တပ်က အာဏာယူတာ လေးရက်ဖြစ်လာတော့ တုံ့ပြန်လှုပ်ရှားမှုတွေလည်း တစ်ယောက်တစ်မျိုး ဖြစ်လာကြပြီ။ ဒါပေမဲ့ အဲဒီမှာ ဝိရောဓိတစ်ခုက တပ်အုပ်ချုပ်ရေးကို ဘယ်အတိုင်းအတာထိ တစွတ်ထိုး ဆန့်ကျင်ကြမလဲဆိုတာဖြစ်တယ်။ ကျွန်တော်တို့မျိုးဆက် အသက်လေးဆယ်ကျော်နဲ့ အထက်တွေက ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းတဲ့ ညမှာပဲ လမ်းပေါ် အုတ်တွေစီ၊ ဝါးကတ်တွေ ချတားတာလည်း မြင်ခဲ့ဖူးပြီ။ သံပုံးတီး တောထုတ်တာလည်း အဆန်းမဟုတ်ဘူး။ ဂျင်ဂလိ၊ လေးခွစုပြီး ဝင်လာတဲ့ စစ်ကားတွေကို ချောင်းပစ်မယ်ဆိုပြီးလည်း လုပ်ခဲ့ကြတာပဲ။ ဝန်ထမ်းတွေ အလုပ်မဆင်း၊ ခံဝန်ချက်စာ လက်မှတ်မထိုးတာတွေကလည်း အခု နစက အဖွဲ့ဝင်ဖြစ်သွားတဲ့ လူကြီးတချို့တောင် လုပ်ခဲ့ဖူးလိမ့်မယ်။ ဒီနေ့ တတိယအကြိမ်လွှတ်တော် အစည်းအဝေးကို စည်ပင်ရိပ်သာမှာ မိမိဘာသာကျင်းပတယ်ဆိုတော့ ၉၀ တုန်းက ဂန္ဒီခန်းမ ကြေညာစာတမ်း၊ မန္တလေးမှာ စင်ပြိုင်အစိုးရဖွဲံဖို့ တချို့ရွေးကောက်ခံအမတ်တွေ လုပ်ခဲ့တာကို သတိရမိပြန်တယ်။ စစ်တပ်အာဏာသိမ်းပြီး အဖွဲ့အစည်း၊ သမဂ္ဂပေါင်းစုံက ကြေညာချက်တွေ ပလူပြန်နေအောင် ထုတ်ခဲ့တာလည်း ၈၈ နဲ့ အတူတူပဲ။ "မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြ"ဆိုတာလည်း နည်းဟောင်းကြီးပါ။ ဒီလိုလုပ်တာတွေက ဘာအသုံးဝင်သလဲဆိုတော့ နိုင်ငံတကာမီဒီယာရဲ့ အာရုံစူးစိုက်မှုရမယ်။ မြန်မာနိုင်ငံမှာ မတရားမှုတွေ ဖြစ်နေတာကို ကမ္ဘာက သိမယ်။ မြန်မာနိုင်ငံ မဖွံ့ဖြိုးမတိုးတက်လို့၊ လွတ်လပ်မှုကင်းမဲ့နေလို့ဆိုပြီးတော့ ဘယ်သူမှ လာမကယ်ပါဘူး။
Wednesday, February 3, 2021
တပ်က အာဏာယူပြီး လေးရက်မြောက်
ပြဿနာက ဒီတစ်ကြိမ် တပ်က အာဏာသိမ်းတာမှာ သူရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ရည်ညွှန်းပြီး အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်နေမယ်လို့ ပြောထားတာဖြစ်တယ်။ လိုအပ်လို့ ခြောက်လနှစ်ကြိမ် ထပ်တိုးတောင်းရင် နှစ်နှစ်ပေါ့။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်လို့ သူဖန်တီးချင်တဲ့ အခင်းအကျင်းမျိုး မရနိုင်ဘူးဆိုရင် စစ်အုပ်ချုပ်ရေးကာလက ဒီ့ထက် သက်စိုးရှည်သွားနိုင်တယ်။ အာဏာက သူ့လက်ထဲရောက်သွားပြီမို့ "ကစားပွဲ"ကို ပြည်သူလူထုအပါအဝင် ဆန့်ကျင်အံတုမယ့်သူတွေဘက်က မပိုင်တော့ဘူး။ ၁၉၈၈-၉၀ အခြေအနေနဲ့ နောက်ကွာခြားချက်တစ်ခုက