- မိုက်ကယ် ဆန်းဒါးရဲ့ ဟားဗတ်ဒ်တက္ကသိုလ်၊ ဒဿနိကဗေဒပို့ချချက်တွေမှာပေးတဲ့ ဥပမာတစ်ခုကို အမှတ်ရမိတယ်။ အမေရိကန်က ကင်းဆပ်စ်ပြည်နယ်၊ လယ်တောထဲမှာ တစ်သက်လုံးသွားနေမလား၊ သွားတစ်ချောင်းအနုတ်ခံမလားဆိုတဲ့ ဥပမာပါ။ ယူတီလစ်တေရီယမ်နစ်ဇင်ကို ရှင်းပြတာဖြစ်ပါတယ်။ တောထဲတော့ တစ်သက်လုံးသွားမနေနိုင်ဘူး၊ သွားပဲအနုတ်ခံလိုက်မယ်ဆိုတဲ့ လူတွေလည်းရှိပါတယ်။
- ကျွန်တော့်မိန်းမကလည်း သူလိုချင်တာတစ်ခုခုရဖို့ဆိုရင် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုပဲ အဆုံးရှုံးခံလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိပါတယ်။ သူကိုယ်တိုင်ရဲ့ကျန်းမာရေးအပါအဝင် နောက်ဆုံး ယောကျာ်းကိုတောင် ဂရုမစိုက်ဘဲ ဇွတ်တရွတ် တစောက်ကမ်းလုပ်တတ်တဲ့ အကျင့်ရှိတယ်။ သူလုပ်ချင်တာကို ရှေ့ကစွတ်လုပ်သွားပြီး နောက်ကလူက အမြန်ပြေးလိုက် လုပ်ပေးရတယ်။ တစ်ခါတစ်ခါကျပြန်တော့ လုပ်သင့်တဲ့အလုပ်တစ်ခုကို သူလုပ်ဖို့ကို အချိန်ယူပြီး တဂျီဂျီနဲ့တွန်းမှရတယ်။ သူက သွားအနုတ်ခံမယ့် လူစားမျိုးဖြစ်တယ်။ သူ့ကိုယ်သူနဲ့ တချို့သူငယ်ချင်းတွေက အဲဒါကို အရည်အချင်းလို့ မြင်ချင်မြင်နိုင်ပေမဲ့ ကျွန်တော်ကတော့ အားနည်းချို့ယွင်းချက်အဖြစ် ရှုမြင်ပါတယ်။
- နောက်ထပ် ကျွန်တော့်သူငယ်ချင်းတစ်ယောက် ရှိသေးတယ်။ သူကလည်း မျက်စိပိုမွဲရင် မွဲပလေ့စေ လိုချင်တဲ့ ဘွဲ့တစ်ခုကို ရအောင်ယူမယ်ဆိုတဲ့ သဘောထားမျိုးပဲ။ လောင်းကစားစိတ်ဓာတ် အရဲစွန့်တယ်ဆိုတာမျိုးထက် တစ်ခုကိုအဆုံးရှုံးခံပြီး တစ်ခုကိုရအောင်လုပ်မယ်ဆိုတဲ့ အပေးအယူ ကုန်ဖလှယ်တဲ့စိတ်ဓာတ်လို့ ပြောရမယ်ထင်တယ်။
- ကျွန်တော့်ဘဝနေထိုင်မှု စိတ်ဓာတ်ကတော့ ကွာခြားပါတယ်။ အသက် ၃၀ ကျော်ကတည်းက လောကကို ငါလည်းမြင်သင့်သလောက် မြင်ပြီးပြီ၊ ကမ္ဘာလည်း အတန်အသင့်ပတ်ခဲ့ပြီးပြီ။ သွားသင့်သွားထိုက်၊ စားသင့်စားထိုက်တာတွေလည်း သွားခဲ့၊ စားခဲ့ပြီးပြီဆိုပြီး စိတ်ကဖြစ်ပါတယ်။ အခုနေ ကောက်သေသွားရင်တောင် သေပျော်ပြီဆိုတဲ့စိတ်မျိုးဖြစ်လာပါတယ်။
- လူ့ဘဝသက်တမ်းလည်း ထက်ဝက်ကျိုးမက ကျော်လာပြီမို့ ကျန်တဲ့အပိုင်းကို ကိုယ်တကယ် စိတ်မပါတဲ့အလုပ်ကို မလုပ်တော့ပါဘူး။ ဘဝကို ကျစ်ကျစ်လစ်လစ်နေချင်လာပါတယ်။ ဘဝကို ဖြည်းဖြည်းမှန်မှန်သာ ဖြတ်သန်းချင်တယ်။ အနောက်တိုင်းမှာ သက်လတ်ပိုင်း အကျပ်အတည်း (midlife crisis) ဆိုပြီး ပြောကြတဲ့လက္ခဏာတွေရှိပါတယ်။ ကျား/မ မရွေး လေးဆယ်ကျော်ငါးဆယ်ရောက်လာရင် ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝကို နောက်ကြောင်းပြန်ကြည့်ရင်း အရင်မဝတ်ခဲ့၊ မစားခဲ့၊ မနေခဲ့ရတာတွေကို ပြန်ဖြည့်ပြီး ဝတ်ချင်၊ စားချင်၊ နေချင်လာတာပါ။ အဲဒါမျိုး ကျွန်တော့်မှာ မရှိပါဘူး။ အသက် ၅၀ ကျော်မှ ပေါ်လာရင်တော့ မပြောတတ်ဘူး။
- ကိုယ့်ဘဝမှာ အပြည့်စုံကြီးမဟုတ်ရင်တောင် အတော်လေး အဆင်ပြေတဲ့ ငယ်ဘဝရှိခဲ့တယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ရှေ့လာမယ့်ဘဝကိုလည်း ဘာမှ သိပ်မတောင့်တမိပါဘူး။ ညအိပ်ရာဝင်တိုင်း နောက်တစ်နေ့ ရောက်လာမလာကို စိတ်ထဲ မထားပါဘူး။ ဘဝဆိုတာ အစိုးမရတဲ့အရာအဖြစ် အမြဲနှလုံးသွင်းပါတယ်။ ကျွန်တော်က ကင်းဆပ်စ်က လယ်တောထဲ တစ်သက်လုံးသွားနေနိုင်တဲ့ လူစားမျိုးဖြစ်နိုင်ပါတယ်။
No comments:
Post a Comment