အပြည်ပြည်ဆိုင်ရာနိုင်ငံရေးမှာ
ခေါင်းဆောင်တွေ ဘာကြောင့် လိမ်ကြသလဲ ဆိုတဲ့အကြောင်းကို ရှီကာဂိုတက္ကသိုလ်က
နိုင်ငံရေးသိပ္ပံပါမောက္ခ ဂျွန် ဂျေ မီယာရှိင်းမားက လေ့လာထားတာရှိတယ်။
ဒါပေမဲ့ ဒုက္ခသည်တွေ လိမ်လည်ကြတဲ့ အကြောင်းအရာကိုတော့ လေ့လာထားတာ
မတွေ့ရသလောက်ပဲ။ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေ၊ အခက်အခဲတွေကို လူသားချင်း
စာနာပြီး ကရုဏာသက်တာကြောင့်လဲ ဖြစ်မယ်။ မိမိအိုးအိမ်နဲ့ နေရပ်ကို
ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအပေါ် မယုံသင်္ကာစိတ်ဖြစ်ရမှာကိုတောင် နိုင်ငံရေးအရ
မမှန်ကန်ဘူးလို့သော်လည်းကောင်း၊ ကျင့်ဝတ်သိက္ခာနဲ့ မညီဘူးလို့သော်လည်းကောင်း
ယူဆကြလို့ဖြစ်တယ်။
ဒါပေမဲ့ အခုဖြစ်နေတဲ့ ရခိုင်အရေးမှာ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးသွားတဲ့ ဒုက္ခသည်တချို့ရဲ့ စွပ်စွဲချက်တွေကို သေသေချာချာ လေ့လာပြီး မေးခွန်းထုတ်စရာဖြစ်လာတယ်။ လူတွေကို သတ်ပြီး အပိုင်းပိုင်း ဖြတ်တယ်၊ ကလေးတွေကို မီးပုံထဲ ပစ်ချတယ်၊ အုပ်စုလိုက် မုဒိန်းကျင့်တယ်ဆိုပြီး ပြောနေတာတွေမှာ အမှန်တရား ဘယ်လောက်ပါမလဲ၊ ချဲ့ကားတာ သို့မဟုတ် မမှန်မကန် လီဆည်တာ ဘယ်လောက်ပါမလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး သူတို့ထင်တာကို လျှောက်ပြောတဲ့အထဲမှာ အမှားတွေ၊ ရှေ့နောက်မညီ အဆီအငေါ်မတည့်တာတွေ အများကြီးပဲ။
မီဒီယာနဲ့ ပညာရှင်အသိုင်းအဝိုင်းတချို့ကတော့ ဒါဟာ စာမတတ် ပေမတတ်၊ အဖိနှိပ်ခံ နင်းပြားတွေရဲ့ တော်လှန်မှု၊ အားနည်းသူတွေရဲ့ လက်နက်လို့ သုံးသပ်ကောင်း သုံးသပ်မယ်။ သို့သော် မျက်မှောက်ခေတ်ကမ္ဘာရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံကိုလဲ ထည့်စဉ်းစားဖို့ လိုလိမ့်မယ်။ ရိုဟင်ဂျာ/ဘင်္ဂါလီဒုက္ခသည်တွေဟာ သီးခြားတည်ရှိနေတဲ့ အစုအဖွဲ့တွေမဟုတ်ဘူး။ သူတို့ရဲ့ အမည်လက္ခဏာကို အချိန်ယူ တည်ဆောက်ပေးထားတဲ့၊ သူတို့ပြောဆိုလုပ်ကိုင်သမျှကို ဆပွားပေးမယ့် အင်အားကြီး နိုင်ငံတကာ အဖွဲ့အစည်း၊ အစိုးရ၊ လူပုဂ္ဂိုလ်နဲ့ မီဒီယာကုမ္ပဏီတွေရှိတယ်။ ဒါကြောင့် သူတို့ပြောတာ လုံးဝ အမှားတွေ ဖြစ်နေရင်တောင် နောက်ဆက်တွဲ ရိုက်ခတ်မှုတွေက လျှော့တွက်လို့မရအောင် ကြီးမားတယ်။ အကြောင်းအရာတစ်ခုအပေါ်မှာ အာရုံစူးစိုက်မှုကာလ အင်မတန်တိုတောင်းတဲ့ နိုင်ငံတကာမီဒီယာဟာ ရိုဟင်ဂျာအရေးမှာတော့ အခုအထိ အသံဆူလောင်လို့ ကောင်းဆဲပဲ။