တိုင်းရင်းသားနိုင်ငံရေးပါတီအများစုဟာ အဲန်အယ်လ်ဒီကို အတော်စိတ်ခုနေကြပြီ။ အရင်ကာလကလည်း သိပ်ကြည်တာမဟုတ်ပေမယ့် အခုက ပိုဆိုးပါတယ်။ အာဏာမျှဝေမှု လုံလောက်စွာ မရှိခဲ့ခြင်းရဲ့ အကျိုးဆက်ပါပဲ။ စစ်တပ်ဘက်မှာကလည်း သူတို့ကြိုက်တဲ့ပါတီ၊ အုပ်စု၊ လူပုဂ္ဂိုလ်တွေ တစ်လှေကြီး မွေးထားပြီမို့ လူစုလူဝေးဖြစ်လာရင် တပ်ကတောင် ကနဦးဝင်ပါစရာ မလိုတော့ဘူး။
တပ်ကပြောတဲ့အတိုင်း ယုံရမယ်လည်းမဟုတ်ဘူး။ ဒါပေမဲ့ သူလုပ်ကိုင်နေပုံကိုကြည့်ရင် အစည်းအဝေးတွေခေါ်၊ ဝန်ကြီးသစ်တွေက အရာထမ်းတွေနဲ့တွေ့၊ ရာထူးတွေခန့်အပ်နဲ့ နိုင်ငံတော်အာဏာကို အပြည့်ကျင့်သုံးနေပြီပဲ။ အခုအချိန်ထိက သူကြေညာထားသမျှ တစ်နှစ်စာလုပ်ငန်းတွေသာ ရှိတယ်။ အဲဒါကိုမှ တပ်က တကယ့် အာဏာအကြီးသိမ်းသွားတဲ့ ပုံစံမျိုး လုပ်နေကြရင် "ဖိလေကြွလေ" မဖြစ်ဘဲ၊ "လှုပ်လေမြုပ်လေ"ပဲ ဖြစ်လိမ့်မယ်။ လက်ရှိမငြိမ်သက်မှုထက် ပိုဆိုးရွားတဲ့ မတည်ငြိမ်မှုတွေဖြစ်လာပြီး စီးပွားရေးထပ်ကျဆင်းမယ်၊ နိုင်ငံမျက်နှာငယ်ပြီး ရထားတဲ့ တိုးတက်မှုတွေ ဆုံးရှုံးကုန်မယ်။ ပြည်သူလူထုအနေနဲ့ ဒီအချိန်မှာ တိုင်းပြည်အတွက် တကယ်လုပ်ပေးနိုင်တာ ဘာရှိသလဲ စဉ်းစားကြည့်ပါ။ တစ်နေ့တစ်နေ့ ဆိုရှယ်မီဒီယာမှာ သတင်းတွေရှဲတာ၊ ဆန္ဒပြစာ တိုင်တန်းစာ ကြေညာချက်အမျိုးမျိုးထုတ်တာ၊ သံပုံးတီး တောထုတ်တာကလွဲလို့ ဘာများ ကြီးကြီးမားမား လုပ်နိုင်လို့လဲ။ ကိုးဆယ်ရာခိုင်နှုန်းကျော်က ကီးဘုတ်နဲ့ တော်လှန်နေကြတာဖြစ်တယ်။ ကဗျာရေး တော်လှန်တဲ့သူက ပိုတောင် ဆိုးသေးတယ်။ စစ်တပ်က ရန်သူကို အထင်သေးတယ်ဆိုတာ အဲဒါတွေပဲ။
ဒီစာက ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းခံရအောင် ရေးတဲ့စာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော် အဲန်အယ်လ်ဒီပါတီကိုပဲ မဲထည့်ခဲ့တာပါ။ နိုင်ငံသားတစ်ဦးအနေနဲ့ ကျွန်တော်ပေးခွင့်ရတဲ့ မဲသုံးမဲမှာ နှစ်မဲကို အဲန်အယ်လ်ဒီ ကိုပေးပါတယ်။ ကျန်တစ်မဲကတော့ ရပ်ကွက်ထဲ ကျွန်တော်သိကျွမ်းခင်မင်သူတစ်ဦးက ဝင်ပြိုင်တဲ့အတွက် သူ့ကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နောက်ထပ် အနှစ်နှစ်ဆယ် နိုင်ငံရေးလိပ်ခဲတည်းလည်းဖြစ်မှာ ကျွန်တော် မလိုလားပါဘူး၊ နောက်ထပ် အနှစ်နှစ်ဆယ် ဒီမိုကရေစီတော်လှန်ရေး မဆင်နွဲချင်တော့ပါဘူး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment