းလည်း တပ်က သိမှာပါ။ အနောက်နိုင်ငံကြီးများနဲ့ ကမ္ဘ့ာမီဒီယာရဲ့ လုပ်ပေါက်က တကယ်တော့ ဂျော့ချ်အော်ဝဲလ် ရဲ့ "ဆင်ပစ်ခြင်း" ဝတ္ထုထဲကလို မျက်နှာဖြူအရာရှိကို ဆင်မပစ်ပစ်အောင် ဖိအားပေးတဲ့ပုံမျိုးနဲ့တောင် တူနေပါတယ်။ သွေးထွက်သံယိုဖြစ်မှ 'ဒီမဖွံ့ဖြိုးတဲ့ အာရှနိုင်ငံတွေဆိုတာ ဒီလိုပါပဲကွာ၊ တို့လို အချင်းချင်း စေ့စပ်ညှိနှိုင်းနိုင်တာမဟုတ်၊ အာဏာရှင်စနစ်နဲ့ပဲ တန်တဲ့လူမျိုးတွေ'ဆိုပြီး သဘောထားတာပါ။ အနည်းဆုံးတော့ ပရိသတ်အကြိုက် စိတ်လှုပ်ရှားစရာသတင်းမျိုး ဖြစ်သွားမှာပါ။
ဆိုလိုရင်းကို ပြန်ပြောရရင် မြန်မာစစ်တပ်ဟာ လက်ရှိလူထုအုံကြွမှုကို စိတ်ထဲက သိပ်ဖြိုခွင်းချင်ရင်တောင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို သေချာချိန်ဆပြီးမှ ဘက်အားလုံးမှာ အထိအခိုက် အနည်းဆုံးဖြစ်အောင် လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။ သူ့အတွက် ဒါဟာ လုပ်နိုင်စွမ်းရည် ရှိမရှိ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံရေးဉာဏ်ပညာ ရှိမရှိ ကြည့်ရှုရမယ့် အကြောင်းခြင်းရာသာ ဖြစ်ပါတယ်။

Monday, February 8, 2021

တရုတ်သုံးပြည်ထောင်နဲ့ မြန်မာနိုင်ငံ မျက်မှောက်ခေတ် အခြေအနေ

 တရုတ်သုံးပြည်ထောင် (Three Kingdoms) ဇာတ်လမ်းနဲ့ နှိုင်းယှဉ်ဥပမာပေးရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ ဟာ လျိုပေ့နဲ့ တူပါတယ်။ ကျင့်ဝတ်သိက္ခာကို ဦးစားပေးသော်လည်း လက်တွေ့ဗျူဟာပိုင်းမှာ အတော်ချာပါတယ်။ စစ်တပ်ကတော့ ချောင်ချောင်းနဲ့ တူပါတယ်။ မလုပ်ရဲတာမရှိဆိုသလို အာဏာကို အဓမ္မနည်းနဲ့ ရယူပြီး ပြိုင်ဘက်အုပ်စုတွေကိုလည်း ပေါင်းတန်ပေါင်း၊ ခွဲတန်ခွဲ လှည့်ပတ် ကစားပါတယ်။ တိုင်းရင်းသားတွေကတော့ စွန်းချွမ်ရဲ့ ဝူနိုင်ငံနဲ့ တူပါတယ်။ ကျန်နှစ်ဦး အရိပ်အခြေကို ကြည့်ပြီး မိမိရပ်တည်မှု အားသာဖို့ ကစားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်စဉ်ကို သုံးသပ်ရရင် အဲန်အယ်လ်ဒီဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို ၁၉၉၀ အလွန်က အနေအထားမျိုးတောင် မရတော့တာ တွေ့ရပါတယ်။ CRPH မှာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ ပါမလာပါ။ CRPP မှာ စဖွဲ့ကတည်းက ပါပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနိုင်တဲ့ တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တချို့ စစ်ကောင်စီထဲ ရောက်သွားကြပါတယ်။ (သူတို့ပါတီတွေက ထုတ်ပယ်လိုက်တာက သီးခြားစဉ်းစားရမယ့် အကြောင်းပါ။) ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲဆိုရင် အဲန်အယ်လ်ဒီ အစိုးရဟာ အားလုံး/အများပါဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတစ်ရပ်ကို ဖော်ဆောင်ရာမှာ အားနည်းခဲ့လို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရနဲ့ တပ်အစိုးရ နှစ်မျိုးဖြစ်နေတယ်ဆိုတဲ့သဘော ပြောခဲ့သော်လည်း တပ်ကို မနှစ်သက်တဲ့ အဲန်အယ်လ်ဒီမဟုတ်သော အရပ်သား၊ တိုင်းရင်းသားများကို မစည်းရုံးနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အရင်ခေတ်တွေကနဲ့ မတူပါဘူးလို့ ပြောချင်ရင် အဲန်အယ်လ်ဒီ-တိုင်းရင်းသားဆက်ဆံရေး သို့မဟုတ် ဗဟို-ဒေသန္တရဆက်ဆံရေး (central-local relations) လည်း မတူတော့တာကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။

