တရုတ်နဲ့ ရုရှားသံရုံးတွေရှေ့ ဆန္ဒသွားပြလည်း အပိုပဲ။ သူတို့က နိုင်ငံကြီးတွေလည်းဖြစ်တယ်။ သူတို့အစိုးရတွေကလည်း ဒီမိုကရေစီအစိုးရတွေ မဟုတ်ဘူး။ သူတို့နိုင်ငံမှာရှိတဲ့ လူထုသဘောဆန္ဒကို သိပ်ငဲ့ကွက်စရာ မရှိဘူး။ တရုတ်ကွန်မြူနစ်အစိုးရဆို သူတို့ကိုယ်တိုင် လက်နက်နဲ့ တော်လှန်ရေးလုပ်တာ စစ်နိုင်လို့ အာဏာရခဲ့တဲ့ အစိုးရ။ ရုရှသမ္မတ ပူတင်ဆိုလည်း သမ္မတဆက်လုပ်နိုင်ဖို့ ဝန်ကြီးချုပ် ဆင်းလုပ်လိုက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်နဲ့ နေခဲ့တာ။ ဆန့်ကျင်တဲ့ အတိုက်အခံတွေ၊ သူလျိုတွေ၊ သတင်းစာဆရာတွေကို ပြည်ပအထိတောင် လိုက်လုပ်ကြံခိုင်းသေးတယ်။
မြန်မာကိစ္စကို ပြည်တွင်းရေးလို့ သူတို့ပြောတာ အခုမှ မဟုတ်ဘူး။ လုံခြုံရေးကောင်စီမှာရော၊ လူ့အခွင့်အရေးကောင်စီမှာပါ တစ်လျောက်လုံး ဒီရပ်တည်ချက်နဲ့ နေလာတာ။ ရုရှားက မြန်မာကို လက်နက်ရောင်းရတယ်။ တရုတ်လို စီးပွားရေး၊ ကုန်သွယ်ရေး စီမံကိန်းတွေ မြန်မာနိုင်ငံမှာ မရှိဘူး။ တရုတ်က အဲန်အယ်လ်ဒီအစိုးရနဲ့ တည့်ပေမယ့် အဲန်အယ်လ်ဒီက အစိုးရနှစ်ရပ်လိုဖြစ်နေတယ်လို့ ပြောပြောနေတာ သူလည်း ကြားနေတာပဲ။ လက်နက်ကိုင်ထားတဲ့အစုက အာဏာပေါ်တက်ထိုင်လိုက်ရင် အဲဒီအစိုးရနဲ့ပဲ အလုပ်လုပ်ရမယ်ဆိုတာ သူသဘောပေါက်တယ်။ သူကိုယ်တိုင်လည်း အဲဒီလို အာဏာရလာတာပဲဟာ။
မြန်မာပြည်မှာကမှ ရွေးကောက်ပွဲဆိုတာ ရှိသေးတယ်။ တရုတ်နိုင်ငံမှာ စစ်မှန်သော ပါတီစုံစနစ်ဆိုတာလည်း မရှိဘူး၊ ရွေးကောက်ပွဲဆိုတာလည်း မရှိဘူး။ ဒါပေမဲ့ ယနေ့ခေတ် တရုတ်ပြည်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရှိရှိမရှိရှိ၊ ရွေးကောက်ပွဲ ရှိရှိမရှိရှိ စိတ်မဝင်စားဘူး။ သူ့အတွက် ကုန်သွယ်စီးပွားနဲ့ မဟာဗျူဟာ အကျိုးရှိဖို့သာ အဓိကပဲ။ ညီနောင်ပါတီ ဗကပ ကိုတောင် အကူအညီမပေးတော့ဘဲ စွန့်လွှတ်နိုင်ခဲ့သေးတာ၊ အဲန်အယ်လ်ဒီ ကို အားနာပေမယ့် သံယောဇဉ်တော့ ထားမှာမဟုတ်ဘူး။ ဒါကြောင့် တရုတ်က ပြည်တွင်းရေးပဲဆိုပြီး ငြင်းပယ်လို့လည်း မြန်မာပြည်သူအနေနဲ့ ဘာမှ သိပ်ခံစားနေစရာတော့ မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း ကိုယ်ထူကိုယ်ထနိုင်ငံတော်ပါလို့ ပြောထားသားပဲ။
No comments:
Post a Comment