ဥရောပတိုက်မှာ
နိုင်ငံရေးသိပ္ပံပညာရှင်တွေ အများဆုံး ဆုံတွေ့ကြတဲ့ပွဲလို့ဆိုတဲ့ European
Consortium for Political Research (ECPR) ရဲ့ လေးရက်ကြာ ညီလာခံကို
တက်ဖြစ်လိုက်ပါတယ်။ နိုင်ငံရေးသုတေသန အကြောင်းအရာအလိုက် ကဏ္ဍ (section)
အမျိုးမျိုး၊ စာတမ်းဖတ်ပွဲ (panel) အထွေထွေရှိတဲ့အထဲကမှ
ရွေးပြီးတက်ဖြစ်ခဲ့တာက အာဏာရှင်စနစ်နဲ့ အကြမ်းဖက်မှုခေါင်းစဉ်တွေ
အများဆုံးပဲ။ နိုင်ငံတစ်ခုထဲကို လေ့လာတဲ့ စာတမ်းဖတ်ပွဲတွေထဲမှာ
တူရကီနိုင်ငံအကြောင်း ပွဲအားလုံးနီးပါး တက်ခဲ့တယ်။
ပညာရပ်ဆိုင်ရာညီလာခံဖြစ်တဲ့အတွက် အကြောင်းခြင်းရာတစ်ခုထဲကိုပဲ ရှုထောင့်မျိုးစုံ၊ သုံးသပ်ဆန်းစစ်ချက်မျိုးစုံက ချဉ်းကပ်ကြတာကို တွေ့ရတယ်။ ဥရောပနိုင်ငံတွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး (counter-terrorism) လုပ်ဆောင်တဲ့အခါ အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို အန္တရာယ်ရှိနိုင်တယ်လို့ ယူဆရင် သေချာ စစ်ဆေးမေးမြန်းမှုမလုပ်ဘဲ နေရာမှာတင် ပွဲချင်းပြီး ပစ်သတ်တဲ့ အမှုအရေအတွက်တွေ များလာတယ်လို့ဆိုတယ်။ အဲဒီလို ပစ်သတ်ခံရသူအများစုဟာလဲ ဥရောပနိုင်ငံသားတွေ ဖြစ်တယ်။ ဒါ့အပြင် ဗြိတိန်လို နိုင်ငံမျိုးမှာ လူမှုရေးလုပ်သားတွေ၊ ဆရာဆရာမတွေအနေနဲ့ အကြမ်းဖက်မှုလုပ်ဆောင်မယ်လို့ သူတို့သံသယရှိတဲ့ အစွန်းရောက်သမားတွေကို သတင်းပို့ဖို့ တာဝန်ရှိတယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားတယ်။ ပြင်သစ်မှာဆိုလဲ အစွန်းရောက်လာခြင်း (radicalization) ဆိုတဲ့ အသုံးအနှုန်းကို ၂၀၀၅ လောက်မှာ မူဝါဒအသုံးကျမှုအတွက် စတင်သုံးစွဲတယ်။ အစွန်းရောက်မှုတိုက်ဖျက်ရေး (de-radicalization) လုပ်ဖို့အတွက် အရင်က သီးခြားစီ လှုပ်ရှားခဲ့တဲ့ စုံစမ်း ထောက်လှမ်းရေးရုံးနှစ်ခုကို အတူတူပေါင်းလုပ်ခိုင်းတယ်။ အစွန်းရောက်အများစု ပေါက်ဖွားရာဖြစ်တဲ့ ပြင်သစ်မြို့ကြီးတွေရဲ့ ဆင်ခြေဖုံးတွေမှာ သတင်းပေးတွေ ချထားတယ်။
အစိုးရတွေဟာ အကြမ်းဖက်သမားဆိုရင် မူအားဖြင့် မညှိဘူး။ စာရင်းအင်းသုံးသပ်ချက်နဲ့ တင်သွင်းတဲ့ စာတမ်းတစ်စောင်ရဲ့ တွေ့ရှိချက်အရ အကြမ်းဖက်မှုတွေ တိုးလုပ်လာတဲ့အတွက် အစိုးရက ညှိနှိုင်းဖို့ ပိုကမ်းလှမ်းတာမျိုး မရှိဘူး။ အားနည်းတဲ့ အကြမ်းဖက်အဖွဲ့မျိုးတွေ ဆိုရင်တော့ ညှိနှိုင်းမယ့် အခွင့်အရေး ပိုပြီး ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုတယ်။ အကြမ်းဖက်ဝါဒ (terrorism) သုတေသနအတွက် သုံးတဲ့ ကိန်းဂဏန်းစာရင်းတွေ (data set) နဲ့ လက်နက်ကိုင်ပဋိပက္ခ (armed conflicts) မှာ သုံးရတဲ့ ကိန်းဂဏန်းစာရင်းတွေကလဲ သီးသန့်စီဖြစ်နေတယ်။ ဒီနှစ်မျိုးကို ပေါင်းလုပ်ထားတဲ့ စာရင်းမျိုး မရှိသေးဘူး။ အကြမ်းဖက်မှုအတွက် လိုအပ်တဲ့စာရင်းကို Global Terrorism Database က ရနိုင်တယ်။ အစိုးရတွေက အကြမ်းဖက်အဖွဲ့တွေနဲ့ မညှိဘူးဆိုပေမယ့် လက်တွေ့မှာ လက်ဝေခံတွေ (proxy) သုံးပြီး အချင်းချင်း ပြန်တိုက်ခိုင်းတာ၊ လုပ်ကြံခိုင်းတာ၊ ဖျက်ခိုင်းတာတွေ ရှိတယ်။ အကြမ်းဖက်အဖွဲ့တွေကလဲ အပြင်ပန်းမှာ တင်းမာပြပေမယ့် ရေရှည်မှာ သူတို့ ဘယ်လိုမှ မနိုင်နိုင်မှန်းသဘောပေါက်လို့ ဗျူဟာ (strategic action) အရ ညှိနှိုင်းဖို့ လမ်းကြောင်းရှာတယ်။ ဒီလိုမျိုးတင်ပြတဲ့ စာတမ်းလဲ နှစ်စောင်လောက် ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုတာ လူမျိုးရေးခွဲခြားမှု (racism) ပဲ မဟုတ်ဘူးလားလို့ စာတမ်းဖတ်ပွဲမှာ မေးကြတာလဲရှိတယ်။ လက်ရှိ ဥရောပထောင်တွေထဲမှာ မူစလင်အကျဉ်းသားက အများစုဖြစ်နေတယ်။ ဥပမာ၊ ဘယ်ဂျီယမ်မှာ ၆၅% လောက်ရှိတယ်၊ ပြင်သစ်မှာ ဒီထက်တောင် ပိုများတယ်လို့ဆိုပါတယ်။ စာတမ်းဖတ်သူတွေက ပြန်ဖြေရာမှာ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ မီဒီယာက ရေးသား ဖော်ပြချက်တွေကြောင့် လူမျိုးရေးခွဲခြားခံရတယ်ဆိုတဲ့ ခံစားချက်မြင့်တက်လာတာ ပိုများတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေ သူတို့ဝန်းကျင်မှာ နိစ္စဓူဝ လုပ်ဆောင်နေပေမယ့် သာမန်ပြည်သူက ခွဲခြားတယ်မယူဆဘဲ အမှုမဲ့အမှတ်မဲ့ပဲ ရှိကြတယ်လို့ ဆိုတယ်။
အစွန်းရောက်မှုတိုက်ဖျက်ရေး (de-radicalization) လို့ ပြောလိုက်ရင် အနောက်နိုင်ငံ (အထူးသဖြင့် ဥရောပ) အစိုးရတွေက စာသင်ကျောင်း၊ အလုပ်ခွင်၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကတစ်ဆင့် ငွေကြေးအထောက်အပံ့တွေသုံးပြီး အစွန်းရောက်သူတွေကို လိမ္မာပြုပြင်လာအောင် သိမ်းသွင်းတဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်လျက်ရှိကြောင်း ဝေဝေဆာဆာ ဖော်ပြ ကြေညာလေ့ရှိပါတယ်။ တစ်ပြိုင်ထဲမှာပဲ နိုင်ငံသားအခွင့်အရေးတွေကို စမ်းသပ် စိန်ခေါ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆောင်ရွက်ချက်တွေကို သူတို့ကိုယ်တိုင်က လုပ်ဆောင်နေတာတွေ ရှိတာကို ထုတ်ပြောလေ့မရှိဘူး။ သူတို့ပညာရှင်တွေကလဲ ခပ်ကုပ်ကုပ်နဲ့ စောင့်ကြည့် သုတေသနလုပ်နေတာပဲ။ သူတို့ အခု စမ်းသပ် လုပ်ကိုင်နေသမျှဟာ အလုပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ နောင်တစ်ချိန်ကျရင် တိုးတက်ဖွံ့ဖြိုးဖို့ ရုန်းကန်နေဆဲ နိုင်ငံလေးတွေအပေါ် ဒီအကျင့်တွေနဲ့ပဲ ဆရာလုပ်ဖို့ မြားဦးလှည့်လာဦးမှာ ဖြစ်ပါတယ်။

No comments:
Post a Comment