 ကိုယ်နဲ့ နိုင်ငံရေးအယူအဆ မတူသူတွေကို ဆွေစဉ်မျိုးဆက်အထိ လိုက်ပြီး အရှက်ခွဲ ရှုတ်ချ ပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်က လူတစ်ဦးချင်း အခွင့်အရေးကို အလေးထားတဲ့ ဒီမိုကရေစီစနစ်က လာတာမဟုတ်ပါဘူး။ ပဒေသရာဇ် feudal အတွေးအခေါ်ဖြစ်ပါတယ်။ ဒါဆို အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို ပိတ်ဆို့ခဲ့ရာမှာ ဘာကြောင့် မိသားစုဝင်တွေအထိ လိုက်ပိတ်ခဲ့သလဲလို့ မေးစရာဖြစ်ပါတယ်။ မြန်မာ့လူ့ဘောင်ကိုက ပဒေသရာဇ်စနစ် ဖြစ်နေသေးလို့ မိမိစနစ်ကို ပြန်ထင်ဟပ်တဲ့ ဒဏ်ခတ်မှုမျိုးကို အနောက်နိုင်ငံတွေဆီက ရတယ်လို့ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ တော်ဝင် ဘုရင်မသဖွယ် ဖြစ်ပေမဲ့ သူ့ကို ဆက်ခံမယ့် နန်းလျာလောင်းတွေ မရှိပါဘူး။ ဒါကြောင့် အဲန်အယ်လ်ဒီအတွက် ဒေါ်စုအလွန် နိုင်ငံရေးမှာ ပုံမှန်အတိုင်းသွားနေရင်တောင် အခက်အခဲကြုံလာမှာပါ။

CDM v street protests

 CDM နဲ့ street protests မှာ street protests က ပိုထိရောက်ပါတယ်။ လူပိုမြင်ရပြီး media coverage ရမယ်။ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို မကျစေဘူး။ ဒါက common sense ပါ။ CDM က ထင်သလောက် ဘာကြောင့် မထိရောက်ရသလဲဆိုတာ ပြောရင်ရပါတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားပြီး အဆဲခံရတဲ့ စာရေးမိနေတာမို့ မရေးတော့ဘူးနော်။ ဒီလောက်နဲ့ပဲ သည်းခံကြပါ။

Sunday, February 7, 2021

 ဘာမှ အပြစ်ပေးအရေးယူခံရတာမရှိ၊ လမ်းပေါ်ထွက် ဆန္ဒပြနိုင်တဲ့အခါကျတော့လည်း သင်္ကြန်ရေပက်ခံကား လှည့်သလို၊ ပွဲဈေးတမ်းလျောက် လူတိုးခံသလို ဖြစ်ကုန်ကြတယ်။ ကိုယ့်အိမ်ရှေ့ကိုယ် အလံထောင် အလံဝှေ့၊ ကမ္ဘာမကြေဘူးသီချင်းနဲ့ အသံချဲ့စက် ဖွင့်တဲ့သူတွေကျတော့လည်း ရပ်ကွက်ထဲက သင်္ကြန်မဏ္ဍပ်လေးတွေလို ဖြစ်နေတယ်။ ပိုဆိုးတာက စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတယ်ပြောပြီး ထွက်လာတဲ့လူ အတော်များများမှာ ပျော်ပွဲရွှင်ပွဲ ဆင်နွဲနေသလို၊ အောင်ပွဲခံနေသလို celebratory mood အပြုအမူနဲ့ မျက်နှာထားတွေ တွေ့လာရတာပဲ။ ကမ္ဘာမကြေဘူးတို့၊ အရေးကြီးပြီတို့ကို အဲဒီလို တည်ကြည်လေးနက်မှုမျိုးနဲ့ သုံးနေမှတော့ တော်တော် အလေးအနက်ထားချင်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူအများစုမှာ လူညီရင် ဤကိုကျွဲဖတ်တဲ့ herd mentality ကလည်း ကြီးမားတာကိုး။ ကိုဗစ်ပထမလှိုင်း contact tracing တုန်းကလည်းကြည့်။ အသည်းအသန်လုပ်တုန်းက အသားကုန်လုပ်၊ နောက်များလည်းလာရော မထိန်းထားနိုင်တော့ဘူး။ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာလည်း အဆီအငေါ် မတည့်တာ၊ လက်တွေ့ကျပြီး ဖြစ်နိုင်မယ့် တိကျတဲ့ ဘုံတောင်းဆိုချက်မရှိတာ၊ ခေါင်းဆောင်မှုကင်းမဲ့နေတာကို တွေ့ရပေမယ့် အသေးစိတ် မဝေဖန်ပြတော့ပါဘူး။ ၁၉၈၈ တုန်းကလည်း ဖြစ်ပျက်ပြီး အနှစ်နှစ်ဆယ်ကျော်မှ ဟိုလို ဖြစ်ခဲ့ရင် အကောင်းသား၊ ဒီလို လုပ်လိုက်မိရင် အတော်သားနဲ့ ပြန်မြင်ရတာ။ လူတွေက တရားမျှတမှုကိုသာ တစ်ချိန်လုံး တောင်းဆိုတတ်ပေမယ့် သမိုင်းသင်ခန်းစာလည်း ဘယ်တော့မှ ယူမှ မယူပဲ။

