စစ်အာဏာသိမ်းမှုတစ်ခု အထမြောက်ဖို့ မမြောက်ဖို့ မောင်းနှင်နေတာဟာ စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ ဆန္ဒပြသူတွေ၊ ကြမ်းတမ်းရိုင်းပြတဲ့ ဗိုလ်ချုပ်တွေလို့ ကျွန်တော်တို့ ထင်မှတ်လေ့ရှိတယ်။ မဟုတ်ပါဘူး။ လက်တွေ့အားဖြင့် အာဏာသိမ်းမှုတိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးကို လွှမ်းမိုးထားတဲ့ လက်ရွေးစင် အထက်တန်းလွှာတွေ (elite) က အဓိက မောင်းနှင်သွားတာဖြစ်တယ်။ သူတို့ဟာ အာဏာအပေးအယူကို ညှိနှိုင်းပေးနိုင်မယ့် ပွဲစားများ (power brokers) ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်တစ်ဦးကို အဆုံးမှာ ဖယ်ရှားနိုင်ခြင်း ရှိမရှိဆိုတာ အဲဒီလူတွေအပေါ် အများကြီး မူတည်ပါတယ်။ သူတို့ တက်ညီလက်ညီ ဆောင်ရွက်နိုင်မှသာ အာဏာသိမ်းခေါင်းဆောင်ကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
Saturday, February 27, 2021
ညှိကြပါ
Thursday, February 25, 2021
မြန်မာနိုင်ငံမှာ စစ်တပ်က မြေရှင်ပဒေသရာဇ်လူတန်းစား Feudal Class ၊ မြို့နေပညာတတ်နဲ့ ကုန်သည်လယ်လုပ်က Bourgeoisie and Petite Bourgeoisie ၊ ပျံကျနဲ့ နေ့စားလုပ်သား (၅၀၀၀ စားလို့ အခေါ်ခံနေရသူတွေ)
Friday, February 12, 2021
နိုင်ငံရေးလှုပ်ရှားမှု သို့မဟုတ် လူမှုလှုပ်ရှားမှု (political/social movement) တစ်ခု အောင်မြင်ဖို့
နိုင်ငံရေးလှုပ်ရှားမှု သို့မဟုတ် လူမှုလှုပ်ရှားမှု (political/social movement) တစ်ခု အောင်မြင်ဖို့အတွက် ခေါင်းဆောင်မရှိလို့ မရဘူး။ ထင်ရှားတဲ့ခေါင်းဆောင်မရှိရင် လူထုတပ်ကျွံတဲ့အခါ ဘယ်သူမှ မထိန်းနိုင်ဘဲ ဖြစ်မယ်။ လှုပ်ရှားမှုမှာ ပြည့်စုံလုံလောက်သော ရင်းမြစ်ရှိရမယ်။ တရားဝင်မှု ရှိရမယ်။ လူ့အဖွဲ့အစည်းအတွင်းက နိုင်ငံသားအများဆုံးက ခံစားနားလည်ပေးနိုင်မယ့် တန်ဖိုးတွေလည်း ရှိရမယ်။ အရေးအကြီးဆုံးက အကြမ်းဖက်မှု (violence) ကို လုံးဝ ပါမလာစေရဘူး။ အကြမ်းဖက်မှုပါလာတာနဲ့ ကိုယ့်တရားဝင်မှုကို ကိုယ်စချေဖျက်သလိုဖြစ်ပြီး လှုပ်ရှားမှုရှုံးဖို့ လမ်းစဖြစ်တယ်။ ဒါက သီအိုရီတွေကို လျှောက်ပြောနေတာ မဟုတ်ပါ။ အာရပ်နွေဦး (Arab Spring) တို့၊ လွတ်မြောက်ရေးနည်းပညာ (Liberation Technology) တို့ ဆိုတာလည်း သီအိုရီတွေပဲ။ အောင်မြင်သလိုနဲ့ မအောင်မြင်ခဲ့တဲ့ လှုပ်ရှားမှုသီအိုရီတွေဟာ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းမှာ အများအပြားရှိတယ်။ ယူတတ်ရင် သင်ခန်းစာဖြစ်ပြီး မယူတတ်ရင် အတိတ်ကအမှားတွေ ပြန်လုပ်မိတတ်ပါတယ်။
