Thursday, September 21, 2017

မစင်ကနေ သောက်သုံးလို့ရတဲ့ရေအဖြစ် ပြောင်းလို့ရပြီဆိုတာကို သင်သိပါသလား။
မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ် ဂိတ်စ်ရဲ့ ဂိတ်စ်ဖောင်ဒေးရှင်းဟာ ကမ္ဘာ့ကျန်းမာရေးသုတေသန လုပ်ငန်းတွေအတွက်ဒေါ်လာသန်းပေါင်းများစွာ စိုက်ထုတ် လှူဒါန်းလျက်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုရော သိပါသလား။

ဖောင်ဒေးရှင်းရဲ့နာမည်အပြည့်စုံက 'ဘီလ်နှင့် မလင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်း' လို့ခေါ်ပြီး ဘီလ် ဂိတ်စ်ရယ်၊သူ့ဇနီး မလင်ဒါ ဂိတ်စ်ရယ်၊ သန်းကြွယ်သူဌေးကြီး ဝါရင် ဘတ်ဖက် တို့ သုံးဦးက ရှယ်ယာဝင်လူကြီးများအဖြစ် ပါဝင်ကြပါတယ်။ ဂိတ်စ်ဖောင်ဒေးရှင်းအနေနဲ့ ကျန်းမာရေးသုတေသနကို စိတ်ဝင်စားတာ မဆန်းဘူးဆိုနိုင်ပေမယ့် ဘီလ်ရဲ့ တီထွင်ခိုင်းတဲ့ တချို့နည်းပညာတွေကတော့ ထူးဆန်းပါတယ်။

၂၀၁၅ ခုနှစ်မှာ ဘီလ် ဂိတ်စ်ဟာ သူတီထွင်ခိုင်းခဲ့တဲ့ မစင်ကနေ သောက်ရေအဖြစ်ပြောင်းပေးတဲ့ စက်ကနေ ထွက်လာတဲ့ရေကို ကိုယ်တိုင် သောက်ပြခဲ့ပါတယ် (ပုံ ၁)။ နောက်ပြီး အိမ်သာစိန်ခေါ်ပွဲ ဆိုတဲ့ ဒေါ်လာ တစ်သိန်းဆုပေးတဲ့ ပြိုင်ပွဲတစ်ခု လုပ်တယ်။ အဲဒီပွဲမှာ အိမ်သာကနေပြီး မိသားစုတစ်စုစာ လျှပ်စစ်နဲ့ ဟိုက်ဒရိုဂျင်ထုတ်ပေးနိုင်တဲ့ ကာလီဖိုးနီးယား နည်းပညာတက္ကသိုလ်အသင်းရဲ့ အိမ်သာဒီဇိုင်း (ပုံ ၂) က အနိုင်ရသွားတယ်။ တခြားပြိုင်ပွဲဝင်အသင်းတွေရဲ့ ဒီဇိုင်းအမျိုးမျိုးမှာလဲ ရေသန့်နဲ့ ဓာတ်သတ္တုတွေ ထွက်တဲ့ အိမ်သာတွေကို တွေ့ခဲ့ရတယ်။ ကွန်ဒုန်း တီထွင်ပြိုင်ပွဲကိုလဲ လုပ်ခဲ့ပါသေးတယ်။ ဒီလို ဆန်းဆန်းပြားပြား နည်းပညာတွေကို တီထွင်ခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရဘူး။

လက်တွေ့မှာ မြင်တွေ့နေရတာကတော့ ဂိတ်စ်ဖောင်ဒေးရှင်းဟာ ဆေးကုမ္ပဏီကြီးတွေ၊ ဆေးသုတေသနလုပ်ငန်းတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတို့ကို အကြီးအကျယ် ငွေကြေးထောက်ပံ့ပေးနေတာပဲ။ သူထောက်ပံ့တဲ့ အဖွဲ့တွေ၊ ကုမ္ပဏီတွေမှာလဲ ဂိတ်စ်ဖောင်ဒေးရှင်းရဲ့ ကိုယ်စားလှယ်ရုံးခန်းတွေ ထားရှိပြီး သုတေသနလုပ်ငန်းတွေကို အနီးကပ် စောင့်ကြည့်တယ်။ သူ့ဆီကပိုက်ဆံရတဲ့ ကုမ္ပဏီနဲ့ သုတေသနအဖွဲ့တွေက အာဖရိကတိုက်နဲ့ အာရှတိုက်မှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံက ဆင်းရဲသားလူတန်းစားတွေကို ဆေးဝါးအသစ်တွေ၊ ကာကွယ်ဆေးအသစ်တွေ စမ်းသပ်ဖို့အတွက် သုံးတယ်။ ဒီလိုစမ်းသပ်မှုမျိုးလုပ်ဖို့ ကာယကံရှင်တွေရဲ့ သဘောတူညီချက်လိုပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း ရပ်ရွာလူကြီးက စည်းရုံးလို့ ဘာမှန်းသေချာမသိဘဲ အစမ်းသတ်ခံသူတွေလဲရှိတယ်။ ဆေးသောက်တာ၊ ထိုးတာ အဆင်မပြေတဲ့အခါကျတော့ တရားရုံးတွေ ရောက်၊ ပြဿနာတွေတက်ကြတယ်။

