Saturday, June 6, 2020

အမျိုးသမီးအခွင့်အရေးလို့ဆိုရာမှာ အမျိုးသမီးတွေအတွက် လွတ်မြောက်မှု (emancipation) အစွန်းနှစ်မျိုးကို မြင်မိတယ်။
ပထမတစ်မျိုးက မော်ဒယ်တွေရဲ့လွတ်မြောက်မှုပေါ့လေ။ လှလှပပ ဝတ်မယ်စားမယ်၊ ရှိတာတွေကိုထုတ်ကြွားမယ်၊ ပုရိသတွေကိုဖမ်းစားဖို့ အဖော်အချွတ်လုပ်ချင်လည်းလုပ်ကြမယ်။ အဆိုးမြင်စိတ်နဲ့ဝေဖန်ရင်တော့ အမျိုးသမီးထုကို လိင်မှုပစ္စည်း (sex objects) အဖြစ် အလုပ်ခံနေတယ်၊ မလိုအပ်ဘဲ လိင်သဘောလွန်ကဲအောင် (sexualize) လုပ်ကြတယ်လို့ ဝေဖန်စရာရှိတယ်။ သူတို့လိုမဟုတ်သော အမျိုးသမီးထုကိုလည်း အမျိုးသားတွေက ဒီပုံစံနဲ့ နှိမ့်ချရှုမြင်လာရင် ဖိုကြီးစိုးရေးဝါဒ (ဝါ) ပက်ထရစ်အာခီ (patriarchy) ကို အားပေးအားမြှောက်ပြုရာရောက်တယ်လို့ ဝေဖန်ကြလိမ့်မယ်။ ဒါပေမဲ့ ဒီအမျိုးအစားထဲပါတဲ့ အမျိုးသမီးတွေက သူ့ဟာနဲ့သူတော့ လွတ်မြောက်နေကြတယ်လို့ ပြောရမှာပဲ။
ဒုတိယတစ်မျိုးမှာတော့ အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာနဲ့ လွတ်မြောက်နေကြတဲ့ ၁၉၅၀ ပြည့်လွန်စတိုင် အမျိုးသမီးတွေလည်း ယနေ့ခေတ်တိုင်ရှိကြတယ်။ အိမ်မှုကိစ္စကို ကျကျနနလုပ်မယ်၊ ထမင်းဟင်းကောင်းချက်မယ်၊ ခင်ပွန်းနဲ့ကလေးတွေရှိရင် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေနိုင်အောင်ထားမယ်ဆိုတဲ့ အမျိုးအစားဖြစ်တယ်။ အသက်မွေးဝမ်းကြောင်းပညာရှိပြီး အပြင်ထွက်အလုပ်လုပ်တဲ့အမျိုးသမီးဆိုလည်း မိသားစုတာဝန်ကို မလစ်ဟင်းအောင် ဆောင်ရွက်မယ်ပေါ့။ သူတို့အတွက်ကတော့ စည်းကမ်းသည် လွတ်လပ်ခြင်းပဲ။ ဒီအမျိုးအစားကလည်း သူ့နည်းသူ့ဟန်နဲ့တော့ လွတ်မြောက်နေကြတာပဲ။
အဲဒီနှစ်မျိုးလုံးကို အမျိုးသမီးလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသော ဖင်းမနစ် (feminist) များက မကြိုက်ကြဘူး။
အဲဒီမှာမှ တကယ် မလွတ်မြောက်နိုင်ကြရှာတာက ဖိုကြီးစိုးရေးဝါဒ/ပက်ထရီအာခီကို စိတ်ကူးနဲ့ သွားသွားတိုက်နေကြရှာတဲ့ ဖင်းမနစ်ဝါဒီအမျိုးသမီးတွေဖြစ်နေတယ်။ အစဉ်အလာအမျိုးသားတွေကြီးစိုးလာတဲ့ကမ္ဘာမှာ တန်းတူညီမျှရေး၊ ထိုက်တန်တဲ့ ကိုယ်စားပြုမှုရရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ကြတာကတော့ လေးစားဖွယ်လုပ်ရပ်ပါ။ ဒါပေမဲ့ ကွန်မြူနစ်ဝါဒမှာလိုပဲ တစ်ခါတစ်ခါ သူတို့တိုက်ဖျက်ချင်တဲ့အရာက မရှင်းပါ။ ကွန်မြူနစ်တွေက အရင်းရှင်တွေကို ရှုတ်ချသလိုပဲ ဖင်းမနစ်ဝါဒီတွေက ယောကျာ်းအားလုံးကို ရှုတ်ချရမှာလား၊ တိုက်ဖျက်ပစ်ရမယ်လို့ဆိုလိုသလားမသိပါ။ အမျိုးသားတွေကို အနိုင်ရလိုက်ပြီးတော့ ပက်ထရီအာခီဆိုတာကြီးပြိုလဲသွားရင်‌ရော ဘာလူ့ဘောင်ကြီး ပေါ်ပေါက်လာမယ်ဆိုတာလည်း မသဲကွဲပါ။
လတ်တလောမှာတော့ ဖင်းမနစ်တွေအနေနဲ့ မလွတ်မြောက်နိုင်သေးတာတော့ အမှန်ပါပဲ။ ဒါကြောင့် ဖင်းမနစ်ဝါဒဆိုတာက အယူဝါဒ (ideology) လား၊ နေထိုင်မှုပုံစံ (lifestyle) လား၊ အသက်မွေးအလုပ်အကိုင် (career) လားတောင် ပြောရအတော်ခက်ပါတယ်။ ဖင်းမနစ်တွေက တစ်ခါတစ်ခါ အစွန်းနှစ်ဖက်က လွတ်မြောက်မှုအခွင့်အရေးကလေးတွေကိုလည်း ဝင်နှိုက်ယူလိုက်သေးတာကိုး။ ယောကျာ်းတွေလို ပေတာဆိုးတာ၊ သောက်စားမူးယစ်တာကတစ်ခြမ်း၊ လုပ်ငန်းခွင်မှာ ရင်ဘောင်တန်းနိုင်သော စွမ်းဆောင်ရည်ကို အသိအမှတ်ပြုစေချင်တာက တစ်ခြမ်းပေါ့လေ။ အစွန်းနှစ်ဖက်မှာရှိနေတဲ့ သူ့နည်းသူ့ဟန်လွတ်မြောက်တယ်ထင်နေတဲ့ အမျိုးသမီးများကိုတော့ ဖင်းမနစ်တွေက မာ့က်စ်ဘာသာစကားနဲ့ဆိုရင် အသိမှားဝင်နေကြသူများ (false consciousness) လို့ ပြောကြမယ်ထင်ပါရဲ့။

No comments:

Post a Comment