- US Hegemony က သိပ်ကြီးတာပေါ့။ ကျားကြီးတော့ ခြေရာကြီးဆိုတဲ့စကားလို သူအန္တရာယ်ကြီးပုံက ရုပ်ဝတ္ထုပိုင်းတင်မက အတွေးအခေါ်ပိုင်းမှာပါဖြစ်တယ်။ အီတာလျံ မာက့်စ်ဝါဒီ ဂရမ်ချီ ကို ရည်ညွှန်းရမယ်ဆိုရင်ပေါ့။
- တရုတ်ယဉ်ကျေးမှုတော်လှန်ရေးတုန်းက ရှေးဟောင်းအမွေအနှစ်တွေဖျက်ဆီးတာနဲ့ အမေရိကန်၊ ဥရောပမှာ ကျေးကျွန်စနစ်၊ ကိုလိုနီနယ်ချဲ့စနစ်ကို မြှင့်တင်ခဲ့သူတွေရဲ့ရုပ်တုတွေကို ဖြိုချတာကိုနှိုင်းယှဉ်တဲ့ ပို့စ်တွေလည်း တွေ့မိတယ်။ တကယ်တူမတူတော့ မှတ်ချက်မပေးချင်ဘူး။ မှတ်ချက်ပေးချင်တာက မနောကံရဲ့ စေ့ဆော်မှုအပိုင်းပဲ။ အတွေးအခေါ်မှိုင်းရဲ့ အန္တရာယ်ပေါ့။
- ကမ္ဘာမှာ အတွေးအခေါ်ပိုင်းက ကြီးစိုးထားတဲ့နိုင်ငံကြီးတစ်နိုင်ငံရဲ့ မောင်းနှင်ရာနောက်ကို ဘယ်လောက်ထိလိုက်သင့်သလဲ။ အတွေးအခေါ်အရ ကျွန်ပြုတာကို ဘယ်လောက်ခံသင့်သလဲ။ စီးပွားရေးမှာ နီယိုလစ်ဘရယ်လစ်ဇင်ကို တိုက်သလို နိုင်ငံရေးမှာလည်း လစ်ဘရယ်လစ်ဇင်ကို အလွန်အကျွံမလိုက်သင့်တာ အဲဒီအကြောင်းကြောင့်ပဲ။
- ဂလိုဘယ်လိုက်ဇေးရှင်းဆိုပြီး ခေါင်းစဉ်တင်ထားပြီး ကမ္ဘာ့အနောက်ခြမ်းနဲ့ မြောက်ခြမ်းက လူတွေ တွေးတာ၊ ကြံတာ၊ လုပ်ကိုင်တာတွေကိုပဲ အမှန်လို့ ထင်လာကြတယ်။ ဒေသန္တရအသိအမြင်၊ ဗဟုသုတတွေပျောက်ကုန်တယ်။ သူတို့နိုင်ငံမှာ နားလည်လက်ခံပြီးသား ပုံစံခွက်တွေထဲ အဓမ္မသိမ်းသွင်းပြီး ဆုပေး ဒဏ်ပေးလုပ်ကြတယ်။ ကိုယ်ခံအားမကောင်းတဲ့ နိုင်ငံငယ်တွေ ပျက်ကြ၊ ဒုက္ခရောက်ကြတယ်။ တစ်နိုင်ငံအတွက် အစာက တခြားတစ်နိုင်ငံအတွက် အဆိပ်ဖြစ်ချင်ဖြစ်နေလိမ့်မယ်။
- Black Lives Matter ဟာ အမေရိကန်ကျေးကျွန်စနစ်ကို အခြေတည်ပြီး ပေါက်ကွဲထွက်လာတဲ့ လှုပ်ရှားမှုဖြစ်တယ်။ ဥရောပက လူမည်းတွေရဲ့ ပကတိအခြေအနေနဲ့တောင် နှိုင်းယှဉ်လို့ မရနိုင်ဘူး။ ဒါပေမဲ့ အမေရိကန်အတွေးအခေါ်ပုံစံက လွှမ်းမိုးကြီးစိုးထားတဲ့အခါကျတော့ ဥရောပမှာလည်း ရိုက်ခတ်မှုတွေခံရတယ်။ တချို့ ဖြစ်သင့်တယ်။ တချို့မဖြစ်သင့်ဘူး။
