- အမေရိကန်ပြည်က လူထုဆူပူအုံကြွမှုပုံရိပ်တွေကို မြင်ရတော့ ဝါရှင်တန်ဒီစီကိုရောက်စဉ်က Jefferson Memorial နဲ့ Lincoln Memorial မှာ ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို ပြန်တင်ချင်စိတ်ပေါက်သွားပါတယ်။
- ထောမတ်စ် ဂျက်ဖာဆန် နဲ့ အေဘရာဟမ် လင်းခင်း ဟာ အမေရိကန်သမိုင်းမှာ ကျွန်တော်အနှစ်သက်ဆုံး သမ္မတနှစ်ဉီးပါ။ တတိယမြောက်နဲ့ ၁၆ ယောက်မြောက် သမ္မတတွေဖြစ်ပါတယ်။ ကျွန်တော် အသက်နှစ်ဆယ်လောက်က ဂျက်ဖာဆန်ကို ကြိုက်လွန်းလို့ သူ့ဓာတ်ပုံမိတ္တူကို ပိုက်ဆံအိတ်ထဲ ဆောင်ထားပါတယ်။ တချို့ အဲဒီခေတ်က လူကြီးတွေ ပိုက်ဆံအိတ်ထဲ ဘုရားပုံ၊ ဘုန်းကြီးပုံဆောင်ကြသလိုမျိုးပါ။ ဂျက်ဖာဆန်က သူ့အိမ်မှာ လူမည်းအမျိုးသမီးတစ်ဉီးကို တိတ်တိတ်ပုန်းဇနီးမယားအဖြစ် ပေါင်းသင်းခဲ့ပြီး လူမည်းသားစဉ်မြေးဆက်တွေ ကျန်နေခဲ့တယ်ဆိုတာ နောက်ကျတော့ သိလာပါတယ်။ သူကိုယ်တိုင်ကလည်း ကျွန်စနစ်ကို တိုက်ဖျက်မသွားပါဘူး။ သူ့ဆီမှာရှိတဲ့ လူမည်းကျွန်တွေကို စီးပွားရေးအခြေအနေကြောင့် လွတ်လပ်ခွင့်မပေးခဲ့ပါဘူး။ ဒီအချက်တွေကြောင့် အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းရေးခဲ့တဲ့ ထောမတ်စ် ဂျက်ဖာဆန်ကို အရင်ကလို မကြည်ညိုတော့ပါဘူး။ ဒါပေမဲ့ Jefferson Memorial ကတော့ ကျွန်တော့်အကြိုက်ဆုံး ဗိသုကာလက်ရာထဲမှာပါပါတယ်။ စကားမစပ် ဖူးစာမဆုံလိုက်တဲ့ ရည်းစားကလည်း တိုက်တိုက်ဆိုင်ဆိုင် ဂျက်ဖာဆန်နဲ့ မွေးနေ့တူဖြစ်ပါတယ်။
- အေဘရာဟမ် လင်းခင်း ကတော့ အမေရိကန်သမ္မတတွေကို လုံးဝမကြိုက်တဲ့သူတွေတောင် နှစ်သက်ကြတဲ့သမ္မတဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို တည်ထောင်သူဖခင်ကြီးများ မလုပ်ဆောင်သွားနိုင်ခဲ့တဲ့ ကျေးကျွန်စနစ်ကိုတိုက်ဖျက်ဖို့ ပြည်တွင်းစစ်အဖြစ်ခံကာ အသက်စွန့်သွားရသူပါ။ သူနဲ့ပတ်သက်ပြီး အမှတ်တရရှိနေတာက ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက မြန်မာ့ရုပ်မြင်သံကြားမှာလာတဲ့ ဇာတ်လမ်းတစ်ခုမှာပါတဲ့ လင်းခင်း အလုပ်အကြံခံရပြီး မှိတ်သွားတဲ့ သူ့မျက်စိနှစ်ဖက်အပေါ် ကူးတို့ခအဖြစ် ဒင်္ဂါးပြားတွေအုပ်ပေးလိုက်တဲ့ ဇာတ်ဝင်ခန်းပါ။ နောက်တစ်ခုက စာရေးဆရာတင့်တယ် ဘာသာပြန်တဲ့စာအုပ်လို့ထင်ပါတယ်။ နိုင်ငံရေးမှာ သူ့ပြိုင်ဖက် စတီဖင် ဒေါက်ဂလတ်စ်နဲ့ စကားစစ်ထိုးပြီး ခက်ခက်ခဲခဲပြိုင်ခဲ့ရတာတွေ၊ သူ့မိန်းမ မေရီ တော့ဒ်ကြောင့် လင်းခင်း စိတ်ဆင်းရဲရတာတွေဖတ်လို့ သိပ်ကောင်းပါတယ်။ အခုလည်း မိန်းမက ဂျီကျပြီး ဆိုးရင် သူက မေရီ တော့ဒ်လို့ပဲ သဘောထားလိုက်တယ်။ ကိုယ်ကတော့ လင်းခင်းပေါ့လေ။
Saturday, June 6, 2020
Subscribe to:
Post Comments (Atom)
No comments:
Post a Comment