အာဖျံကွီး နဲ့ အိစံကွား
- မြန်မာပြည်မှာ လူရွှင်တော်တွေက တရုတ်လူမျိုးတွေကို ပြက်လုံးထုတ်ချင်ရင် 'ဝ'တို့၊ 'လု'တို့နဲ့ ပြက်လေ့ရှိကြပါတယ်။ သူတို့မသိတာက ဝ၊ လု ဆိုတာ တရုတ်ပြည်၊ ဖူကျန့်ပြည်နယ်ကလာတဲ့ လက်ရှည်တရုတ်တွေရဲ့ ဘာသာစကားမှာပဲ 'ငါ'၊ 'မင်း' လို့သုံးစွဲတာဖြစ်ပြီး တရုတ်တစ်နိုင်ငံလုံးမှာသုံးတဲ့ တရုတ်စကားမဟုတ်ဘူးဆိုတာပါပဲ။
- ဒီအချက်က ဘာကိုပြသလဲဆိုရင် ကိုလိုနီခေတ်မှသည် ပါလီမန်ခေတ်တလျောက် တနင်္သာရီမှသည် မွန်ပြည်နယ်၊ မော်လမြိုင်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအလယ် ပဲခူးတိုင်း၊ မြေလတ်ဒေသအထိ ဖူကျန့်နယ်သား လက်ရှည်တရုတ်လူမျိုးတွေရဲ့ လူမှုစီးပွားဩဇာ ပျံ့နှံ့ခဲ့တဲ့သမိုင်းကို ဖော်ပြနေတာပါ။
- လွန်ခဲ့တဲ့နှစ်အနည်းငယ်က ထိုင်ဝမ်စပ် ပညာရှင်တစ်ဦးက ရန်ကုန်မြို့၊ တရုတ်တန်းက ဖူကျန့်နယ်သားတွေအကြောင်း မနုဿဗေဒဆိုင်ရာ စာအုပ်တစ်အုပ်ရေးထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူရေးထားတာမှာ မပြည့်စုံတာ၊ နားလည်မှုလွဲနေတာလေးတွေ မြင်မိပါတယ်။ (ဒီနေရာမှာ အသေးစိတ် မရေးတော့ပါ။)
- ပြောပြချင်တာက တိမ်မြုပ်ရွေ့လျောသွားတဲ့ လက်ရှည်စကားအကြောင်းပါ။ ယနေ့ခေတ် ဖူကျန့်ပြည်နယ်မှာတောင် ဖူကျန့်ဒေသိယစကား (လက်ရှည်စကား) ကိုပြောသူနည်းလာတဲ့အတွက် တိမ်ကောစပြုပြီလို့ဆိုပါတယ်။
- မြန်မာစကားထဲဝင်နေတဲ့ လက်ရှည်တရုတ်စကားလုံးတွေ အတော်အတန်ရှိပါတယ်။ အခုခေတ်မြန်မာတွေရော၊ တရုတ်နွယ်ဖွားများပါ မသိကြတော့ပါ။ ပထမတစ်ခုက အာဖျံကွီး (鴉片鬼) ပါ။ 'ဘိန်းစားကောင်'လို့ အဓိပ္ပာယ်ရပါတယ်။ မောင်ဝဏ္ဏက စုံထောက်ကြီးအာဖျံကွီးနာမည်နဲ့ ကာတွန်းဇာတ်ကောင်လုပ်လိုက်တဲ့အခါကျတော့ ဘိန်းစားအနက်ကနေ ရယ်စရာနှစ်လိုဖွယ်ရာသဘောဖြစ်သွားပါတယ်။
- ဒုတိယတစ်ခုက အိစံကွား (你傻瓜 - လိစာကွား) 'နင်က ငနုံ'လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်တို့ငယ်ငယ်က မျက်စိမှေးမှေး၊ သွားခေါခေါနဲ့ မျက်ခုံးမကောင်းတဲ့ တရုတ်သွင်ပြင် သိပ်ပေါက်သော တရုတ်ကလေးတွေကို အိစံကွားလို့ လှောင်ပြောင်ခေါ်တတ်ကြပါတယ်။ ဗမာတွေက လုပ်သလို၊ တရုတ်အချင်းချင်းလည်း တစ်ခါတစ်ရံ လုပ်တတ်ကြပါတယ်။ ခေါ်သူရဲ့စေတနာအပေါ်မူတည်ပြီး နှိမ်တာဆဲတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစကားလည်း မူလအဓိပ္ပာယ် ပျောက်ကွယ်သွားပါပြီ။ တရုတ်တွေကိုယ်တိုင်တောင် သူတို့ကို အိစံကွားသွားခေါ်ရင် ဆဲချင်မှန်းမသိတော့ပါ။ ပေါရာဏဖြစ်သွားလို့ အသုံးမရှိတော့ပါဘူး။
- မြန်မာစကားထဲဝင်နေတဲ့ ပိုရိုင်းစိုင်းတဲ့ လက်ရှည်စကားလုံးတစ်ခုက 'ဖော်လံဖား' လုပ်တယ်ဆိုတာပါ။ အခုခေတ်မှာ အသုံးများတဲ့ 'ဘောမတယ်' ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ။ 'လံဖား' (𡳞脬) ဝှေးစေ့ကို ပြောတာပါ။ မြန်မာတွေကတော့ ဖားတယ်ဆိုတဲ့သဘောပဲဆွဲသုံးကြတာဖြစ်ပါတယ်။ သူ့မူရင်းအဓိပ္ပာယ်က ပိုဆိုးပါတယ်။
*(ကျွန်တော်မသိတဲ့အချက်တွေနဲ့ပတ်သက်ပြီး ညွှန်ပြပေးတဲ့ ညီငယ် Kyi Boom နဲ့ အစ်ကိုကြီး Nyan Soe Chénzhǎngguó တို့ကို ကျေးဇူးတင်ပါတယ်။)*
No comments:
Post a Comment