အနောက်နိုင်ငံတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်နဲ့ ဩဇာဟာ ၂၀၁၆-၂၀၁၇ ခုနှစ် မတိုင်ခင်က အနေအထားမျိုး မရှိတော့ပါဘူး။ ဒါကြောင့် ယခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖို့ တောင်းဆိုမှာ ဖြစ်ပေမယ့် သူနိုင်ငံရေးရာထူးအာဏာ ပြန်လည်ရရှိရေးအတွက်ကိုတော့ အနောက်နိုင်ငံအစိုးရနဲ့ မီဒီယာတွေက တိုက်တွန်းမှာ မဟုတ်ပါ။ အနောက်မီဒီယာမှာ ရေးသားဖော်ပြနေတဲ့ သတင်းအာဘော်တွေ၊ သုံးသပ်ချက်တွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။
Thursday, February 11, 2021
မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားများ ဆန္ဒပြရာမှာ ပါဝင်မှု
မြန်မာပြည်ဖွား မြန်မာနိုင်ငံသား တရုတ်တွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတာကို ကန့်ကွက်စရာမရှိပေမယ့် တရုတ်နိုင်ငံကို အလွန်အကျွံ သွားဖိအားပေးလို့ အလကားပါပဲ။ တရုတ်စာနဲ့ရေးလို့ တရုတ်ဆိုရှယ်မီဒီယာမှာ #ထိုင်ဝမ်၊ #ဟောင်ကောင် က တရုတ်လူမျိုးတွေဆီကတစ်ဆင့် ပေကျင်းနားကို ပြန်ပေါက်အောင်လုပ်တယ်ဆိုတာမျိုးက ပိုတောင်အဓိပ္ပာယ်မရှိပါဘူး။ တရုတ်အစိုးရက အဲန်အယ်လ်ဒီအစိုးရ သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးကို အတော်နားလည်သိရှိတဲ့ အနေအထား ရောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒကို သူ့အကျိုးစီးပွားအတွက် သူ့ဘာသာသူကြည့်ပြီး ဆုံးဖြတ်မှာပါပဲ။ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေ အတိုက်ခိုက်ခံရလည်း တရုတ်အစိုးရက ဝင်စွက်ဖက်ဖို့ မရှိပါဘူး။ မြန်မာ့ပြည်တွင်းရေးလို့သာ ပြောမှာပါ။ ဒါဆိုရင် မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအုံကြွမှုမှာ ပါဝင်နေတာက ကိုယ်ထူကိုယ်ထသဘော ပိုဆောင်ပါတယ်။ ၁၉၆၇ တုန်းက တရုတ်-ဗမာအရေးအခင်းပုံစံ ဖြစ်မလာစေဖို့ ကြိုတင် ကာကွယ်ချင်တာလည်း တစ်ဝက်မက ပါပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်သံရုံးရှေ့ ဆန္ဒသွားပြရုံနဲ့ တရုတ်အစိုးရက နားထောင်မှာမဟုတ်တာတော့ သေချာပါတယ်။
တရုတ်နဲ့ ရုရှားသံရုံးရှေ့ ဆန္ဒပြခြင်း
တရုတ်နဲ့ ရုရှားသံရုံးတွေရှေ့ ဆန္ဒသွားပြလည်း အပိုပဲ။ သူတို့က နိုင်ငံကြီးတွေလည်းဖြစ်တယ်။ သူတို့အစိုးရတွေကလည်း ဒီမိုကရေစီအစိုးရတွေ မဟုတ်ဘူး။ သူတို့နိုင်ငံမှာရှိတဲ့ လူထုသဘောဆန္ဒကို သိပ်ငဲ့ကွက်စရာ မရှိဘူး။ တရုတ်ကွန်မြူနစ်အစိုးရဆို သူတို့ကိုယ်တိုင် လက်နက်နဲ့ တော်လှန်ရေးလုပ်တာ စစ်နိုင်လို့ အာဏာရခဲ့တဲ့ အစိုးရ။ ရုရှသမ္မတ ပူတင်ဆိုလည်း သမ္မတဆက်လုပ်နိုင်ဖို့ ဝန်ကြီးချုပ် ဆင်းလုပ်လိုက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်နဲ့ နေခဲ့တာ။ ဆန့်ကျင်တဲ့ အတိုက်အခံတွေ၊ သူလျိုတွေ၊ သတင်းစာဆရာတွေကို ပြည်ပအထိတောင် လိုက်လုပ်ကြံခိုင်းသေးတယ်။
Wednesday, February 10, 2021