မကြာသေးခင်ကတော့ ဖောင်ဒေးရှင်းကနေ 'ဘီလ်နှင့် မလင်ဒါ ဂိတ်စ် ကျန်းမာရေးသုတေသန သိပ္ပံ' ဆိုပြီး ကျန်းမာရေးသုတေသန အဖွဲ့သစ်တစ်ခု ထပ်မံ တည်ထောင်လိုက်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးနယ်ပယ်မှာ ဘီလ် ဂိတ်စ်အနေနဲ့ ကြီးစိုးလွှမ်းမိုးဖို့ ကြိုးစားနေပြီလားလို့ ဝေဖန်သူတွေက သံသယရှိကြတယ်။ သူလျှောက်ထွင်ခိုင်းခဲ့တဲ့ နည်းပညာတွေကလဲ ဆင်းရဲတဲ့ လူ့အဖွဲ့အစည်းက လူမှုအခြေအနေတွေနဲ့ ဆီလျော်မှုမရှိဘူး။ အသုံးမဝင်ဘူးဆိုပြီး ထောက်ပြကြတယ်။

နည်းပညာဆိုလို့ ယေးလ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ မနုဿဗေဒပညာရှင် ဂျိမ်း စီ စကော့ ရေးထားတာလေးကိုလဲ သွားသတိရမိတယ်။ သိပ္ပံနဲ့နည်းပညာ အမျိုးမျိုး ဘယ်လိုပဲ တိုးတက်တယ်ဆိုစေ လူသားရဲ့ အရေးကြီးဆုံးတွေ့ရှိတဲ့ နည်းပညာကတော့ မီး ပါပဲ။ မီးကိုမွှေးပြီး ချက်ပြုတ် စားသောက်နိုင်လာတဲ့အချိန်ကစပြီး လူဟာ စားတဲ့ အစားအစာကနေ စွမ်းအင် ပိုထုတ်လုပ်နိုင်လာတယ်။ ဒါကြောင့် လူရဲ့အစာအိမ်ဟာကျုံ့သွားပြီး ဦးနှောက်က ပိုကြီးလာတယ်။ မီးဟာ ပတ်ဝန်းကျင်ကို ပိုမြင်လာအောင် အလင်းရောင်ပေးရုံသာမက သားကောင်တွေကို ရှင်းလင်း ခြောက်လှန့်လာနိုင်စေတယ်။ အာဖရိကတိုက် တောင်ပိုင်းက တချို့ဂူနံရံတွေရဲ့ ကျောက်လွှာအထပ်ထပ်မှာ ကျန်ခဲ့တဲ့ အရိုးစုတွေကို သုတေသီတွေ လေ့လာကြည့်တယ်။ မီးကို မတွေ့ရှိခင်အချိန်က ကျောက်လွှာတွေမှာ တခြားအသားစားသတ္တဝါတွေက စားထားတဲ့ လူရိုး အပိုင်းအစတွေကို တွေ့ရတယ်။ စားတဲ့အကောင်တွေရဲ့ အရိုးစုကတော့ အပြည့်တွေ့ရတယ်။ မီးကို အသုံးပြုတတ်ပြီးတဲ့ကာလမှာတော့ လူတွေရဲ့ အရိုးစုတွေက အပြည့်ရှိပြီး အသားစားသတ္တဝါတွေရဲ့ အရိုးကတော့ အကြွင်းအစလောက်ပဲ ကျန်တော့တယ်။ မီးမွှေးတဲ့နည်းပညာဟာ စားတာနဲ့ အစားခံရတာကို ခွဲခြားပေးလိုက်တာပါပဲ။

Wednesday, September 20, 2017

အပြည်ပြည်ဆိုင်ရာနိုင်ငံရေးမှာ ခေါင်းဆောင်တွေ ဘာကြောင့် လိမ်ကြသလဲ ဆိုတဲ့အကြောင်းကို ရှီကာဂိုတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ဂျွန် ဂျေ မီယာရှိင်းမားက လေ့လာထားတာရှိတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ လိမ်လည်ကြတဲ့ အကြောင်းအရာကိုတော့ လေ့လာထားတာ မတွေ့ရသလောက်ပဲ။ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေ၊ အခက်အခဲတွေကို လူသားချင်း စာနာပြီး ကရုဏာသက်တာကြောင့်လဲ ဖြစ်မယ်။ မိမိအိုးအိမ်နဲ့ နေရပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအပေါ် မယုံသင်္ကာစိတ်ဖြစ်ရမှာကိုတောင် နိုင်ငံရေးအရ မမှန်ကန်ဘူးလို့သော်လည်းကောင်း၊ ကျင့်ဝတ်သိက္ခာနဲ့ မညီဘူးလို့သော်လည်းကောင်း ယူဆကြလို့ဖြစ်တယ်။

ဒါပေမဲ့ အခုဖြစ်နေတဲ့ ရခိုင်အရေးမှာ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးသွားတဲ့ ဒုက္ခသည်တချို့ရဲ့ စွပ်စွဲချက်တွေကို သေသေချာချာ လေ့လာပြီး မေးခွန်းထုတ်စရာဖြစ်လာတယ်။ လူတွေကို သတ်ပြီး အပိုင်းပိုင်း ဖြတ်တယ်၊ ကလေးတွေကို မီးပုံထဲ ပစ်ချတယ်၊ အုပ်စုလိုက် မုဒိန်းကျင့်တယ်ဆိုပြီး ပြောနေတာတွေမှာ အမှန်တရား ဘယ်လောက်ပါမလဲ၊ ချဲ့ကားတာ သို့မဟုတ် မမှန်မကန် လီဆည်တာ ဘယ်လောက်ပါမလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး သူတို့ထင်တာကို လျှောက်ပြောတဲ့အထဲမှာ အမှားတွေ၊ ရှေ့နောက်မညီ အဆီအငေါ်မတည့်တာတွေ အများကြီးပဲ။

မီဒီယာနဲ့ ပညာရှင်အသိုင်းအဝိုင်းတချို့ကတော့ ဒါဟာ စာမတတ် ပေမတတ်၊ အဖိနှိပ်ခံ နင်းပြားတွေရဲ့ တော်လှန်မှု၊ အားနည်းသူတွေရဲ့ လက်နက်လို့ သုံးသပ်ကောင်း သုံးသပ်မယ်။ သို့သော် မျက်မှောက်ခေတ်ကမ္ဘာရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံကိုလဲ ထည့်စဉ်းစားဖို့ လိုလိမ့်မယ်။ ရိုဟင်ဂျာ/ဘင်္ဂါလီဒုက္ခသည်တွေဟာ သီးခြားတည်ရှိနေတဲ့ အစုအဖွဲ့တွေမဟုတ်ဘူး။ သူတို့ရဲ့ အမည်လက္ခဏာကို အချိန်ယူ တည်ဆောက်ပေးထားတဲ့၊ သူတို့ပြောဆိုလုပ်ကိုင်သမျှကို ဆပွားပေးမယ့် အင်အားကြီး နိုင်ငံတကာ အဖွဲ့အစည်း၊ အစိုးရ၊ လူပုဂ္ဂိုလ်နဲ့ မီဒီယာကုမ္ပဏီတွေရှိတယ်။ ဒါကြောင့် သူတို့ပြောတာ လုံးဝ အမှားတွေ ဖြစ်နေရင်တောင် နောက်ဆက်တွဲ ရိုက်ခတ်မှုတွေက လျှော့တွက်လို့မရအောင် ကြီးမားတယ်။ အကြောင်းအရာတစ်ခုအပေါ်မှာ အာရုံစူးစိုက်မှုကာလ အင်မတန်တိုတောင်းတဲ့ နိုင်ငံတကာမီဒီယာဟာ ရိုဟင်ဂျာအရေးမှာတော့ အခုအထိ အသံဆူလောင်လို့ ကောင်းဆဲပဲ။

တစ်နည်းပြောရရင် မြန်မာနိုင်ငံအတွက် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ဖိအားဟာ အောက်ခြေကရော အထက်ကပါ လာနေတာဖြစ်တယ်။ အောက်ခြေမှာ သိန်းနဲ့ချီတဲ့ လူဦးရေ ထွက်ပြေးရတယ်၊ အစာရေစာပြတ်လတ်နေပြီဆိုတာနဲ့တင် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဒုက္ခကြီးတစ်ခုကို လက်တွေ့မျက်တွေ့ ပုံဖော်ပြီး ဖြစ်နေတယ်။ အထက်က တက်ကြွလှုပ်ရှားသူတွေကတော့ ပြဿနာကို သူတို့လိုချင်တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေဘောင်တွေထဲ ဆွဲထည့်တာ၊ ဘာသာရေးလူမျိုးရေးလှုံ့ဆော်ပြီး ဆင်တူရာ အမည်လက္ခဏာအုပ်စုတွေကို ခေါ်သွင်းလှုံ့ဆော်တဲ့ နည်းလမ်းကို သုံးတယ်။ ဒီကြားထဲ အကြမ်းဖက်မှုကို ကျင့်သုံးတဲ့ နိုင်ငံတကာနဲ့ အချိတ်အဆက်ရှိတဲ့ စစ်သွေးကြွတွေကလဲ ရှိနေတယ်။
ရိုဟင်ဂျာ/ဘင်္ဂါလီတွေကို နိုင်ငံမဲ့တွေလို့ သရုပ်ဖော်လေ့ရှိတဲ့အတွက် ဥရောပသားတွေက တစ်ခါတစ်လေ သူတို့ဆီမှာရှိတဲ့ ရိုမာ/ဂျစ်ပဆီလူမျိုးတွေလိုမျိုး မြင်လေ့ရှိပါတယ်။ ဒါပေမဲ့ ရိုမာတွေဟာ နိုင်ငံတစ်ခုခုကို အချည်နှောင်မခံဘဲ နေကြတာဖြစ်တယ်။ ပြီးတော့ သူတို့ရဲ့ အမည်လက္ခဏာကို မရှက်မရွံ့ ဂုဏ်ယူလာကြဖို့၊ အခြေတကျနေထိုင် လုပ်ကိုင်စားသောက်ဖို့ တိုက်တွန်းကြရတာဖြစ်တယ်။ ရိုဟင်ဂျာဆိုသူတွေကတော့ သူတို့ဟာ နယ်မြေတစ်ခုမှာ နေထိုင် အသက်မွေးချင်တယ်။ ဒါ့အပြင် သူတို့နေတဲ့ နေရာဟာ သူတို့ရဲ့ ဘိုးဘွားဘီဘင်ပိုင်မြေဆိုတဲ့ တောင်းဆိုမှုမျိုးကိုလဲ လုပ်တယ်။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ဟာလဲ နိုင်ငံရေးနဲ့ လူမှုရေးရည်ရွယ်ချက်အတွက် ဖန်တီးတည်ဆောက်ခဲ့တဲ့ အရာသာဖြစ်တယ်။ သူတို့ဟာ ခေတ်သစ် အမျိုးသားနိုင်ငံသဘောတရားကနေ စွန့်ခွာ ထွက်ပြေးသူတွေ မဟုတ်ဘူး။ သူတို့လှုပ်ရှားမှုကို ဦးဆောင်သူတွေရဲ့ စဉ်းစားတွေးခေါ်ပုံဟာ နိုင်ငံအခြေပြု/နိုင်ငံဗဟိုပြု စဉ်းစားတွေးခေါ်မှုသာ ဖြစ်တယ်။

အမျိုးသားနိုင်ငံအားလုံးဟာ အနည်းနဲ့အများ သွေးထွက်သံယိုမှုတွေ၊ လိမ်ညာ လှည့်ဖြားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာအကြပ်ကိုင်မှုတွေနဲ့ တည်ဆောက်ခဲ့တာလို့ တချို့က ဆိုကြတယ်။ သို့တစေ နိုင်ငံတစ်နိုင်ငံက လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုမှုကို ခံလိုတဲ့၊ နိုင်ငံသားအဖြစ် တောင်းဆိုချင်သူများအတွက် အဲဒီနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားတွေနဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေဓလေ့ထုံးတမ်းတွေကိုတော့ လေးစားလိုက်နာကြောင်း ပြသဖို့ လိုလိမ့်မယ်။ အမုန်းတရားနဲ့ ကြောက်ရွံ့မှုမှာ အခြေတည်ထားတဲ့ လူမျိုးစုအချင်းချင်း ဆက်ဆံရေးသော်လည်းကောင်း၊ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းဆက်ဆံရေးသော်လည်းကောင်း ရေရှည်မှာ မကောင်းနိုင်ဘူး။

Wednesday, September 13, 2017

ရခိုင်အရေးကို ဒေါ်အောင်ဆန်းစုကြည် နောက်တစ်ပတ်မှ စကားထွက်ပြောမယ်ဆိုရင် နောက်တောင် နောက်ကျနေပြီ။ နိုင်ငံတော်အခြေပြ (State of the Union) မိန့်ခွန်းလို့ဆိုပြန်တော့ တခြားအကြောင်းအရာတွေပါ လုံးထွေး ပါလာဦးမလားလဲ မသေချာဘူး။

အခုအချိန်အထိ ဒေါ်စုရဲ့ အမှား တော်တော်များများဟာ လုပ်ခြင်းအမှား (errors of commission) ထက် မလုပ်ခြင်းအမှားတွေ (errors of omission) ဖြစ်ပါတယ်။ နိုင်ငံရေးသမားဟာ နိုင်ငံရေးအလုပ်လုပ်ရမယ်။ ပဋိပက္ခကြီး ဖြစ်လာတဲ့အခါမှာလဲ ကိုယ့်ရဲ့ နိုင်ငံရေးမူဘောင်ထဲ ဝင်လာအောင် ပုံဖော်ရ၊ စည်းရုံးရမယ်။
ရခိုင်အရေးမှာ ARSA နဲ့ တပ်ရဲ့ စစ်ရေး၊ လုံခြုံရေးအသွင် ဖော်ဆောင်မှုကို ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ စကားပြောပြီး နိုင်ငံရေး အမှုကိစ္စ လုပ်ခဲ့သင့်တယ်။

အဆုံးမတော့ သူ့ရဲ့ တိတ်ဆိတ်ခြင်းဟာ ရန်သူပြိုင်ဖက်များကို လက်နက်တပ်ဆင်ပေးလိုက်သလို ဖြစ်စေရုံသာမက မိတ်ဆွေများက ခုခံကာကွယ်ပေးဖို့လဲ ခက်ခဲစေတယ်။ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေရဲ့အာရုံကို လက်နက်ကိုင်တွေရဲ့ ကစားကွင်းဖြစ်တဲ့ လုံခြုံရေးနယ်ပယ်ထဲက ဆွဲမထုတ်နိုင်ဘဲ ဖြစ်သွားစေတယ်။

Tuesday, September 12, 2017

တွေးမိသမျှ နိုင်ငံရေးသိပ္ပံ ပညာရေး (political science education)