တစ်နည်းပြောရရင် မြန်မာနိုင်ငံအတွက် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ဖိအားဟာ အောက်ခြေကရော အထက်ကပါ လာနေတာဖြစ်တယ်။ အောက်ခြေမှာ သိန်းနဲ့ချီတဲ့ လူဦးရေ ထွက်ပြေးရတယ်၊ အစာရေစာပြတ်လတ်နေပြီဆိုတာနဲ့တင် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဒုက္ခကြီးတစ်ခုကို လက်တွေ့မျက်တွေ့ ပုံဖော်ပြီး ဖြစ်နေတယ်။ အထက်က တက်ကြွလှုပ်ရှားသူတွေကတော့ ပြဿနာကို သူတို့လိုချင်တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေဘောင်တွေထဲ ဆွဲထည့်တာ၊ ဘာသာရေးလူမျိုးရေးလှုံ့ဆော်ပြီး ဆင်တူရာ အမည်လက္ခဏာအုပ်စုတွေကို ခေါ်သွင်းလှုံ့ဆော်တဲ့ နည်းလမ်းကို သုံးတယ်။ ဒီကြားထဲ အကြမ်းဖက်မှုကို ကျင့်သုံးတဲ့ နိုင်ငံတကာနဲ့ အချိတ်အဆက်ရှိတဲ့ စစ်သွေးကြွတွေကလဲ ရှိနေတယ်။
ရိုဟင်ဂျာ/ဘင်္ဂါလီတွေကို နိုင်ငံမဲ့တွေလို့ သရုပ်ဖော်လေ့ရှိတဲ့အတွက် ဥရောပသားတွေက တစ်ခါတစ်လေ သူတို့ဆီမှာရှိတဲ့ ရိုမာ/ဂျစ်ပဆီလူမျိုးတွေလိုမျိုး မြင်လေ့ရှိပါတယ်။ ဒါပေမဲ့ ရိုမာတွေဟာ နိုင်ငံတစ်ခုခုကို အချည်နှောင်မခံဘဲ နေကြတာဖြစ်တယ်။ ပြီးတော့ သူတို့ရဲ့ အမည်လက္ခဏာကို မရှက်မရွံ့ ဂုဏ်ယူလာကြဖို့၊ အခြေတကျနေထိုင် လုပ်ကိုင်စားသောက်ဖို့ တိုက်တွန်းကြရတာဖြစ်တယ်။ ရိုဟင်ဂျာဆိုသူတွေကတော့ သူတို့ဟာ နယ်မြေတစ်ခုမှာ နေထိုင် အသက်မွေးချင်တယ်။ ဒါ့အပြင် သူတို့နေတဲ့ နေရာဟာ သူတို့ရဲ့ ဘိုးဘွားဘီဘင်ပိုင်မြေဆိုတဲ့ တောင်းဆိုမှုမျိုးကိုလဲ လုပ်တယ်။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ဟာလဲ နိုင်ငံရေးနဲ့ လူမှုရေးရည်ရွယ်ချက်အတွက် ဖန်တီးတည်ဆောက်ခဲ့တဲ့ အရာသာဖြစ်တယ်။ သူတို့ဟာ ခေတ်သစ် အမျိုးသားနိုင်ငံသဘောတရားကနေ စွန့်ခွာ ထွက်ပြေးသူတွေ မဟုတ်ဘူး။ သူတို့လှုပ်ရှားမှုကို ဦးဆောင်သူတွေရဲ့ စဉ်းစားတွေးခေါ်ပုံဟာ နိုင်ငံအခြေပြု/နိုင်ငံဗဟိုပြု စဉ်းစားတွေးခေါ်မှုသာ ဖြစ်တယ်။
အမျိုးသားနိုင်ငံအားလုံးဟာ အနည်းနဲ့အများ သွေးထွက်သံယိုမှုတွေ၊ လိမ်ညာ လှည့်ဖြားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာအကြပ်ကိုင်မှုတွေနဲ့ တည်ဆောက်ခဲ့တာလို့ တချို့က ဆိုကြတယ်။ သို့တစေ နိုင်ငံတစ်နိုင်ငံက လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုမှုကို ခံလိုတဲ့၊ နိုင်ငံသားအဖြစ် တောင်းဆိုချင်သူများအတွက် အဲဒီနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားတွေနဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေဓလေ့ထုံးတမ်းတွေကိုတော့ လေးစားလိုက်နာကြောင်း ပြသဖို့ လိုလိမ့်မယ်။ အမုန်းတရားနဲ့ ကြောက်ရွံ့မှုမှာ အခြေတည်ထားတဲ့ လူမျိုးစုအချင်းချင်း ဆက်ဆံရေးသော်လည်းကောင်း၊ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းဆက်ဆံရေးသော်လည်းကောင်း ရေရှည်မှာ မကောင်းနိုင်ဘူး။

No comments:
Post a Comment