- နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံကို ဝင်လာတဲ့အချိန်မှာ generic knowledge ပဲပါလာကြပါတယ်။ ဒေသန္တရအသိ local knowledge မရှိပါဘူး။ နိုင်ငံတစ်နိုင်ငံအကြောင်း သိနားလည်ဖို့ကလည်း အဲဒီနိုင်ငံမှာနေတဲ့ လူမျိုးစုံ၊ နောက်ခံစုံနဲ့ ဘာသာစကား အနည်းဆုံးတစ်ခုတော့ တတ်မြောက်ဖို့လိုတာမို့ အချိန်အများကြီးပေးရပါတယ်။ အဲဒါတွေကို နားလည်တတ်မြောက်သွားတဲ့အခါကျရင်လည်း သူတို့မှာဆန္ဒစွဲတစ်ခုခု၊ ခံယူယုံကြည်ချက်တစ်မျိုးမျိုး ဆုပ်ကိုင်ပြီးဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သံတမန်တွေကို ရာထူးကြီးလေ၊ တာဝန်ကျရာနိုင်ငံမှာ နှစ်အကြာကြီးမထားလေဖြစ်တာပါ။ သူတို့ရဲ့ဆုံးဖြတ်ချက်မှာ ပုဂ္ဂလဓိဋ္ဌာန်နဲ့ အဂတိတရားတွေ မစွန်းထင်းရအောင်ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေကတော့ ထူးခြားပါတယ်။ ၂၀၁၁ ခုနှစ် တိုင်းပြည်ထဲရောက်လာတဲ့ နိုင်ငံခြားသားတွေထဲမှာ တစ်မျိုးက နိုင်ငံအကြောင်း နကန်းတစ်လုံးမှမသိဘဲ ပရောဂျက်ပေါ်လာလို့ ပေါက်ချလာတဲ့ generic knowledge နဲ့လူတွေဖြစ်ပါတယ်။ နောက်တစ်မျိုးက နယ်စပ် သို့မဟုတ် တတိယနိုင်ငံမှာ ပြည်ပြေးတွေ၊ သူပုန်တွေနဲ့ ဒွေးရောယှက်တင်နေခဲ့တဲ့ local knowledge ရှိသူတွေဖြစ်ပါတယ်။ တချို့ဆို backpacker အဖြစ်နဲ့ ထိုင်းလိုနိုင်ငံမျိုးကို ရောက်လာမယ်။ လူနည်းစုတော်လှန်ရေးထဲဝင်ပါရင်း တချို့လူမျိုးစုတွေကို အကြောင်းပြုပြီး မြန်မာနိုင်ငံကို သံယောဇဉ်တွယ်သွားကြတဲ့အုပ်စုတွေပါ။ နိုင်ငံတံခါးဖွင့်တော့လည်း ပြည်တွင်းထဲရောက်လာကြပါတယ်။ ဒါပေမဲ့ သူတို့ရှိပြီးသား local knowledge အပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ် အမြင်မရှင်းသူတွေလည်း ပါလာပါတယ်။ ဝေဖန်ချင်တဲ့အချက်ကို ရောက်လာပါပြီ။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးရဲ့အကြောင်း local knowledge ဝမ်းစာမဖြည့်ဘဲ ပြည်ပက generic knowledge ကိုပဲ အတင်းသွတ်သွင်းချင်နေတဲ့ နိုင်ငံတွင်းက အရပ်ဖက်အဖွဲ့အစည်းဆိုတဲ့ အုပ်စုတချို့အကြောင်းပါ။ Generic knowledge မှာတောင် ဘယ်ဟာက ပညာရပ်စာပေ၊ ဘယ်ဟာက စည်းရုံးလှုံ့ဆော်ရေး၊ ဘယ်ဟာက သုတေသန၊ ဘယ်ဟာက နိုင်ငံရေးအရအသုံးချခြင်းဆိုတာ ခွဲခြားမသိတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့တွေဖြစ်ပါတယ်။ သိဖို့အရေးပါတယ်လို့လည်း သိဟန်မတူပါဘူး။ ဒါကြောင့် လွတ်လပ်သယောင်နဲ့ ကိုလိုနီနယ်ချဲ့စနစ်လောင်းရိပ်အောက်က မလွတ်မြောက်နိုင်ဘဲ ဖြစ်နေရရှာသူတွေပါ။ သူတို့ကိုယ်သူတို့ အကျင့်သီလမြင့်မြတ်သူနေရာကယူပြီး လူတကာကို လှည့်ပတ်ပြီး ရေ့စစ်၊ ဆက်စစ် ခေါ်နေတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။ သူတို့အဖိနှိပ်ခံနေရတဲ့စနစ်က သူတို့ထင်နေတဲ့အရာတွေမဟုတ်ပါဘူး။ သူတို့ရပ်တည်မှုအတွက် အတွေးအခေါ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနယ်ပယ်တွေမှာ သူတို့ကို ကျွန်ပြုကြီးစိုးထားတဲ့ အနောက်တိုင်းအရင်းရှင်နယ်ချဲ့ဝါဒရဲ့ Cultural Hegemony သာဖြစ်ပါတယ်။
Friday, June 12, 2020
Subscribe to:
Post Comments (Atom)
No comments:
Post a Comment