My take on the US sanctions
ဒီမိုကရက်သမ္မတ ဂျိုး ဘန်ဒန် ရဲ့ မြန်မာဒီမိုကရေစီရေးအတွက် ပါဝင်လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မစ်ချ် မက်ကောနဲလ် လို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေအရင်းအချာများကလည်း ဘိုင်ဒန် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တစ်ခုခု အမြန်လုပ်ဖို့ တိုက်တွန်းဟန်တူပါတယ်။ ဒီမိုကရက်အဖိုးကြီး (သမ္မတ)နဲ့ ရီပတ်ဘလစ်ကန်အဖိုးကြီး (ဆဲနိတ်လူနည်းစုခေါင်းဆောင်) တို့ရဲ့ ဘုံသဘောတူညီချက် ရလဒ်ဖြစ်ပါတယ်။
Parody of Resistance
စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသဖို့ သီဟတင်စိုးရုပ်ရှင်ထဲကလို အံတွေ အတင်းကြိတ်၊ လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အော်ပြရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အခုလို သီချင်းနှစ်ပုဒ်ပဲ လှည့်ဖွင့်ပြီး ဖက်ရှင်ရှိုးလိုလို၊ သင်္ကြန်သံချပ်လိုလို၊ ဘောလုံးအသင်း ချန်ပီယံဆုရသလိုလို ဆင်နွှဲနေတာကတော့ ရေနစ်တဲ့သူက 'ကျွန်တော်ရေနစ်နေပြီ'ဆိုပြီး ရေထဲ ယက်ကန်ယက်ကန်နဲ့ စပ်ဖြီးဖြီး ပြောင်ပြနေသလိုဖြစ်မှာပေါ့။ နောက်ပြီး လွှင့်နေတဲ့အလံအများစုကလည်း ပါတီကြီးတစ်ခုတည်းရဲ့အလံ။ ကြွေးကြော်သံမှာလည်း သစ်တာဆိုလို့ 'ရုံးမတက်နဲ့။ ရုန်းထွက်" တစ်ခုလောက်ပဲ ပါတယ်။ 'နဖူးပြောင်ပြောင် ဦးမောင်မောင်၊ အရူးထောင်ကို ပို့လိုက် ပို့လိုက်' တို့၊ 'ရရင်ရ မရရင်ချ၊ ရရမရရ ချ' တို့လို ၁၉၈၈ က ပေါကြောင်ကြောင် ကြွေးကြော်သံမျိုးတွေ ပေါ်မလာသေးတာပဲ တော်သေးတယ်။ Generation Z ကို မြှောက်ပေးတဲ့အထဲ ကျွန်တော်တော့ မပါဘူး။ အထင်သေးတာမဟုတ်။ အောက်သက် မကြေဘူးထင်လို့။ ကလေးတွေကို နောက်က မြှောက်ပေးပြီး လမ်းမပြတဲ့ထဲမှာ တို့မပါ။ ပါရင်လည်း တို့မဟုတ်။
နိုင်ငံတော်အာဏာ အလုယူခံရတယ်ဆိုပြီးတောင် အဆိုအက အပျော်အပါးမပျက်ကြတာကို လက်ခံနိုင်သေးရင် ဘာကြောင့် ဘက်မလိုက်နေချင်သူတွေ၊ ဘာပို့စ်မှ မတင်သူတွေကိုလည်း ရန်လိုက်ရှာနေမလဲ။
Tuesday, February 9, 2021
တပ်ကလည်း အရင်တပ် မဟုတ်တော့
မျိုးဆက်သစ်လူငယ်တွေက အရင်မျိုးဆက်တွေနဲ့ မတူတော့ဘူး ပြောနေကြလို့ မြန်မာစစ်တပ်ဟာလည်း အရင်က စစ်တပ်မျိုး မဟုတ်တော့ဘူးဆိုတာ သတိမူဖို့လိုပါတယ်။
Monday, February 8, 2021
တရုတ်သုံးပြည်ထောင်နဲ့ မြန်မာနိုင်ငံ မျက်မှောက်ခေတ် အခြေအနေ
တရုတ်သုံးပြည်ထောင် (Three Kingdoms) ဇာတ်လမ်းနဲ့ နှိုင်းယှဉ်ဥပမာပေးရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ ဟာ လျိုပေ့နဲ့ တူပါတယ်။ ကျင့်ဝတ်သိက္ခာကို ဦးစားပေးသော်လည်း လက်တွေ့ဗျူဟာပိုင်းမှာ အတော်ချာပါတယ်။ စစ်တပ်ကတော့ ချောင်ချောင်းနဲ့ တူပါတယ်။ မလုပ်ရဲတာမရှိဆိုသလို အာဏာကို အဓမ္မနည်းနဲ့ ရယူပြီး ပြိုင်ဘက်အုပ်စုတွေကိုလည်း ပေါင်းတန်ပေါင်း၊ ခွဲတန်ခွဲ လှည့်ပတ် ကစားပါတယ်။ တိုင်းရင်းသားတွေကတော့ စွန်းချွမ်ရဲ့ ဝူနိုင်ငံနဲ့ တူပါတယ်။ ကျန်နှစ်ဦး အရိပ်အခြေကို ကြည့်ပြီး မိမိရပ်တည်မှု အားသာဖို့ ကစားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်စဉ်ကို သုံးသပ်ရရင် အဲန်အယ်လ်ဒီဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို ၁၉၉၀ အလွန်က အနေအထားမျိုးတောင် မရတော့တာ တွေ့ရပါတယ်။ CRPH မှာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ ပါမလာပါ။ CRPP မှာ စဖွဲ့ကတည်းက ပါပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနိုင်တဲ့ တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တချို့ စစ်ကောင်စီထဲ ရောက်သွားကြပါတယ်။ (သူတို့ပါတီတွေက ထုတ်ပယ်လိုက်တာက သီးခြားစဉ်းစားရမယ့် အကြောင်းပါ။) ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲဆိုရင် အဲန်အယ်လ်ဒီ အစိုးရဟာ အားလုံး/အများပါဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတစ်ရပ်ကို ဖော်ဆောင်ရာမှာ အားနည်းခဲ့လို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရနဲ့ တပ်အစိုးရ နှစ်မျိုးဖြစ်နေတယ်ဆိုတဲ့သဘော ပြောခဲ့သော်လည်း တပ်ကို မနှစ်သက်တဲ့ အဲန်အယ်လ်ဒီမဟုတ်သော အရပ်သား၊ တိုင်းရင်းသားများကို မစည်းရုံးနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အရင်ခေတ်တွေကနဲ့ မတူပါဘူးလို့ ပြောချင်ရင် အဲန်အယ်လ်ဒီ-တိုင်းရင်းသားဆက်ဆံရေး သို့မဟုတ် ဗဟို-ဒေသန္တရဆက်ဆံရေး (central-local relations) လည်း မတူတော့တာကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။
ကိုယ်နဲ့ နိုင်ငံရေးအယူအဆ မတူသူတွေကို ဆွေစဉ်မျိုးဆက်အထိ လိုက်ပြီး အရှက်ခွဲ ရှုတ်ချ ပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်က လူတစ်ဦးချင်း အခွင့်အရေးကို အလေးထားတဲ့ ဒီမိုကရေစီစနစ်က လာတာမဟုတ်ပါဘူး။ ပဒေသရာဇ် feudal အတွေးအခေါ်ဖြစ်ပါတယ်။ ဒါဆို အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို ပိတ်ဆို့ခဲ့ရာမှာ ဘာကြောင့် မိသားစုဝင်တွေအထိ လိုက်ပိတ်ခဲ့သလဲလို့ မေးစရာဖြစ်ပါတယ်။ မြန်မာ့လူ့ဘောင်ကိုက ပဒေသရာဇ်စနစ် ဖြစ်နေသေးလို့ မိမိစနစ်ကို ပြန်ထင်ဟပ်တဲ့ ဒဏ်ခတ်မှုမျိုးကို အနောက်နိုင်ငံတွေဆီက ရတယ်လို့ထင်ပါတယ်။
CDM v street protests
CDM နဲ့ street protests မှာ street protests က ပိုထိရောက်ပါတယ်။ လူပိုမြင်ရပြီး media coverage ရမယ်။ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို မကျစေဘူး။ ဒါက common sense ပါ။ CDM က ထင်သလောက် ဘာကြောင့် မထိရောက်ရသလဲဆိုတာ ပြောရင်ရပါတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားပြီး အဆဲခံရတဲ့ စာရေးမိနေတာမို့ မရေးတော့ဘူးနော်။ ဒီလောက်နဲ့ပဲ သည်းခံကြပါ။
