Tuesday, February 9, 2021

တပ်ကလည်း အရင်တပ် မဟုတ်တော့

 မျိုးဆက်သစ်လူငယ်တွေက အရင်မျိုးဆက်တွေနဲ့ မတူတော့ဘူး ပြောနေကြလို့ မြန်မာစစ်တပ်ဟာလည်း အရင်က စစ်တပ်မျိုး မဟုတ်တော့ဘူးဆိုတာ သတိမူဖို့လိုပါတယ်။

၂၀၀၇ တုန်းက ဆန္ဒပြလူစုကို ဖြိုခွဲတဲ့စစ်သားဟာ ကွင်းထိုးဖိနပ်သာ ပါပါတယ်။ အခု ၂၀၂၁ မှာ လူအုပ်ကို လုံခြုံရေးစောင့်ခိုင်းထားတဲ့ရဲတွေက ဝတ်စုံအပြည့်၊ ဒိုင်းလက်နက်အပြည့်နဲ့ စည်းအထပ်ထပ် ခြားနေတာဖြစ်တယ်။
တစ်ခါတစ်ရံ ကာနီဗယ် ပျော်ပွဲရွှင်ပွဲအလားဖြစ်နေတဲ့ လူစုဝေးပွဲကြီးကို မဖြိုခွင်းတာကလည်း မျက်မှောက်ခေတ် တပ်ရဲ့ အနေအထားက ပြောင်းလဲသွားပါပြီ။ ဒီမိုကရေစီ တံခါးဖွင့်လှစ်တဲ့ ဆယ်နှစ်ကာလအတွင်း မြန်မာစစ်တပ်ကိုယ်၌ဟာ စီးပွားရေး၊ နိုင်ငံရေးအကျိုးဆက်တွေကို ပိုမိုထောက်ဆတတ်နေပါပြီ။
ဒီအားပြိုင်မှုမှာ အဆုံးသတ် အနိုင်ရသူမရှိဘဲ နိုင်ငံသာ နစ်နာမယ်၊ မလိုအပ်တဲ့ နိုင်ငံတကာဖိအား ပိုလာမယ်၊ အသက်မွေးဝမ်းကြောင်းနဲ့ စီးပွားရေး အကြီးအကျယ် ထိခိုက်ကျဆင်းမယ်ဆိုတာ တပ်က သဘောပေါက်ပါတယ်။ တိုင်းပြည်စီးပွားကျရင် သူပါ မျက်နှာမရနိုင်ပါဘူး။
ရုပ်ဆိုးကျည်းတန်အောင် သွေးထွက်သံယိုဖြစ်ခဲ့ရင် သူ့ကိုပဲ ချက်ချင်း ပြစ်တင်ရှုတ်ချဖို့ နိုင်ငံတကာနဲ့ မီဒီယာက စောင့်ကြည့်နေမှန်းလည်း တပ်က သိမှာပါ။ အနောက်နိုင်ငံကြီးများနဲ့ ကမ္ဘ့ာမီဒီယာရဲ့ လုပ်ပေါက်က တကယ်တော့ ဂျော့ချ်အော်ဝဲလ် ရဲ့ "ဆင်ပစ်ခြင်း" ဝတ္ထုထဲကလို မျက်နှာဖြူအရာရှိကို ဆင်မပစ်ပစ်အောင် ဖိအားပေးတဲ့ပုံမျိုးနဲ့တောင် တူနေပါတယ်။ သွေးထွက်သံယိုဖြစ်မှ 'ဒီမဖွံ့ဖြိုးတဲ့ အာရှနိုင်ငံတွေဆိုတာ ဒီလိုပါပဲကွာ၊ တို့လို အချင်းချင်း စေ့စပ်ညှိနှိုင်းနိုင်တာမဟုတ်၊ အာဏာရှင်စနစ်နဲ့ပဲ တန်တဲ့လူမျိုးတွေ'ဆိုပြီး သဘောထားတာပါ။ အနည်းဆုံးတော့ ပရိသတ်အကြိုက် စိတ်လှုပ်ရှားစရာသတင်းမျိုး ဖြစ်သွားမှာပါ။
ဆိုလိုရင်းကို ပြန်ပြောရရင် မြန်မာစစ်တပ်ဟာ လက်ရှိလူထုအုံကြွမှုကို စိတ်ထဲက သိပ်ဖြိုခွင်းချင်ရင်တောင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို သေချာချိန်ဆပြီးမှ ဘက်အားလုံးမှာ အထိအခိုက် အနည်းဆုံးဖြစ်အောင် လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။ သူ့အတွက် ဒါဟာ လုပ်နိုင်စွမ်းရည် ရှိမရှိ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံရေးဉာဏ်ပညာ ရှိမရှိ ကြည့်ရှုရမယ့် အကြောင်းခြင်းရာသာ ဖြစ်ပါတယ်။

No comments:

Post a Comment