ECPR ညီလာခံမှာ "နိုင်ငံရေးသိပ္ပံ ပညာရေး အပြည်ပြည်ဆိုင်ရာဖြစ်လာခြင်း၏ အကျိုးဆက်များ" (The Consequences of the Internationalisation of Political
Science Education) ဆိုတဲ့ ခေါင်းစဉ်နဲ့လဲ အထူးဆွေးနွေးပွဲတစ်ခု ပါပါတယ်။ အဲဒီမှာ ဝင်ဆွေးနွေးသူတစ်ယောက်အဖြစ် ပါဝင်တဲ့ ဖင်လန်နိုင်ငံက ဆရာပြောတာက သူအလုပ်လုပ်တဲ့ တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံကို သီးခြားဋ္ဌာန ထားမပေးတော့ကြောင်း၊ နိုင်ငံရေးသိပ္ပံဆရာတွေဟာ မက်ခရိုဘောဂဗေဒ ဆန်းစစ်လေ့လာရေး (Macroeconomic Analysis) ဒါမှမဟုတ် လူမှုသုတေသန (Social Research) ဌာနတစ်ခုခုအောက် သွားနေရကြောင်း ပြောပါတယ်။ နောက်ပြီး နိုင်ငံရေးသိပ္ပံပညာဟာ တခြားဘာသာရပ်တွေနဲ့ နှိုင်းယှဉ်ရင် သက်တမ်းနုတဲ့ ဘာသာရပ်ဖြစ်တယ်။ ၁၉ ရာစုလောက်မှာမှ အမေရိကန်မှာ စတင် ပေါ်ပေါက်ခဲ့ပြီး ဥရောပမြောက်ပိုင်း စကင်ဒေနေးဗီးယားနိုင်ငံတွေမှာ ရောက်ရှိ ထွန်းကားခဲ့တယ်။ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ နိုင်ငံရေးသိပ္ပံပညာအပေါ်ထားတဲ့ သတ်မှတ်ချက် သဘောထားကလဲ အမေရိကန်၊ စကင်ဒေနေးဗီးယားနဲ့ မတူပြန်ဘူး။

ဒီဆရာ ပြောသွားတဲ့အတိုင်း ဗြိတိသျှပညာရှင်တွေက နိုင်ငံရေးသိပ္ပံကို နိုင်ငံရေးအတွေးအခေါ်သမိုင်းနဲ့ ခွဲပြီး လေ့လာနိုင်တယ်၊ လေ့လာသင့်တယ်လို့ မထင်ဘူး။ ပြင်သစ်အစဉ်အလာမှာလဲ နိုင်ငံရေးသိပ္ပံများ (political sciences) ဆိုပြီး ဗဟုဝုဒ်အသုံးကို သုံးစွဲခဲ့တယ်။ အခုခေတ် လူမှုသိပ္ပံများ (social sciences) လို့ သုံးသလိုမျိုးပဲ။ ပြင်သစ်ရဲ့ နိုင်ငံရေးလေ့လာမှုဟာ သမိုင်းဆိုင်ရာ လူမှုဗေဒ (historical sociology)၊ လူမှုမနုဿဗေဒ (social anthropology) နဲ့ ဥပဒေပညာ (law) တွေကို ဦးစားပေးတယ်။ အထူးသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (constitutional law) ရဲ့ လွှမ်းမိုးမှု အတော်များကြောင်း တွေ့ရတယ်။ ကျွန်တော် ပြင်သစ်မှာ နေခဲ့တဲ့ တက္ကသိုလ်အဆောင်က လေ့လာရေးအဖွဲ့တွေမှာတောင် ဥပဒေ နဲ့ နိုင်ငံရေးသိပ္ပံကို တစ်ဖွဲ့ထဲ အတူတူထားပြီး Law and Political Sciences Study Group လို့ ခေါ်တယ်။
ဒါပေမဲ့ ကမ္ဘာမှာ လွှမ်းမိုးထားတာကတော့ အမေရိကန်ပုံစံ နိုင်ငံရေးသိပ္ပံပညာ ဖြစ်ပါတယ်။ ဒီပုံစံမှာ လွယ်လွယ်ပြောရရင် စာရင်းအင်း ခွဲခြမ်းစိပ်ဖြာမှုတွေ (statistical analysis)၊ ဆင်ခြင်နည်းကျရွေးချယ်မှုသီအိုရီတွေ (rational choice theories)၊ သင်္ချာတွက်ပုံသေနည်းထုတ်တာတွေ (formal modeling) အများကြီး ပါတယ်။ ကျွန်တော့်ဆရာတစ်ယောက်ပြောတဲ့ စကားအရဆိုရင်တော့ counting ပေါ့။ ဒီလိုနည်းနဲ့ နိုင်ငံရေးကို လေ့လာရင် ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းမှလဲ ကိုယ်တိုင်ရောက်ဖူးဖို့ မလိုဘူး။ စာရင်းလုပ်လို့ရမယ့် ကိန်းဂဏန်း (data set) ကောင်းကောင်း ရှိဖို့ပဲလိုတယ်။ နောက်တစ်ချက် ပညာရှင်အချင်းချင်းကြား ကဲ့ရဲ့လွတ်အောင် နည်းနာ (method) မှန်ဖို့လိုတယ်။ သချာင်္တွက်တဲ့ နိုင်ငံရေးသိပ္ပံပညာရှင်များအတွက် လူမှုဖြစ်စဉ်တွေရဲ့ ကြောင်းကျိုးဆက်စပ်မှု (causal relations) ကို ရှာဖို့က အဓိကဖြစ်တယ်။အော်စလိုတက္ကသိုလ်၊ နိုင်ငံရေးဌာနမှာလဲ စာရင်းကြည့် သချာင်္တွက်တဲ့ဆရာက ၉၀% လောက်ရှိတယ်။ အမေရိကန်က နာမည်ကျော်တက္ကသိုလ်တွေရဲ့ နိုင်ငံရေးသိပ္ပံဌာနတွေမှာလဲ အလားတူပဲ။ သချာင်္တွက်တဲ့ နိုင်ငံရေးသိပ္ပံပညာရှင်က အနည်းဆုံး ၆၀%-၇၀% တော့ ရှိလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသိပ္ပံပညာအကြောင်း ပြန်သုံးသပ်ကြည့်ရင် လူမှုရေးသိပ္ပံတွေအတွက် နေရာရှိရဲ့လားက စရမယ်။ အနောက်နိုင်ငံတွေမှာ လူမှုရေးသိပ္ပံခေါင်းစဉ်အောက် ထည့်ကြတဲ့ ဘောဂဗေဒ (economics) ဟာ မြန်မာပြည်မှာ သီးသန့်တက္ကသိုလ်တစ်ခု ဖြစ်တယ်။ ပြည်သူ့ရေးရာမူဝါဒ (public policy) တို့၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးပညာ (public administration) တို့ကိုလဲ မဟာဘွဲ့သင်တန်းတွေ ဖွင့်ထားတယ်။ တခြားတစ်ဖက်က ကြည့်ပြန်တော့ အခု နိုင်ငံရေးသိပ္ပံကို သင်နေတဲ့ နိုင်ငံတကာဆက်ဆံရေးဌာနတွေဟာ ဝိဇ္ဇာဘာသာတွဲအောက် ဝင်နေတယ်။ မနုဿဗေဒနဲ့ ပထဝီဝင်လဲ ထိုနည်းတူပဲ။ လူမှုဗေဒဘာသာရပ်ရယ်လို့ သီးခြား ပြန်သင်လာရင်လဲ ဝိဇ္ဇာအောက် ထည့်ဦးမှာပဲ။ အော်စလိုတက္ကသိုလ်မှာ မနုဿဗေဒနဲ့ မနုဿပထဝီဝင် (human geography) ကို လူမှုသိပ္ပံများအဖြစ် သတ်မှတ်ပါတယ်။ သမိုင်း (history)၊ ဘာသာစကား (languages) နဲ့ ဒေသိယလေ့လာရေး (area studies) တွေကိုတော့ Faculty of Humanities ထဲ နေရာပေးပါတယ်။ ကျွန်တော်ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ လူမှုသိပ္ပံများဆိုတဲ့ ပညာရပ်အတွဲတစ်ခုလုံး မထင်မရှား ဖြစ်နေရတဲ့အခြေအနေပါ။
နိုင်ငံရေးသိပ္ပံပညာကို မျိုးဆက်သစ် လူငယ် ကျောင်းသားတွေ သင်ယူချင်စိတ်လဲ အများကြီးရှိတာတွေ့ရပါတယ်။ လက်ရှိ သင်ရိုးတွေကလဲ စာကျက်လို့ရဖို့ စာဖတ်သင်နေရတဲ့ အတော် သာမန်အဆင့်ပဲရှိပါတယ်။ ဒီကြားထဲ သမိုင်းဌာနနဲ့ နိုင်ငံတကာဆက်ဆံရေးဌာနတို့ ဘာသာရပ်သင်ရိုးတချို့အပေါ် အငြင်းပွားကြ၊ လုကြတာတွေ ကြားရပါတယ်။ ဥပမာ၊ နိုင်ငံရေးအတွေးအခေါ်သမိုင်း ဆိုရင် သမိုင်းဆရာတွေကလဲ သမိုင်းမို့ ဆက်သင်ချင်တယ်။ နိုင်ငံတကာဆက်ဆံရေးဆရာတွေကလဲ နိုင်ငံရေးဖြစ်လို့ ယူသင်ချင်တယ်။ အတွေးအခေါ်ပဲဆိုပြီး ဒဿနိကဗေဒ (philosophy) ဌာနက မတောင်းလို့ တော်သေးတယ်။

ဘယ်သူပဲ သင်သင် နိုင်ငံရေးသိပ္ပံ ပီပီပြင်ပြင်ဖြစ်အောင်တော့ လုပ်ဖို့ အရေးကြီးတယ်။ သချာင်္မတွက်ခိုင်းချင်ရင်တောင် အနည်းဆုံးတော့ အထောက်အထား အခြေပြုတဲ့ သုတေသန (evidence-based research)၊ ကြောင်းကျိုး ယန္တရား (causal mechanisms) ရှာတဲ့ လေ့လာမှုမျိုးလောက်တော့ ဖြစ်လာဖို့၊ ဝေဖန်ဆန်းစစ်မှု (critical thinking) ရှိတဲ့ စောဒနာတွေ ထုတ်နိုင်လာအောင် လေ့ကျင့် သင်ကြားပေးဖို့လိုတယ်။ ဇာတ်ကြောင်းကို အဖြောင့်ကြီးပြော၊ အသေးစိတ်အချက်တွေ ပြွတ်သိပ်ထည့်၊ ပြီးတော့ ဘာကြောင်းကျိုးသုံးသပ်မှုမျိုးမှ မပါတဲ့ လေ့လာမှုမျိုးတွေနဲ့ကတော့ ပညာရပ်လဲ သိပ်ကြာကြာခံမှာ မဟုတ်ဘူး။ "တို့အရပ်မှာတော့ ဒီလိုဇာတ်ပဲ ကတယ်"ဆိုပြီး အတ္တနောမတိဘက် သိပ်လိုက်သွားရင်လဲ နိုင်ငံရေးသိပ္ပံဆိုပြီး နတ်ပွဲတွေ၊ အသုဘတွေ၊ ပူးပေါင်းကြံစည်မှုတွေ (conspiracies) ကို လေ့လာတဲ့ မနုဿဗေဒဆန်ဆန် ဖြစ်သွားမှာပဲ။ မနုဿဗေဒဆိုရင်တောင် ကိုယ်ပြောချင်တာကို ယုံအောင်ပြောနိုင်ဖို့ အရည်အချင်း လိုသေးတယ်။ ဒါကြောင့် အော်စလိုတက္ကသိုလ်မှာ မနုဿဗေဒကျောင်းသားတွေကိုလဲ လူမှုသိပ္ပံဆိုင်ရာ ဒဿနိကဗေဒ (philosophy of social science) တက်ခိုင်းတယ်။