Thursday, February 4, 2021

ဘယ်သူက ဦးဆောင်နေမှန်းမသိတဲ့ Political Movement

 ဘယ်သူက ဦးဆောင်နေမှန်းမသိတဲ့ Political Movement တွေဟာ အချိန်ကြာလာတာနဲ့အမျှ အားပျော့ ပျောက်ကွယ်သွားပါတယ်။ အမေရိကန်က Occupy Wall Street တို့၊ ပြင်သစ်က Yellow Vest တို့ကိုကြည့်ပါ။ မြန်မာပြည်ရဲ့ လက်ရှိပြဿနာက Collective Action ကို ဖော်ဆောင်ပြီး လမ်းပေါ်ထွက်မယ့် ခေါင်းဆောင်မျိုး မရှိတာပါပဲ။ လမ်းပေါ် တကယ်ထွက်ပြီး ပြင်ပရုပ်ကမ္ဘာမှာ ဆန္ဒပြအုံကြွမှ စစ်အုပ်ချုပ်ရေးကို ပြည်သူလူထုတစ်ရပ်လုံးက မကျေနပ်ကြောင်း၊ လက်မခံကြောင်း နိုင်ငံတကာရဲ့အာရုံမှာ စွဲကျန်ရစ်မှာဖြစ်တယ်။ အဲဒီအခါ ဆန္ဒပြလူထုနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အရပ်သားလူမိုက်တွေကြားလည်း ထိပ်တိုက်တွေ့ဆုံမှုတွေ ပေါ်ပေါက်လာပြီး သွေးထွက်သံယို အနည်းနဲ့အများ ဖြစ်လာမှာပါ။ ရှောင်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ပေါ် တိုင်းပြည်ပျက်သလို တက်အော်နေကြတာထက်တော့ ပိုထိရောက်ပါတယ်။ အချောင်သမားမဟုတ်တဲ့ ခေါင်းဆောင်အစစ်တွေဆိုရင် ဒီတာဝန်ယူမှု တာဝန်ခံမှုမျိုးက ကိုယ်လွတ်ရုန်းမှာ မဟုတ်ပါဘူး။ #collective_action #leadership #political_movements

Wednesday, February 3, 2021

တပ်က အာဏာယူပြီး လေးရက်မြောက်

 တပ်က အာဏာယူတာ လေးရက်ဖြစ်လာတော့ တုံ့ပြန်လှုပ်ရှားမှုတွေလည်း တစ်ယောက်တစ်မျိုး ဖြစ်လာကြပြီ။ ဒါပေမဲ့ အဲဒီမှာ ဝိရောဓိတစ်ခုက တပ်အုပ်ချုပ်ရေးကို ဘယ်အတိုင်းအတာထိ တစွတ်ထိုး ဆန့်ကျင်ကြမလဲဆိုတာဖြစ်တယ်။ ကျွန်တော်တို့မျိုးဆက် အသက်လေးဆယ်ကျော်နဲ့ အထက်တွေက ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းတဲ့ ညမှာပဲ လမ်းပေါ် အုတ်တွေစီ၊ ဝါးကတ်တွေ ချတားတာလည်း မြင်ခဲ့ဖူးပြီ။ သံပုံးတီး တောထုတ်တာလည်း အဆန်းမဟုတ်ဘူး။ ဂျင်ဂလိ၊ လေးခွစုပြီး ဝင်လာတဲ့ စစ်ကားတွေကို ချောင်းပစ်မယ်ဆိုပြီးလည်း လုပ်ခဲ့ကြတာပဲ။ ဝန်ထမ်းတွေ အလုပ်မဆင်း၊ ခံဝန်ချက်စာ လက်မှတ်မထိုးတာတွေကလည်း အခု နစက အဖွဲ့ဝင်ဖြစ်သွားတဲ့ လူကြီးတချို့တောင် လုပ်ခဲ့ဖူးလိမ့်မယ်။ ဒီနေ့ တတိယအကြိမ်လွှတ်တော် အစည်းအဝေးကို စည်ပင်ရိပ်သာမှာ မိမိဘာသာကျင်းပတယ်ဆိုတော့ ၉၀ တုန်းက ဂန္ဒီခန်းမ ကြေညာစာတမ်း၊ မန္တလေးမှာ စင်ပြိုင်အစိုးရဖွဲံဖို့ တချို့ရွေးကောက်ခံအမတ်တွေ လုပ်ခဲ့တာကို သတိရမိပြန်တယ်။ စစ်တပ်အာဏာသိမ်းပြီး အဖွဲ့အစည်း၊ သမဂ္ဂပေါင်းစုံက ကြေညာချက်တွေ ပလူပြန်နေအောင် ထုတ်ခဲ့တာလည်း ၈၈ နဲ့ အတူတူပဲ။ "မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြ"ဆိုတာလည်း နည်းဟောင်းကြီးပါ။ ဒီလိုလုပ်တာတွေက ဘာအသုံးဝင်သလဲဆိုတော့ နိုင်ငံတကာမီဒီယာရဲ့ အာရုံစူးစိုက်မှုရမယ်။ မြန်မာနိုင်ငံမှာ မတရားမှုတွေ ဖြစ်နေတာကို ကမ္ဘာက သိမယ်။ မြန်မာနိုင်ငံ မဖွံ့ဖြိုးမတိုးတက်လို့၊ လွတ်လပ်မှုကင်းမဲ့နေလို့ဆိုပြီးတော့ ဘယ်သူမှ လာမကယ်ပါဘူး။

ပြဿနာက ဒီတစ်ကြိမ် တပ်က အာဏာသိမ်းတာမှာ သူရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ရည်ညွှန်းပြီး အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်နေမယ်လို့ ပြောထားတာဖြစ်တယ်။ လိုအပ်လို့ ခြောက်လနှစ်ကြိမ် ထပ်တိုးတောင်းရင် နှစ်နှစ်ပေါ့။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်လို့ သူဖန်တီးချင်တဲ့ အခင်းအကျင်းမျိုး မရနိုင်ဘူးဆိုရင် စစ်အုပ်ချုပ်ရေးကာလက ဒီ့ထက် သက်စိုးရှည်သွားနိုင်တယ်။ အာဏာက သူ့လက်ထဲရောက်သွားပြီမို့ "ကစားပွဲ"ကို ပြည်သူလူထုအပါအဝင် ဆန့်ကျင်အံတုမယ့်သူတွေဘက်က မပိုင်တော့ဘူး။ ၁၉၈၈-၉၀ အခြေအနေနဲ့ နောက်ကွာခြားချက်တစ်ခုက တိုင်းရင်းသားနိုင်ငံရေးပါတီအများစုဟာ အဲန်အယ်လ်ဒီကို အတော်စိတ်ခုနေကြပြီ။ အရင်ကာလကလည်း သိပ်ကြည်တာမဟုတ်ပေမယ့် အခုက ပိုဆိုးပါတယ်။ အာဏာမျှဝေမှု လုံလောက်စွာ မရှိခဲ့ခြင်းရဲ့ အကျိုးဆက်ပါပဲ။ စစ်တပ်ဘက်မှာကလည်း သူတို့ကြိုက်တဲ့ပါတီ၊ အုပ်စု၊ လူပုဂ္ဂိုလ်တွေ တစ်လှေကြီး မွေးထားပြီမို့ လူစုလူဝေးဖြစ်လာရင် တပ်ကတောင် ကနဦးဝင်ပါစရာ မလိုတော့ဘူး။
တပ်ကပြောတဲ့အတိုင်း ယုံရမယ်လည်းမဟုတ်ဘူး။ ဒါပေမဲ့ သူလုပ်ကိုင်နေပုံကိုကြည့်ရင် အစည်းအဝေးတွေခေါ်၊ ဝန်ကြီးသစ်တွေက အရာထမ်းတွေနဲ့တွေ့၊ ရာထူးတွေခန့်အပ်နဲ့ နိုင်ငံတော်အာဏာကို အပြည့်ကျင့်သုံးနေပြီပဲ။ အခုအချိန်ထိက သူကြေညာထားသမျှ တစ်နှစ်စာလုပ်ငန်းတွေသာ ရှိတယ်။ အဲဒါကိုမှ တပ်က တကယ့် အာဏာအကြီးသိမ်းသွားတဲ့ ပုံစံမျိုး လုပ်နေကြရင် "ဖိလေကြွလေ" မဖြစ်ဘဲ၊ "လှုပ်လေမြုပ်လေ"ပဲ ဖြစ်လိမ့်မယ်။ လက်ရှိမငြိမ်သက်မှုထက် ပိုဆိုးရွားတဲ့ မတည်ငြိမ်မှုတွေဖြစ်လာပြီး စီးပွားရေးထပ်ကျဆင်းမယ်၊ နိုင်ငံမျက်နှာငယ်ပြီး ရထားတဲ့ တိုးတက်မှုတွေ ဆုံးရှုံးကုန်မယ်။ ပြည်သူလူထုအနေနဲ့ ဒီအချိန်မှာ တိုင်းပြည်အတွက် တကယ်လုပ်ပေးနိုင်တာ ဘာရှိသလဲ စဉ်းစားကြည့်ပါ။ တစ်နေ့တစ်နေ့ ဆိုရှယ်မီဒီယာမှာ သတင်းတွေရှဲတာ၊ ဆန္ဒပြစာ တိုင်တန်းစာ ကြေညာချက်အမျိုးမျိုးထုတ်တာ၊ သံပုံးတီး တောထုတ်တာကလွဲလို့ ဘာများ ကြီးကြီးမားမား လုပ်နိုင်လို့လဲ။ ကိုးဆယ်ရာခိုင်နှုန်းကျော်က ကီးဘုတ်နဲ့ တော်လှန်နေကြတာဖြစ်တယ်။ ကဗျာရေး တော်လှန်တဲ့သူက ပိုတောင် ဆိုးသေးတယ်။ စစ်တပ်က ရန်သူကို အထင်သေးတယ်ဆိုတာ အဲဒါတွေပဲ။
ဒီစာက ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းခံရအောင် ရေးတဲ့စာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော် အဲန်အယ်လ်ဒီပါတီကိုပဲ မဲထည့်ခဲ့တာပါ။ နိုင်ငံသားတစ်ဦးအနေနဲ့ ကျွန်တော်ပေးခွင့်ရတဲ့ မဲသုံးမဲမှာ နှစ်မဲကို အဲန်အယ်လ်ဒီ ကိုပေးပါတယ်။ ကျန်တစ်မဲကတော့ ရပ်ကွက်ထဲ ကျွန်တော်သိကျွမ်းခင်မင်သူတစ်ဦးက ဝင်ပြိုင်တဲ့အတွက် သူ့ကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နောက်ထပ် အနှစ်နှစ်ဆယ် နိုင်ငံရေးလိပ်ခဲတည်းလည်းဖြစ်မှာ ကျွန်တော် မလိုလားပါဘူး၊ နောက်ထပ် အနှစ်နှစ်ဆယ် ဒီမိုကရေစီတော်လှန်ရေး မဆင်နွဲချင်တော့ပါဘူး။

Tuesday, February 2, 2021

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ

 အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ဆိုတာ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံမှာ အင်မတန် အရေးပါတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာလည်း အမျိုးသားလုံခြုံရေးကောင်စီ တွေဟာ ပုံသဏ္ဌာန်အမျိုးမျိုး၊ ဖွဲ့စည်းပုံအမျိုးမျိုး၊ အရပ်သားပါဝင်မှု၊ ပေးအပ်ထားတဲ့ တာဝန်နဲ့ အခန်းကဏ္ဍအမျိုးမျိုးနဲ့ ရှိကြတယ်။ ဒီလိုအရေးကြီးတဲ့ အဖွဲ့အစည်းအဝေးကို အဲန်အယ်လ်ဒီအစိုးရလက်ထက်မှာ တစ်ကြိမ်မှ ခေါ်ယူကျင်းပခဲ့တယ်လို့ မကြားမိဘူး။ ရခိုင်မှာ ပဋိပက္ခပြင်းထန်ချိန်၊ ရိုဟင်ဂျာ/ဘင်္ဂါလီအရေးကို နိုင်ငံတကာက ဖိအားပေးချိန်၊ ကိုဗစ်လို ကမ္ဘာ့ကပ်ရောဂါစိုက်ချိန်တွေမှာလည်း ကာ/လုံဟာ အနည်းဆုံး တစ်ကြိမ်တောင် မတွေ့ခဲ့ရဘူး။ တွေ့လိုက်ရင်ပဲ တပ်ချုပ်က သမ္မတကို အတင်းအကြပ် အရေးပေါ်အခြေအနေ ကြေညာခိုင်းပြီး အာဏာသိမ်းမယ့်ပုံ အစိုးရပိုင်းက သရုပ်ဖော်ခဲ့တယ်။ ဒါကြောင့် အဲန်အယ်လ်ဒီအစိုးရလက်ထက်မှာ နယ်မြေအကန့်အသတ်နဲ့ အရေးပေါ်အခြေအနေ ကြေညာတယ်ဆိုတာလည်း တစ်ခါမှ မကြားခဲ့ဖူးဘူး။ တခြား ဘယ်လိုစီမံဆောင်ရွက်မှုမျိုးတွေနဲ့ လုပ်ခဲ့သလဲတော့ မသိပါဘူး။

ဖေဖော်ဝါရီ ၁ ရက်မှာ တပ်က အဲဒီ အဲန်အယ်လ်ဒီ‌အစိုးရကြောက်တဲ့ ကာ/လုံကိုပဲ အသုံးချပြီး အာဏာလွှဲပြောင်းယူသွားတော့ သမိုင်းရဲ့ ကျီစားမှု (irony) လို့ ထင်မြင်မိတယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအတွက် အပြက်ပြက်နဲ့ သွေးမထွက်ရအောင် ပုံမှန်ထိန်းညှိသွားလို့ရမယ့် ယန္တရားတစ်ခုကို အရပ်သားအစိုးရဟာ ဘယ်တုန်းကမှ ထုတ်မသုံးဖြစ်လိုက်ဘူးဆိုတဲ့ သဘောပါပဲ။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးရာထူးကို ကနဦးယူစဉ်က ကာ/လုံ အစည်းအဝေးတွေမှာ ပါဝင်ခွင့်ရချင်လို့ ဖြစ်မယ်ဆိုပြီး သုံးသပ်ချက် ရှိခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံ ရာထူးက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်အတိုင်း မဟုတ်နိုင်ဘဲ၊ ကာ/လုံမှာ လည်း ဝင်ထိုင်လို့ မရပါဘူး။ အဆုံးမတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ကာ/လုံ အစည်းအဝေးအတွက်လည်း အသုံးမပြုနိုင်ခဲ့ဘူး ဖြစ်သွားပါတယ်။ ကာ/လုံ ကို လျစ်လျူမရှုဖို့ ပြောတဲ့ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေကိုလည်း အဲန်အယ်လ်ဒီ ထောက်ခံသူတွေက အပြစ်တင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မသုံးတတ်တဲ့လက်နက်က ကိုယ့်ကို ပြန်ထိခိုက်အောင် လုပ်သွားတာပါပဲ။

အနောက်နိုင်ငံတွေအနေနဲ့ တရုတ်ကို အပြစ်မတင်သင့်

 အနောက်နိုင်ငံတွေအနေနဲ့ တရုတ်ကို အပြစ် အများကြီး သွားတင်လို့ မရပါဘူး။ တဆိတ်ရှိ ဆွဲထည့် သမုတ်နေလို့ မဖြစ်ပါဘူး။ ကိုယ်ဘာဖြစ်ချင်သလဲ ကိုယ့်ဘာသာကိုယ် သိအောင် လုပ်ရမှာပါ။ ဥပမာ၊ ကိုယ်က မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြစ်ဒဏ်ခတ်လိုက်လို့ မြန်မာက တရုတ်ဆီ ပိုကပ်သွားမယ်ထင်ရင် မလုပ်နဲ့ပေါ့။ မြန်မာစစ်တပ်က သူငယ်နှပ်စား ဉာဏ်ရည်မမီတဲ့အဖွဲ့အစည်းလည်းမဟုတ်၊ နိုင်ငံကြီးတွေရဲ့ အကျင့်ကိုလည်း မသိတာမှ မဟုတ်ပဲ။ တရုတ်ကိုလည်း သိပ်မမှီခိုရအောင် သတိနဲ့ ဆက်ပေါင်းနေမှာဖြစ်တယ်။ အင်အားကြီးလာတဲ့ တရုတ်နိုင်ငံကို သူတို့ကိုယ်တိုင်လည်း ထိထိရောက်ရောက် ပိတ်ဆို့ထားနိုင်မှာ မဟုတ်ဘူး။ ပိတ်ဆို့နိုင်ပြီဆိုလည်း တရုတ်က အဲဒီအချိန်ကျမှ မြန်မာနိုင်ငံမှာ တကယ် ဝင်လာပြီး ပြဿနာလုပ်နိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ တရုတ်က ဩဇာလွှမ်းမိုးလာမှာကို အမှန်စင်စစ် မလိုလားရင် စစ်အုပ်ချုပ်ရေးဖြစ်နေလည်း မြွေမသေတုတ်မကျိုး ပုံမှန်ဆက်ဆံနေတာက နှစ်ဦးနှစ်ဖက် ပိုအကျိုးရှိပါလိမ့်မယ်။

 အဲန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား ထုတ်ပြန်ကြေညာချက်ကို တွေ့ပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ်လွှတ်တော်ရဲ့ သက်တမ်းကလည်း ကုန်ပြီးနေပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈(က) အရ ဖျက်သိမ်းပြီးဖြစ်တယ်လို့ မှတ်ယူရမှာပါ။ တတိယအကြိမ်လွှတ်တော်ကလည်း မစနိုင်ခဲ့ဘူးဆိုတော့ အဲဒီလွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ အတည်မဖြစ်သေးဘူးလို့ပဲ စစ်တပ်က ပြောမှာဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲ လုပ်ပေးခဲ့တဲ့ ဦးလှသိန်းကော်မရှင်လည်း ပျက်၊ ဦးသိန်းစိုးကော်မရှင်ကို ဖွဲ့ထားပြီးပြီမို့ ယခုပုံအတိုင်းနဲ့ တတိယအကြိမ်လွှတ်တော် မဖြစ်မြောက်နိုင်တော့ပါ။ ဇာတ်လမ်းက တစ်ခန်းရပ်သွားပါပြီ။ တရားတာတော့ မတရားဘူးပေါ့။ ဒါပေမဲ့ တပ်လုပ်ပေးမယ့် ရွေးကောက်ပွဲသစ်ကလွဲလို့ ဘာမှ သိပ်မျှော်လို့မရဘူးပဲ ထင်ပါတယ်။