Sunday, February 7, 2021
ဘာမှ အပြစ်ပေးအရေးယူခံရတာမရှိ၊ လမ်းပေါ်ထွက် ဆန္ဒပြနိုင်တဲ့အခါကျတော့လည်း သင်္ကြန်ရေပက်ခံကား လှည့်သလို၊ ပွဲဈေးတမ်းလျောက် လူတိုးခံသလို ဖြစ်ကုန်ကြတယ်။ ကိုယ့်အိမ်ရှေ့ကိုယ် အလံထောင် အလံဝှေ့၊ ကမ္ဘာမကြေဘူးသီချင်းနဲ့ အသံချဲ့စက် ဖွင့်တဲ့သူတွေကျတော့လည်း ရပ်ကွက်ထဲက သင်္ကြန်မဏ္ဍပ်လေးတွေလို ဖြစ်နေတယ်။ ပိုဆိုးတာက စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတယ်ပြောပြီး ထွက်လာတဲ့လူ အတော်များများမှာ ပျော်ပွဲရွှင်ပွဲ ဆင်နွဲနေသလို၊ အောင်ပွဲခံနေသလို celebratory mood အပြုအမူနဲ့ မျက်နှာထားတွေ တွေ့လာရတာပဲ။ ကမ္ဘာမကြေဘူးတို့၊ အရေးကြီးပြီတို့ကို အဲဒီလို တည်ကြည်လေးနက်မှုမျိုးနဲ့ သုံးနေမှတော့ တော်တော် အလေးအနက်ထားချင်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူအများစုမှာ လူညီရင် ဤကိုကျွဲဖတ်တဲ့ herd mentality ကလည်း ကြီးမားတာကိုး။ ကိုဗစ်ပထမလှိုင်း contact tracing တုန်းကလည်းကြည့်။ အသည်းအသန်လုပ်တုန်းက အသားကုန်လုပ်၊ နောက်များလည်းလာရော မထိန်းထားနိုင်တော့ဘူး။ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာလည်း အဆီအငေါ် မတည့်တာ၊ လက်တွေ့ကျပြီး ဖြစ်နိုင်မယ့် တိကျတဲ့ ဘုံတောင်းဆိုချက်မရှိတာ၊ ခေါင်းဆောင်မှုကင်းမဲ့နေတာကို တွေ့ရပေမယ့် အသေးစိတ် မဝေဖန်ပြတော့ပါဘူး။ ၁၉၈၈ တုန်းကလည်း ဖြစ်ပျက်ပြီး အနှစ်နှစ်ဆယ်ကျော်မှ ဟိုလို ဖြစ်ခဲ့ရင် အကောင်းသား၊ ဒီလို လုပ်လိုက်မိရင် အတော်သားနဲ့ ပြန်မြင်ရတာ။ လူတွေက တရားမျှတမှုကိုသာ တစ်ချိန်လုံး တောင်းဆိုတတ်ပေမယ့် သမိုင်းသင်ခန်းစာလည်း ဘယ်တော့မှ ယူမှ မယူပဲ။
Thursday, February 4, 2021
ဘယ်သူက ဦးဆောင်နေမှန်းမသိတဲ့ Political Movement
ဘယ်သူက ဦးဆောင်နေမှန်းမသိတဲ့ Political Movement တွေဟာ အချိန်ကြာလာတာနဲ့အမျှ အားပျော့ ပျောက်ကွယ်သွားပါတယ်။ အမေရိကန်က Occupy Wall Street တို့၊ ပြင်သစ်က Yellow Vest တို့ကိုကြည့်ပါ။ မြန်မာပြည်ရဲ့ လက်ရှိပြဿနာက Collective Action ကို ဖော်ဆောင်ပြီး လမ်းပေါ်ထွက်မယ့် ခေါင်းဆောင်မျိုး မရှိတာပါပဲ။ လမ်းပေါ် တကယ်ထွက်ပြီး ပြင်ပရုပ်ကမ္ဘာမှာ ဆန္ဒပြအုံကြွမှ စစ်အုပ်ချုပ်ရေးကို ပြည်သူလူထုတစ်ရပ်လုံးက မကျေနပ်ကြောင်း၊ လက်မခံကြောင်း နိုင်ငံတကာရဲ့အာရုံမှာ စွဲကျန်ရစ်မှာဖြစ်တယ်။ အဲဒီအခါ ဆန္ဒပြလူထုနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အရပ်သားလူမိုက်တွေကြားလည်း ထိပ်တိုက်တွေ့ဆုံမှုတွေ ပေါ်ပေါက်လာပြီး သွေးထွက်သံယို အနည်းနဲ့အများ ဖြစ်လာမှာပါ။ ရှောင်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ပေါ် တိုင်းပြည်ပျက်သလို တက်အော်နေကြတာထက်တော့ ပိုထိရောက်ပါတယ်။ အချောင်သမားမဟုတ်တဲ့ ခေါင်းဆောင်အစစ်တွေဆိုရင် ဒီတာဝန်ယူမှု တာဝန်ခံမှုမျိုးက ကိုယ်လွတ်ရုန်းမှာ မဟုတ်ပါဘူး။ #collective_action #leadership #political_movements
Wednesday, February 3, 2021
တပ်က အာဏာယူပြီး လေးရက်မြောက်
တပ်က အာဏာယူတာ လေးရက်ဖြစ်လာတော့ တုံ့ပြန်လှုပ်ရှားမှုတွေလည်း တစ်ယောက်တစ်မျိုး ဖြစ်လာကြပြီ။ ဒါပေမဲ့ အဲဒီမှာ ဝိရောဓိတစ်ခုက တပ်အုပ်ချုပ်ရေးကို ဘယ်အတိုင်းအတာထိ တစွတ်ထိုး ဆန့်ကျင်ကြမလဲဆိုတာဖြစ်တယ်။ ကျွန်တော်တို့မျိုးဆက် အသက်လေးဆယ်ကျော်နဲ့ အထက်တွေက ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းတဲ့ ညမှာပဲ လမ်းပေါ် အုတ်တွေစီ၊ ဝါးကတ်တွေ ချတားတာလည်း မြင်ခဲ့ဖူးပြီ။ သံပုံးတီး တောထုတ်တာလည်း အဆန်းမဟုတ်ဘူး။ ဂျင်ဂလိ၊ လေးခွစုပြီး ဝင်လာတဲ့ စစ်ကားတွေကို ချောင်းပစ်မယ်ဆိုပြီးလည်း လုပ်ခဲ့ကြတာပဲ။ ဝန်ထမ်းတွေ အလုပ်မဆင်း၊ ခံဝန်ချက်စာ လက်မှတ်မထိုးတာတွေကလည်း အခု နစက အဖွဲ့ဝင်ဖြစ်သွားတဲ့ လူကြီးတချို့တောင် လုပ်ခဲ့ဖူးလိမ့်မယ်။ ဒီနေ့ တတိယအကြိမ်လွှတ်တော် အစည်းအဝေးကို စည်ပင်ရိပ်သာမှာ မိမိဘာသာကျင်းပတယ်ဆိုတော့ ၉၀ တုန်းက ဂန္ဒီခန်းမ ကြေညာစာတမ်း၊ မန္တလေးမှာ စင်ပြိုင်အစိုးရဖွဲံဖို့ တချို့ရွေးကောက်ခံအမတ်တွေ လုပ်ခဲ့တာကို သတိရမိပြန်တယ်။ စစ်တပ်အာဏာသိမ်းပြီး အဖွဲ့အစည်း၊ သမဂ္ဂပေါင်းစုံက ကြေညာချက်တွေ ပလူပြန်နေအောင် ထုတ်ခဲ့တာလည်း ၈၈ နဲ့ အတူတူပဲ။ "မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြ"ဆိုတာလည်း နည်းဟောင်းကြီးပါ။ ဒီလိုလုပ်တာတွေက ဘာအသုံးဝင်သလဲဆိုတော့ နိုင်ငံတကာမီဒီယာရဲ့ အာရုံစူးစိုက်မှုရမယ်။ မြန်မာနိုင်ငံမှာ မတရားမှုတွေ ဖြစ်နေတာကို ကမ္ဘာက သိမယ်။ မြန်မာနိုင်ငံ မဖွံ့ဖြိုးမတိုးတက်လို့၊ လွတ်လပ်မှုကင်းမဲ့နေလို့ဆိုပြီးတော့ ဘယ်သူမှ လာမကယ်ပါဘူး။
Tuesday, February 2, 2021
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ဆိုတာ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံမှာ အင်မတန် အရေးပါတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာလည်း အမျိုးသားလုံခြုံရေးကောင်စီ တွေဟာ ပုံသဏ္ဌာန်အမျိုးမျိုး၊ ဖွဲ့စည်းပုံအမျိုးမျိုး၊ အရပ်သားပါဝင်မှု၊ ပေးအပ်ထားတဲ့ တာဝန်နဲ့ အခန်းကဏ္ဍအမျိုးမျိုးနဲ့ ရှိကြတယ်။ ဒီလိုအရေးကြီးတဲ့ အဖွဲ့အစည်းအဝေးကို အဲန်အယ်လ်ဒီအစိုးရလက်ထက်မှာ တစ်ကြိမ်မှ ခေါ်ယူကျင်းပခဲ့တယ်လို့ မကြားမိဘူး။ ရခိုင်မှာ ပဋိပက္ခပြင်းထန်ချိန်၊ ရိုဟင်ဂျာ/ဘင်္ဂါလီအရေးကို နိုင်ငံတကာက ဖိအားပေးချိန်၊ ကိုဗစ်လို ကမ္ဘာ့ကပ်ရောဂါစိုက်ချိန်တွေမှာလည်း ကာ/လုံဟာ အနည်းဆုံး တစ်ကြိမ်တောင် မတွေ့ခဲ့ရဘူး။ တွေ့လိုက်ရင်ပဲ တပ်ချုပ်က သမ္မတကို အတင်းအကြပ် အရေးပေါ်အခြေအနေ ကြေညာခိုင်းပြီး အာဏာသိမ်းမယ့်ပုံ အစိုးရပိုင်းက သရုပ်ဖော်ခဲ့တယ်။ ဒါကြောင့် အဲန်အယ်လ်ဒီအစိုးရလက်ထက်မှာ နယ်မြေအကန့်အသတ်နဲ့ အရေးပေါ်အခြေအနေ ကြေညာတယ်ဆိုတာလည်း တစ်ခါမှ မကြားခဲ့ဖူးဘူး။ တခြား ဘယ်လိုစီမံဆောင်ရွက်မှုမျိုးတွေနဲ့ လုပ်ခဲ့သလဲတော့ မသိပါဘူး။
အနောက်နိုင်ငံတွေအနေနဲ့ တရုတ်ကို အပြစ်မတင်သင့်
အနောက်နိုင်ငံတွေအနေနဲ့ တရုတ်ကို အပြစ် အများကြီး သွားတင်လို့ မရပါဘူး။ တဆိတ်ရှိ ဆွဲထည့် သမုတ်နေလို့ မဖြစ်ပါဘူး။ ကိုယ်ဘာဖြစ်ချင်သလဲ ကိုယ့်ဘာသာကိုယ် သိအောင် လုပ်ရမှာပါ။ ဥပမာ၊ ကိုယ်က မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြစ်ဒဏ်ခတ်လိုက်လို့ မြန်မာက တရုတ်ဆီ ပိုကပ်သွားမယ်ထင်ရင် မလုပ်နဲ့ပေါ့။ မြန်မာစစ်တပ်က သူငယ်နှပ်စား ဉာဏ်ရည်မမီတဲ့အဖွဲ့အစည်းလည်းမဟုတ်၊ နိုင်ငံကြီးတွေရဲ့ အကျင့်ကိုလည်း မသိတာမှ မဟုတ်ပဲ။ တရုတ်ကိုလည်း သိပ်မမှီခိုရအောင် သတိနဲ့ ဆက်ပေါင်းနေမှာဖြစ်တယ်။ အင်အားကြီးလာတဲ့ တရုတ်နိုင်ငံကို သူတို့ကိုယ်တိုင်လည်း ထိထိရောက်ရောက် ပိတ်ဆို့ထားနိုင်မှာ မဟုတ်ဘူး။ ပိတ်ဆို့နိုင်ပြီဆိုလည်း တရုတ်က အဲဒီအချိန်ကျမှ မြန်မာနိုင်ငံမှာ တကယ် ဝင်လာပြီး ပြဿနာလုပ်နိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ တရုတ်က ဩဇာလွှမ်းမိုးလာမှာကို အမှန်စင်စစ် မလိုလားရင် စစ်အုပ်ချုပ်ရေးဖြစ်နေလည်း မြွေမသေတုတ်မကျိုး ပုံမှန်ဆက်ဆံနေတာက နှစ်ဦးနှစ်ဖက် ပိုအကျိုးရှိပါလိမ့်မယ်။
အဲန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား ထုတ်ပြန်ကြေညာချက်ကို တွေ့ပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ်လွှတ်တော်ရဲ့ သက်တမ်းကလည်း ကုန်ပြီးနေပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈(က) အရ ဖျက်သိမ်းပြီးဖြစ်တယ်လို့ မှတ်ယူရမှာပါ။ တတိယအကြိမ်လွှတ်တော်ကလည်း မစနိုင်ခဲ့ဘူးဆိုတော့ အဲဒီလွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ အတည်မဖြစ်သေးဘူးလို့ပဲ စစ်တပ်က ပြောမှာဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲ လုပ်ပေးခဲ့တဲ့ ဦးလှသိန်းကော်မရှင်လည်း ပျက်၊ ဦးသိန်းစိုးကော်မရှင်ကို ဖွဲ့ထားပြီးပြီမို့ ယခုပုံအတိုင်းနဲ့ တတိယအကြိမ်လွှတ်တော် မဖြစ်မြောက်နိုင်တော့ပါ။ ဇာတ်လမ်းက တစ်ခန်းရပ်သွားပါပြီ။ တရားတာတော့ မတရားဘူးပေါ့။ ဒါပေမဲ့ တပ်လုပ်ပေးမယ့် ရွေးကောက်ပွဲသစ်ကလွဲလို့ ဘာမှ သိပ်မျှော်လို့မရဘူးပဲ ထင်ပါတယ်။
တရုတ်ကွန်မြူနစ်အစိုးရကို မရှုတ်ချ
ကျွန်တော်တစ်ဦးတည်းအနေနဲ့ကတော့ တရုတ်ကွန်မြူနစ်အစိုးရကို မရှုတ်ချပါဘူး။ တရုတ်နိုင်ငံက အာဏာသိမ်းမှုကို ထောက်ခံတာမဟုတ်၊ စောင့်ကြည့်နေတာသာ ဖြစ်ပါတယ်။ အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဲန်အယ်လ်ဒီအစိုးရလက်ထက်မှာ တရုတ်နိုင်ငံအတွက် စီးပွားရေး၊ နိုင်ငံရေးမှာအကျိုးရှိပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပါတယ်။
Monday, February 1, 2021
- မြန်မာနိုင်ငံမှ မနေ့က ဖြစ်သွားတဲ့ဖြစ်စဉ်ကို သမ္မတဘိုင်ဒန်ရဲ့ အမေရိကန်အစိုးရက ကြေညာချက်ထုတ်ရာမှာ အာဏာသိမ်းမှု "coup" လို့တောင် မသုံးနှုန်းပါဘူး။ "The military's seizure of power" လို့သာ သုံးထားပါတယ်။
သင်္ကေတအထိမ်းအမှတ်ဆိုင်ရာ (symbolic) နာခံရန် ငြင်းဆန်ခြင်း
သင်္ကေတအထိမ်းအမှတ်ဆိုင်ရာ (symbolic) နာခံရန်ငြင်းဆန်ခြင်းတွေဟာ ဘယ်တုန်းကမှ အလုပ်မဖြစ်ပါဘူး။ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်မှသည် အခုအထိ အဖြူရောင်ကမ်ပိန်းတွေ၊ လက်မှတ်ထိုးကမ်ပိန်းတွေ၊ ဟိုအရောင်ဖဲကြိုး သည်အရောင်ဖဲကြိုး ကမ်ပိန်းတွေ လုပ်လာခဲ့ကြတာ ဘယ်တုန်းက ထိရောက်ခဲ့ဖူးလို့လဲ။ အခု ဖေ့စ်ဘွတ်ခ်ပေါ် ရွှေပေလွှာပစ်သလိုလို၊ ဘယ်မှာရှိမှန်းမသိတဲ့ နိုင်ငံတကာကို တိုင်စာလိုလို၊ ဟိုဟာတင် ဒီဟာတင် မျှဝေနေတာလည်း ဒီသဘောပဲ။ အာဏာရှင်စနစ်ကြီးကိုပဲ တစ်ကိုယ်တော်တိုက်နေသလိုလို ကိုယ့်ဟာကိုယ် အထင်ကြီးတဲ့ တစ်ဒင်္ဂ စိတ်ခံစားချက်လေး ပေါ်လာမှာကလွဲလို့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သင်္ကေတတော်လှန်ရေးတွေ သိပ်များနေပြီး ပြင်ပရုပ်ကမ္ဘာမှာ လက်တွေ့ မလုပ်ဆောင်နိုင်ရင် အဟောသိကံ ဖြစ်ပါတယ်။ မခြိမ်းနဲ့ ရွာချ၊ စိုရင်စိုပလေ့စေဆိုပြီး ကဗျာစပ်တော့ ရဲရဲတောက်ပေမယ့် ခံရပြီးမှ မင်း ငါ့အကြောင်းသိပြီမဟုတ်လားပြောရင် လူရွှင်တော်တွေ ပြက်လုံးထုတ်သလိုပဲ ဖြစ်နေမှာပေါ့။ စင်ပေါ်တက်ပြီး သီချင်းလို၊ ပြဇာတ်လို၊ ကာတွန်းလို၊ သရုပ်ဖော်အနုပညာလိုနဲ့ ထေ့ငေါ့ရင်း သင်္ကေတတော်လှန်ရေး ဆင်နွှဲလို့ရနိုင်ပေမယ့် နိုင်ငံရေးရလဒ် လက်ဆုပ်လက်ကိုင်ရှိဖို့ လိုပါတယ်။ မရှိရင် အနုပညာသက်သက်ပဲ။ နိုင်ငံရေး မဟုတ်ပါဘူး။ နိုင်ငံရေးဟာ အနုပညာဆိုတာက ရလဒ်ထွက်အောင် လုပ်နိုင်တာ၊ လုပ်ရတာကို ဆိုလိုခြင်းဖြစ်တယ်။ မြန်မာနိုင်ငံမှာက အဲဒီသင်္ကေတနိုင်ငံရေးတွေထဲက ရလဒ်မထွက်နိုင်အောင် ဝန်လေးစေတာ ဖြစ်တယ်။ ၂၀၁၁ မတိုင်ခင်မှာ သင်္ကေတနိုင်ငံရေးကအနည်းငယ် ဆီလျော်ခဲ့ပေမယ့် အခုအချိန်မှာ စိတ်ထွက်ပေါက်ရစေတဲ့တန်ဖိုးကလွဲရင် အခြားတန်ဖိုး မရှိတော့ပါဘူး။