Monday, September 11, 2017

ဥရောပတိုက်မှာ နိုင်ငံရေးသိပ္ပံပညာရှင်တွေ အများဆုံး ဆုံတွေ့ကြတဲ့ပွဲလို့ဆိုတဲ့ European Consortium for Political Research (ECPR) ရဲ့ လေးရက်ကြာ ညီလာခံကို တက်ဖြစ်လိုက်ပါတယ်။ နိုင်ငံရေးသုတေသန အကြောင်းအရာအလိုက် ကဏ္ဍ (section) အမျိုးမျိုး၊ စာတမ်းဖတ်ပွဲ (panel) အထွေထွေရှိတဲ့အထဲကမှ ရွေးပြီးတက်ဖြစ်ခဲ့တာက အာဏာရှင်စနစ်နဲ့ အကြမ်းဖက်မှုခေါင်းစဉ်တွေ အများဆုံးပဲ။ နိုင်ငံတစ်ခုထဲကို လေ့လာတဲ့ စာတမ်းဖတ်ပွဲတွေထဲမှာ တူရကီနိုင်ငံအကြောင်း ပွဲအားလုံးနီးပါး တက်ခဲ့တယ်။

ပညာရပ်ဆိုင်ရာညီလာခံဖြစ်တဲ့အတွက် အကြောင်းခြင်းရာတစ်ခုထဲကိုပဲ ရှုထောင့်မျိုးစုံ၊ သုံးသပ်ဆန်းစစ်ချက်မျိုးစုံက ချဉ်းကပ်ကြတာကို တွေ့ရတယ်။ ဥရောပနိုင်ငံတွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး (counter-terrorism) လုပ်ဆောင်တဲ့အခါ အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို အန္တရာယ်ရှိနိုင်တယ်လို့ ယူဆရင် သေချာ စစ်ဆေးမေးမြန်းမှုမလုပ်ဘဲ နေရာမှာတင် ပွဲချင်းပြီး ပစ်သတ်တဲ့ အမှုအရေအတွက်တွေ များလာတယ်လို့ဆိုတယ်။ အဲဒီလို ပစ်သတ်ခံရသူအများစုဟာလဲ ဥရောပနိုင်ငံသားတွေ ဖြစ်တယ်။ ဒါ့အပြင် ဗြိတိန်လို နိုင်ငံမျိုးမှာ လူမှုရေးလုပ်သားတွေ၊ ဆရာဆရာမတွေအနေနဲ့ အကြမ်းဖက်မှုလုပ်ဆောင်မယ်လို့ သူတို့သံသယရှိတဲ့ အစွန်းရောက်သမားတွေကို သတင်းပို့ဖို့ တာဝန်ရှိတယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားတယ်။ ပြင်သစ်မှာဆိုလဲ အစွန်းရောက်လာခြင်း (radicalization) ဆိုတဲ့ အသုံးအနှုန်းကို ၂၀၀၅ လောက်မှာ မူဝါဒအသုံးကျမှုအတွက် စတင်သုံးစွဲတယ်။ အစွန်းရောက်မှုတိုက်ဖျက်ရေး (de-radicalization) လုပ်ဖို့အတွက် အရင်က သီးခြားစီ လှုပ်ရှားခဲ့တဲ့ စုံစမ်း ထောက်လှမ်းရေးရုံးနှစ်ခုကို အတူတူပေါင်းလုပ်ခိုင်းတယ်။ အစွန်းရောက်အများစု ပေါက်ဖွားရာဖြစ်တဲ့ ပြင်သစ်မြို့ကြီးတွေရဲ့ ဆင်ခြေဖုံးတွေမှာ သတင်းပေးတွေ ချထားတယ်။

အစိုးရတွေဟာ အကြမ်းဖက်သမားဆိုရင် မူအားဖြင့် မညှိဘူး။ စာရင်းအင်းသုံးသပ်ချက်နဲ့ တင်သွင်းတဲ့ စာတမ်းတစ်စောင်ရဲ့ တွေ့ရှိချက်အရ အကြမ်းဖက်မှုတွေ တိုးလုပ်လာတဲ့အတွက် အစိုးရက ညှိနှိုင်းဖို့ ပိုကမ်းလှမ်းတာမျိုး မရှိဘူး။ အားနည်းတဲ့ အကြမ်းဖက်အဖွဲ့မျိုးတွေ ဆိုရင်တော့ ညှိနှိုင်းမယ့် အခွင့်အရေး ပိုပြီး ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုတယ်။ အကြမ်းဖက်ဝါဒ (terrorism) သုတေသနအတွက် သုံးတဲ့ ကိန်းဂဏန်းစာရင်းတွေ (data set) နဲ့ လက်နက်ကိုင်ပဋိပက္ခ (armed conflicts) မှာ သုံးရတဲ့ ကိန်းဂဏန်းစာရင်းတွေကလဲ သီးသန့်စီဖြစ်နေတယ်။ ဒီနှစ်မျိုးကို ပေါင်းလုပ်ထားတဲ့ စာရင်းမျိုး မရှိသေးဘူး။ အကြမ်းဖက်မှုအတွက် လိုအပ်တဲ့စာရင်းကို Global Terrorism Database က ရနိုင်တယ်။ အစိုးရတွေက အကြမ်းဖက်အဖွဲ့တွေနဲ့ မညှိဘူးဆိုပေမယ့် လက်တွေ့မှာ လက်ဝေခံတွေ (proxy) သုံးပြီး အချင်းချင်း ပြန်တိုက်ခိုင်းတာ၊ လုပ်ကြံခိုင်းတာ၊ ဖျက်ခိုင်းတာတွေ ရှိတယ်။ အကြမ်းဖက်အဖွဲ့တွေကလဲ အပြင်ပန်းမှာ တင်းမာပြပေမယ့် ရေရှည်မှာ သူတို့ ဘယ်လိုမှ မနိုင်နိုင်မှန်းသဘောပေါက်လို့ ဗျူဟာ (strategic action) အရ ညှိနှိုင်းဖို့ လမ်းကြောင်းရှာတယ်။ ဒီလိုမျိုးတင်ပြတဲ့ စာတမ်းလဲ နှစ်စောင်လောက် ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုတာ လူမျိုးရေးခွဲခြားမှု (racism) ပဲ မဟုတ်ဘူးလားလို့ စာတမ်းဖတ်ပွဲမှာ မေးကြတာလဲရှိတယ်။ လက်ရှိ ဥရောပထောင်တွေထဲမှာ မူစလင်အကျဉ်းသားက အများစုဖြစ်နေတယ်။ ဥပမာ၊ ဘယ်ဂျီယမ်မှာ ၆၅% လောက်ရှိတယ်၊ ပြင်သစ်မှာ ဒီထက်တောင် ပိုများတယ်လို့ဆိုပါတယ်။ စာတမ်းဖတ်သူတွေက ပြန်ဖြေရာမှာ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ မီဒီယာက ရေးသား ဖော်ပြချက်တွေကြောင့် လူမျိုးရေးခွဲခြားခံရတယ်ဆိုတဲ့ ခံစားချက်မြင့်တက်လာတာ ပိုများတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေ သူတို့ဝန်းကျင်မှာ နိစ္စဓူဝ လုပ်ဆောင်နေပေမယ့် သာမန်ပြည်သူက ခွဲခြားတယ်မယူဆဘဲ အမှုမဲ့အမှတ်မဲ့ပဲ ရှိကြတယ်လို့ ဆိုတယ်။

အစွန်းရောက်မှုတိုက်ဖျက်ရေး (de-radicalization) လို့ ပြောလိုက်ရင် အနောက်နိုင်ငံ (အထူးသဖြင့် ဥရောပ) အစိုးရတွေက စာသင်ကျောင်း၊ အလုပ်ခွင်၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကတစ်ဆင့် ငွေကြေးအထောက်အပံ့တွေသုံးပြီး အစွန်းရောက်သူတွေကို လိမ္မာပြုပြင်လာအောင် သိမ်းသွင်းတဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်လျက်ရှိကြောင်း ဝေဝေဆာဆာ ဖော်ပြ ကြေညာလေ့ရှိပါတယ်။ တစ်ပြိုင်ထဲမှာပဲ နိုင်ငံသားအခွင့်အရေးတွေကို စမ်းသပ် စိန်ခေါ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆောင်ရွက်ချက်တွေကို သူတို့ကိုယ်တိုင်က လုပ်ဆောင်နေတာတွေ ရှိတာကို ထုတ်ပြောလေ့မရှိဘူး။ သူတို့ပညာရှင်တွေကလဲ ခပ်ကုပ်ကုပ်နဲ့ စောင့်ကြည့် သုတေသနလုပ်နေတာပဲ။ သူတို့ အခု စမ်းသပ် လုပ်ကိုင်နေသမျှဟာ အလုပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ နောင်တစ်ချိန်ကျရင် တိုးတက်ဖွံ့ဖြိုးဖို့ ရုန်းကန်နေဆဲ နိုင်ငံလေးတွေအပေါ် ဒီအကျင့်တွေနဲ့ပဲ ဆရာလုပ်ဖို့ မြားဦးလှည့်လာဦးမှာ ဖြစ်ပါတယ်။