အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ဆိုတာ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံမှာ အင်မတန် အရေးပါတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာလည်း အမျိုးသားလုံခြုံရေးကောင်စီ တွေဟာ ပုံသဏ္ဌာန်အမျိုးမျိုး၊ ဖွဲ့စည်းပုံအမျိုးမျိုး၊ အရပ်သားပါဝင်မှု၊ ပေးအပ်ထားတဲ့ တာဝန်နဲ့ အခန်းကဏ္ဍအမျိုးမျိုးနဲ့ ရှိကြတယ်။ ဒီလိုအရေးကြီးတဲ့ အဖွဲ့အစည်းအဝေးကို အဲန်အယ်လ်ဒီအစိုးရလက်ထက်မှာ တစ်ကြိမ်မှ ခေါ်ယူကျင်းပခဲ့တယ်လို့ မကြားမိဘူး။ ရခိုင်မှာ ပဋိပက္ခပြင်းထန်ချိန်၊ ရိုဟင်ဂျာ/ဘင်္ဂါလီအရေးကို နိုင်ငံတကာက ဖိအားပေးချိန်၊ ကိုဗစ်လို ကမ္ဘာ့ကပ်ရောဂါစိုက်ချိန်တွေမှာလည်း ကာ/လုံဟာ အနည်းဆုံး တစ်ကြိမ်တောင် မတွေ့ခဲ့ရဘူး။ တွေ့လိုက်ရင်ပဲ တပ်ချုပ်က သမ္မတကို အတင်းအကြပ် အရေးပေါ်အခြေအနေ ကြေညာခိုင်းပြီး အာဏာသိမ်းမယ့်ပုံ အစိုးရပိုင်းက သရုပ်ဖော်ခဲ့တယ်။ ဒါကြောင့် အဲန်အယ်လ်ဒီအစိုးရလက်ထက်မှာ နယ်မြေအကန့်အသတ်နဲ့ အရေးပေါ်အခြေအနေ ကြေညာတယ်ဆိုတာလည်း တစ်ခါမှ မကြားခဲ့ဖူးဘူး။ တခြား ဘယ်လိုစီမံဆောင်ရွက်မှုမျိုးတွေနဲ့ လုပ်ခဲ့သလဲတော့ မသိပါဘူး။
Tuesday, February 2, 2021
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ
ဖေဖော်ဝါရီ ၁ ရက်မှာ တပ်က အဲဒီ အဲန်အယ်လ်ဒီအစိုးရကြောက်တဲ့ ကာ/လုံကိုပဲ အသုံးချပြီး အာဏာလွှဲပြောင်းယူသွားတော့ သမိုင်းရဲ့ ကျီစားမှု (irony) လို့ ထင်မြင်မိတယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအတွက် အပြက်ပြက်နဲ့ သွေးမထွက်ရအောင် ပုံမှန်ထိန်းညှိသွားလို့ရမယ့် ယန္တရားတစ်ခုကို အရပ်သားအစိုးရဟာ ဘယ်တုန်းကမှ ထုတ်မသုံးဖြစ်လိုက်ဘူးဆိုတဲ့ သဘောပါပဲ။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးရာထူးကို ကနဦးယူစဉ်က ကာ/လုံ အစည်းအဝေးတွေမှာ ပါဝင်ခွင့်ရချင်လို့ ဖြစ်မယ်ဆိုပြီး သုံးသပ်ချက် ရှိခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံ ရာထူးက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်အတိုင်း မဟုတ်နိုင်ဘဲ၊ ကာ/လုံမှာ လည်း ဝင်ထိုင်လို့ မရပါဘူး။ အဆုံးမတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ကာ/လုံ အစည်းအဝေးအတွက်လည်း အသုံးမပြုနိုင်ခဲ့ဘူး ဖြစ်သွားပါတယ်။ ကာ/လုံ ကို လျစ်လျူမရှုဖို့ ပြောတဲ့ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေကိုလည်း အဲန်အယ်လ်ဒီ ထောက်ခံသူတွေက အပြစ်တင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မသုံးတတ်တဲ့လက်နက်က ကိုယ့်ကို ပြန်ထိခိုက်အောင် လုပ်သွားတာပါပဲ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment