Friday, January 22, 2021

 ကျွန်တော့် news feed မှာ တခြားသူတွေက NLD ကို ထောက်ခံတဲ့ သတင်းနဲ့ ထင်မြင်ရေးသားချက်ပို့စ် ဆယ်ခုလောက်တက်ရင် မျိုးချစ်ဝါဒီ၊ တိုင်းရင်းသား၊ စစ်တပ်၊ USDP ကို ထောက်ခံတဲ့ပို့စ် (NLD ကို ဝေဖန်ဆန့်ကျင်တဲ့ပို့စ်) က နှစ်ခုသုံးခုသာပါတယ်။ ကျွန်တော့်မိတ်ဆွေတွေထဲ NLD ထောက်ခံသူတွေက အများစုဖြစ်နေတာအပြင် social media ရဲ့ algorithm ကလည်း ဖတ်နေတာကိုကြည့်ပြီး ကိုယ်မြင်ချင်တယ်၊ ဖတ်ချင်တယ်လို့ ထင်တာတွေကိုပဲ ရွေးတင်ပေးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွခ်ပေါ်မှာ NLD/ဒေါ်အောင်ဆန်းစုကြည်အတွက် လော်ဘီတွေ သိပ်များနေတာကိုလည်း စိတ်ထဲ အနှောက်အယှက် နည်းနည်းဖြစ်မိတယ်။ အရာရာကို rationalization လုပ်ပြီး အားလုံးကောင်း၊ အားလုံးမှန်လုပ်ပြီး လက်ရှိအစိုးရနဲ့ NLD ကို ခြောက်ပစ်ကင်း သဲလဲစင်လိုမျိုး ပုံဖော်နေတဲ့ အရေးအသားမျိုးတွေကို ဘဝင်မကျဖြစ်မိတယ်။

တကယ်ဆို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း (အထူးသဖြင့် နိုင်ငံရေးထဲ) ဖြစ်ပေါ်နေတဲ့ အကွဲအပြဲဟာ အမေရိကန်မှာထက် မလျော့ပါဘူး။ ဆိုရှယ်မီဒီယာကို အစိုးရက အနောက်နိုင်ငံတွေအလိုကျ ဝင်ရောက်စွက်ဖက်လိုက်တဲ့အတွက် မှန်ကန်တဲ့နည်းလမ်းနဲ့ checks and balances လုပ်ဖို့ catharsis မရှိတော့ဘူး ဖြစ်သွားတာလည်း ပါပါတယ်။ မြန်မာနိုင်ငံက hate speech တို့ ဘာတို့ဆိုပြီး စွပ်စွဲခဲ့တာတွေက အမေရိကန်မှာ ဒေါ်နယ် ထရမ့်နဲ့ လူဖြူအစွန်းရောက် ထင်မြင်ချက်ခေါင်းဆောင်တွေ လုပ်ခဲ့တာရဲ့ အကင်းလောက်သာ ရှိပါတယ်။ အစ္စလာမ္မစ်အစွန်းရောက်တချို့ ဘာသာရေးအရေခြုံပြီး ဟောပြောနေကြတဲ့ တချို့သွေးထိုးလှုံ့ဆော်မှုများထက်လည်း အားနည်းပါတယ်။
ဒါပေမဲ့ နိုင်ငံခြားထောက်ပံ့ငွေက လုပ်ငန်းစဉ်တစ်ခုတည်းကိုပဲ လုပ်ကြဖို့ တစ်ဖက်တည်းကိုပဲ စီးဝင်နေတာက တစ်ကြောင်းကြောင့် ကိုယ့်ဘက်သားကို ဖာရင်းနဲ့ မိမိနိုင်ငံရဲ့ အဖွဲ့အစည်းများ၊ မိမိနိုင်ငံသား လူပုဂ္ဂိုလ်အချင်းချင်းတွေကိုပဲ ရှုတ်ချပြစ်တင် သားပုတ်လေလွင့်ပြော ဖြစ်ကုန်ကြရတယ်။ နိုင်ငံခြားသား၊ ဘာသာခြား၊ လူမျိုးခြားတွေအတွက် အထင်သေးစရာ၊ တိုက်ခိုက်စရာ ပိုဖြစ်လာရတယ်။ အခုလိုပြောနေတာကိုတောင် မင်းက ဗမာ-ဗုဒ္ဓဘာသာရှုထောင့်က ပြောနေတာကိုးလို့ ဝေဖန်ကြလိမ့်မယ်။ ဒီခေတ်မှာ မြန်မာနိုင်ငံဆိုပြီး တိုင်းပြည်ကို အခြေပြုထားတဲ့ အမျိုးသားရေး အမည်လက္ခဏာဟာ တခြားအမည်လက္ခဏာမျိုးစုံအောက်မှာ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီ။ ဒါဟာ နိုင်ငံအတွက် ကောင်းမကောင်းဆိုတာ မသေချာပါဘူး။ တချို့လူတွေ၊ အဖွဲ့တွေက ငါးပွက်ရာ ငါးစာချ တဒင်္ဂစိတ်ဝင်စားတာလည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက အခု မြန်မာနိုင်ငံမှာ ဖက်ဒရယ် သိပ်ဖြစ်နေကြသူတွေ အမေရိကန်နိုင်ငံရဲ့ သမိုင်းအစကို တစ်ချက်ပြန်ကြည့်သင့်တယ်။ အဲဒီအချိန်က Federalist တို့၊ Federalist party တို့ဟာ strong central government ကို လိုလား တောင်းဆိုခဲ့သူတွေဖြစ်တယ်။ အမေရိကန်မှာက တစ်တိုင်းတစ်ပြည်စီဖြစ်နေရာကမှ ဗဟိုအစိုးရက ဘဏ္ဍာရေးလို ကိစ္စရပ်မျိုးနဲ့ မလိုက်နာတဲ့ပြည်နယ်တွေကို ကိုင်တွယ်နိုင်ရေးကို ဖွဲ့စည်းပုံနဲ့ စုစည်းထားဖို့ Federalists တွေက လုပ်ခဲ့ရတာဖြစ်တယ်။ Federalist Papers ဆိုတာ အဲဒီအကြောင်းတွေကို ဖက်ဒရယ်ဝါဒီတွေက Publius ဆိုတဲ့ ကလောင်အမည်နဲ့ သတင်းစာထဲ ရေးထည့်ခဲ့တဲ့ စာဆောင်းပါးတွေဖြစ်တယ်။ Anti-Federalists ဆိုတာတွေက ဗဟိုအစိုးရ ကြီးမားအားကောင်းမှာကို ဆန့်ကျင်သူတွေပဲ။
မြန်မာနိုင်ငံမှာ Federalism လုပ်လုပ် မလုပ်လုပ် သိပ်အရေးမကြီးပါ။ အင်ဒိုနီးရှားဆိုလည်း ဘယ်ကျွန်းသား၊ ဘယ်လူမျိုးဆိုတာ ဖျောက်ထားတဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး decentralization နဲ့ သွားရတာပဲ။ သင့်တင့်မျှတတဲ့ Devolution of power နဲ့ resource-sharing ပေါ်လာရင် ရပါပြီ။

No comments:

Post a Comment