တရုတ်ကွန်မြူနစ်အစိုးရကို မရှုတ်ချ

 ကျွန်တော်တစ်ဦးတည်းအနေနဲ့ကတော့ တရုတ်ကွန်မြူနစ်အစိုးရကို မရှုတ်ချပါဘူး။ တရုတ်နိုင်ငံက အာဏာသိမ်းမှုကို ထောက်ခံတာမဟုတ်၊ စောင့်ကြည့်နေတာသာ ဖြစ်ပါတယ်။ အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဲန်အယ်လ်ဒီအစိုးရလက်ထက်မှာ တရုတ်နိုင်ငံအတွက် စီးပွားရေး၊ နိုင်ငံရေးမှာအကျိုးရှိပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်နေရင် အနောက်နိုင်ငံတွေက တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ပိတ်ဖို့နဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့ချဖို့အတွက် ပိုမို ပါဝင်ပတ်သက်လာပါမယ်။ မြန်မာနဲ့ရောပြီး တရုတ်ရဲ့ကုန်သွယ်ရေး လမ်းကြောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့တားမြစ်တာ ခံလာရနိုင်ပါတယ်။ ဒါ့အပြင် နာမည်ကောင်းမရှိတဲ့ နိုင်ငံနဲ့ အစိုးရကို နိုင်ငံတကာမျက်နှာစာမှာ ခုခံကာကွယ်ပေးရတာကလည်း တရုတ်အတွက် ဝန်လေးစရာ အလုပ်ဖြစ်လာပါမယ်။ မြန်မာစစ်အစိုးရဟာလည်း မျိုးချစ်စစ်တပ်ဖြစ်လို့ အနောက်အုပ်စုနဲ့ ပေါင်းပြီး သူ့ကို ကန်မှာကို တရုတ်က အမြဲသတိရှိပါတယ်။
အတိုချုပ်ကတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် သူ့အကျိုးစီးပွား မြှင့်တင်ပေးမယ့်အစိုးရကိုသာ ပိုလိုလားမှာဖြစ်တယ်။ အာဏာရှင်ဖြစ်စေ၊ ဒီမိုကရေစီဖြစ်စေ တရုတ်စဉ်းစားချက်မှာ အရေးမပါပါဘူး။ မြန်မာနိုင်ငံအနေနဲ့လည်း အနောက်အုပ်စုရဲ့ ပြည်တွင်းရေးမှာ အလွန်အကျူး ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားဖို့ တရုတ်ကို လိုအပ်ပါတယ်။
တရုတ်က သူ့အကျိုးသာ ထင်ရှားမယ်ဆိုရင် တစ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာပြန်ရလည်း ထောက်ခံမှာပါပဲ။ မိမိပြည်တွင်းရေးသာ မိမိဘာသာ ပြေလည်အောင် အရင်ရှင်းဖို့လိုပါတယ်။

Monday, February 1, 2021

 - မြန်မာနိုင်ငံမှ မနေ့က ဖြစ်သွားတဲ့ဖြစ်စဉ်ကို သမ္မတဘိုင်ဒန်ရဲ့ အမေရိကန်အစိုးရက ကြေညာချက်ထုတ်ရာမှာ အာဏာသိမ်းမှု "coup" လို့တောင် မသုံးနှုန်းပါဘူး။ "The military's seizure of power" လို့သာ သုံးထားပါတယ်။

- အမေရိကန်ရဲ့ ရည်ရွယ်ချက်က မြန်မာစစ်တပ်ကို အာဏာသိမ်းစစ်အစိုးရအဖြစ် မရှုတ်ချသေးခင် တရုတ်ကို ဝိုင်းချုပ်ရာမှာ ပူးပေါင်းဆောင်ရွက်နိုင်မလား စကားပြောကြည့်ချင်သေးကြောင်း ပြသတာပါပဲ။
- တရုတ်ကိုသာ ထိန်းမယ်ဆိုရင် အမေရိကန်က စစ်တပ်နဲ့ပေါင်းပြီး ‌ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်တဲ့အထိ စဉ်းစားမှာ အမှန်ပါပဲ။
- ဒါပေမဲ့ မြန်မာစစ်တပ်အနေနဲ့ကလည်း ၁၉၆၈ တုန်းက ဦးနေဝင်းအစိုးရ တရုတ်ကို ကန်ခဲ့သလောက် ဒီနေ့တရုတ်ကို ကန်လို့၊ အာခံလို့ မရနိုင်ပါဘူး။ တရုတ်က စီးပွားရေး၊ နိုင်ငံရေး အင်အားကြီးနိုင်ငံ ဖြစ်လာတဲ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖင် ဟာ ကမ္ဘာမှာ အာဏာအရှိဆုံးခေါင်းဆောင်တစ်ဦး ဖြစ်နေပါပြီ။
- တရုတ်က သူ့ကို လမ်းကြောင်းပေးမယ့်သူဆိုရင် စစ်တပ်ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ် မြွေမသေ တုတ်မကျိုး ဆက်လက် ဆက်ဆံမှာဖြစ်ပါတယ်။ သူ့အကျိုးစီးပွားအတွက် ဒေါ်စု ပြန်အာဏာရမှ ဖြစ်မယ်ဆိုလည်း အဲဒါကို ထောက်ခံမှာပါ။
- ဒါကြောင့် မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်သည်ဖြစ်စေ၊ အရပ်သားကအုပ်ချုပ်သည်ဖြစ်စေ အနောက်အုပ်စုနဲ့ တရုတ်အကြား လိမ္မာပါးနပ်စွာ လိုက်လျောညီထွေ နေထိုင်တဲ့ နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးဖို့ လိုပါတယ်။

သင်္ကေတအထိမ်းအမှတ်ဆိုင်ရာ (symbolic) နာခံရန် ငြင်းဆန်ခြင်း

 သင်္ကေတအထိမ်းအမှတ်ဆိုင်ရာ (symbolic) နာခံရန်ငြင်းဆန်ခြင်းတွေဟာ ဘယ်တုန်းကမှ အလုပ်မဖြစ်ပါဘူး။ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်မှသည် အခုအထိ အဖြူရောင်ကမ်ပိန်းတွေ၊ လက်မှတ်ထိုးကမ်ပိန်းတွေ၊ ဟိုအရောင်ဖဲကြိုး သည်အရောင်ဖဲကြိုး ကမ်ပိန်းတွေ လုပ်လာခဲ့ကြတာ ဘယ်တုန်းက ထိရောက်ခဲ့ဖူးလို့လဲ။ အခု ဖေ့စ်ဘွတ်ခ်ပေါ် ရွှေပေလွှာပစ်သလိုလို၊ ဘယ်မှာရှိမှန်းမသိတဲ့ နိုင်ငံတကာကို တိုင်စာလိုလို၊ ဟိုဟာတင် ဒီဟာတင် မျှဝေနေတာလည်း ဒီသဘောပဲ။ အာဏာရှင်စနစ်ကြီးကိုပဲ တစ်ကိုယ်တော်တိုက်နေသလိုလို ကိုယ့်ဟာကိုယ် အထင်ကြီးတဲ့ တစ်ဒင်္ဂ စိတ်ခံစားချက်လေး ပေါ်လာမှာကလွဲလို့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သင်္ကေတတော်လှန်ရေးတွေ သိပ်များနေပြီး ပြင်ပရုပ်ကမ္ဘာမှာ လက်တွေ့ မလုပ်ဆောင်နိုင်ရင် အဟောသိကံ ဖြစ်ပါတယ်။ မခြိမ်းနဲ့ ရွာချ၊ စိုရင်စိုပလေ့စေဆိုပြီး ကဗျာစပ်တော့ ရဲရဲတောက်ပေမယ့် ခံရပြီးမှ မင်း ငါ့အကြောင်းသိပြီမဟုတ်လားပြောရင် လူရွှင်တော်တွေ ပြက်လုံးထုတ်သလိုပဲ ဖြစ်နေမှာပေါ့။ စင်ပေါ်တက်ပြီး သီချင်းလို၊ ပြဇာတ်လို၊ ကာတွန်းလို၊ သရုပ်ဖော်အနုပညာလိုနဲ့ ထေ့ငေါ့ရင်း သင်္ကေတတော်လှန်ရေး ဆင်နွှဲလို့ရနိုင်ပေမယ့် နိုင်ငံရေးရလဒ် လက်ဆုပ်လက်ကိုင်ရှိဖို့ လိုပါတယ်။ မရှိရင် အနုပညာသက်သက်ပဲ။ နိုင်ငံရေး မဟုတ်ပါဘူး။ နိုင်ငံရေးဟာ အနုပညာဆိုတာက ရလဒ်ထွက်အောင် လုပ်နိုင်တာ၊ လုပ်ရတာကို ဆိုလိုခြင်းဖြစ်တယ်။ မြန်မာနိုင်ငံမှာက အဲဒီသင်္ကေတနိုင်ငံရေးတွေထဲက ရလဒ်မထွက်နိုင်အောင် ဝန်လေးစေတာ ဖြစ်တယ်။ ၂၀၁၁ မတိုင်ခင်မှာ သင်္ကေတနိုင်ငံရေးကအနည်းငယ် ဆီလျော်ခဲ့ပေမယ့် အခုအချိန်မှာ စိတ်ထွက်ပေါက်ရစေတဲ့တန်ဖိုးကလွဲရင် အခြားတန်ဖိုး မရှိတော့ပါဘူး။