- ဒါပေမဲ့ အမေရိကန်တွေက ဒါကို နားမလည်ဘူး။ ကမ္ဘာကို သူ့ပုံရိပ်နဲ့ပဲ အကဲဖြတ်တယ်။ ဝေဖန်တယ်။ ရှုတ်ချတယ်။ အားပေးမြှောက်ပင့်တယ်။ ပြင်သစ်မှာ Charlie Hebdo ကာတွန်းတိုက်ကို အကြမ်းဖက်သမားတွေက ဝင်စီးပြီး ကာတွန်းဆရာတွေကို သတ်တယ်။ လိပ်/ကန်မီဒီယာက ကာတွန်းဆရာတွေက လူမျိုးရေး၊ ဘာသာရေးစော်ကားတဲ့ ကာတွန်းတွေဆွဲတယ်၊ ဟာသလုပ်တယ်လို့ အပြစ်တင်တယ်။ ပြင်သစ်ယဉ်ကျေးမှုမှာ အမေရိကန်ပုံစံ political correctness ကအရေးမပါတာကို သူတို့နားမလည်ဘူး။
- အမေရိကန်ပြောတော့ တခြားအနောက်နိုင်ငံတွေကပါ ဟုတ်မှာပါပဲဆိုပြီး လိုက်ခေါင်းငြိမ့်ကြတယ်။ မွတ်စလင်တွေကိုတော့ မထိရဲဘူး။ မိုဟာမက်ပုံ အရုပ်ဆွဲတာနဲ့ လည်လှီး ခေါင်းဖြတ်ခံရမှာ ကြောက်လို့။ တခြားလူမျိုး၊ ဘာသာတွေကျတော့ စော်ကားလည်း ပြန်မလှန်နိုင်ဘူးဆိုတာသိတော့ လွယ်လင့်တကူ လှောင်တယ်၊ ပြောင်တယ်၊ ခွဲခြားတယ်။ ကိုဗစ်ဖြစ်ခါစက တရုတ်နိုင်ငံကို လူမျိုးရေးအရတိုက်ခိုက်တဲ့ ကာတွန်းတွေဆွဲ၊ စာတွေရေးပြီး တိုက်ခိုက်တယ်။ အဲဒါကျ ရေ့ဆစ်ဇင်မဟုတ်၊ ဖရီးစပိခ်ျတဲ့။
- အဲဒါကြောင့် အမေရိကန်လုပ်တိုင်း သိပ်အဟုတ်ထင်မနေကြနဲ့။ ကိုလိုနီခေတ်အမွေအနှစ်တွေကို တယုတယပြုပြင်ထိန်းသိမ်းပြီး သေချာလည်းပြမစားနိုင်တာ ရှက်ဖို့ကောင်းတယ်လို့ ရေးခဲ့တယ်။ အဲဒါကိုတော့မလုပ်ဘဲ ခင်ဗျားတို့မျက်နှာဖြူအဘတွေက မင်းသုံးပါးရုပ်တုတွေ၊ ဗိုလ်ချုပ်ရုပ်တုတွေ၊ အာဇာနည်ရုပ်တုတွေအထိ ဘာမင်နိုင်ဇေးရှင်း၊ ဗမာ့ပြည်တွင်းကိုလိုနီနယ်ချဲ့စနစ်တို့၊ စစ်ကျွန်စနစ်တို့ဆိုပြီး ဖျက်ချဖို့ လျှောက်မြှောက်ပေးနေဦးမယ်။ မမြှောက်ပေးဘူးမထင်နဲ့။ ကိုယ့်လူတွေကလည်း သိပ်အတွေးအခေါ်ကိုယ်ခံအားမကောင်းတော့ ဘုန်းကြီးရူးနဲ့ လှေလူးတွေ့နေဦးမယ်။
No comments:
Post a Comment