Friday, June 19, 2020

  • စစ်အစိုးရခေတ် သတင်းစာတွေထဲမှာ အခန်းဆက်ပါခဲ့တဲ့ သမ္မတအုပ်ချုပ်သောစနစ်ကို လိုလားပါသည်ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရှိတယ်။ ဆောင်းပါးရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ အရင်မကျင့်သုံးခဲ့ဘူးတဲ့ သမ္မတစနစ်ကို ဘာကြောင့် ပြောင်းချင်တယ်ဆိုတာကို ရှင်းပြလိုရင်းဖြစ်တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသက်ဝင်လာတော့လည်း အုပ်ချုပ်ရေးမဏ္ဍိုင်ကသာ အရေးပါပြီး ဥပဒေပြုရေးမဏ္ဍိုင်ဟာ ဇာတ်ပို့ရုံသာသာဖြစ်တယ်ဆိုတာ ပိုမိုထင်ရှားလာတယ်။ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာက အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးရဲ့ ခိုင်းဖက်မျှအဆင့်တောင်ဖြစ်နေတယ်။
  • ဒါတွေအကုန်လုံးက ဒီလိုပုံစံဖြစ်လာမယ်ဆိုတာ ပညာရပ်ဆိုင်ရာရှုထောင့်က ခန့်မှန်းလို့ရနေခဲ့တာတွေပါ။ တတိယအုပ်စုတွေကသာ အပြန်အလှန်ထိန်းကျောင်းမှုဘာညာနဲ့ အမေရိကန်သမ္မတစနစ်ကို နမူယူထားတာဆိုပြီး ကြီးကြီးကျယ်ကျယ် ရောင်းခဲ့တာပါ။ သမ္မတစနစ်ရဲ့အားနည်းချက်တစ်ခုက နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်ထဲက ပါတီဝင်ကိုယ်စားလှယ်တွေကို ထိန်းသိမ်းနိုင်မှုမရှိတာပါ။ နိုင်ငံတော်ဟာ သမ္မတစနစ်ကျင့်သုံးတယ်ဆိုသော်လည်း အဲန်အယ်လ်ဒီက လွှတ်တော်ကို ဝက်စ်မင်စတာပုံစံ ပါလီမန်စနစ်မှာလို ကိုင်တွယ်နေတာဖြစ်ပါတယ်။ အကျိုးဆက်က နောင်မှာ လွှတ်တော်ထဲ လူတော်လူကောင်းတွေရဖို့ ပိုခက်ခဲသွားပါမယ်။ အကျိုးခံစားခွင့်၊ လစာ၊ လုပ်ပိုင်ခွင့်အားလုံးနည်းပြီး ပါတီမူဝါဒအတိုင်း အဆိုတင်ရုံ၊ ထောက်ခံ/ကန့်ကွက်မဲပေးရုံဆိုရင် ဥပဒေပြုရေးမဏ္ဍိုင်ဟာ စွဲဆောင်မှုရှိသောအဖွဲ့အစည်းဖြစ်မလာနိုင်ပါ။ လစာ၊ အကျိုးခံစားခွင့် အစစအရာရာ ပိုသာတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်ပဲ သွားချင်ကြပါလိမ့်မယ်။ ငါးနှစ်အချိန်ကုန်တာချင်းကတော့ အတူတူပဲမဟုတ်လား။
  • နေပြည်တော်မှာ အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရအဖွဲ့ထဲက ပုဂ္ဂိုလ်များကို နေပြည်တော်ကောင်စီက မြေကွက်တွေချပေးတယ်ဆိုလို့ စဉ်းစားမိတာပါ။ ရေရှည်မှာ မဏ္ဍိုင်သုံးခုလုံးက တို့ဒီမိုကရေစီနည်းအရ အာဏာယူထားတာပဲဆိုပြီး ပြည်သူကို လူပေါ်လူဇော်လုပ်သလိုဖြစ်မနေဖို့ အရေးကြီးပါတယ်။ အုပ်ချုပ်သူလူတန်းစားအတွင်း ဝေစုတည့်ဖို့လိုသလို အုပ်ချုပ်ခံလူတန်းစားအတွက်လည်း လူမှုဖူလုံရေးစနစ်ကောင်းကောင်း အကောင်အထည်ဖော်ပေးရပါမယ်။ မဟုတ်ရင် စနစ်က အနှေးနဲ့အမြန် အတွင်းကနေပေါက်ထွက် (implode) ဖြစ်ပါလိမ့်မယ်။

No comments:

Post a Comment