- ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီကို တရုတ်နဲ့ပတ်သက်ပြီး စိတ်ခုနေတာ အဲန်အယ်လ်ဒီမဟုတ်တဲ့အုပ်စုအားလုံးနီးပါးကပဲ။ အနောက်အုပ်စုမွေး အရပ်ဖက်အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေကစလို့ ယူအက်စ်ဒီပီနဲ့ တပ်မတော်အလယ် တတိယပါတီတွေနဲ့မျိုးချစ်တွေအဆုံးပဲ။
- သူတို့အမြင်မှာ အဲန်အယ်လ်ဒီအစိုးရဟာ တရုတ်နဲ့သိပ်နီးစပ်သွားတဲ့အတွက် သူတို့ကိုယ်တိုင်အတွက် လုပ်ကွက်မကျန်ဘူးဖြစ်ကုန်တယ်။ ၂၀၀၉ ခုနှစ်မှာ ထူးဆန်းစွာ ဂျွန် ယက်တောအမှုပေါ်ပေါက်ခဲ့ပြီး ဆီနတ်တာ ဂျင်မ် ဝက်ဘ်ကစလို့အမေရိကန်ဝင်လာဖို့ ချောင်းပေါက်သွားတယ်။ အမှန်က နှစ်ကုန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ပေါ်လစီကို ပြန်သုံးသပ်ဖို့က လုပ်ပြီးသား။ တရုတ် အင်အားကြီးနိုင်ငံဖြစ်လာတာကို မြန်မာပြည်ကနေ ဝင်ထိန်းချင်တာက အဓိကပဲ။ ဂျင်မ် ဝက်ဘ်၊ ကာ့တ် ကမ်းဘဲ၊ ဒဲရက် မစ်ရှဲ ဒီအမေရိကန်တွေအကုန်လုံးက အာရှရေးရာနဲ့ တရုတ်အကြောင်း လေ့လာလိုက်စားသူတွေဖြစ်တယ်။ သူတို့ကို အကြောင်းမဲ့ တာဝန်ပေးခဲ့တာမဟုတ်ဘူး။ အခုအသစ်ခန့်မယ့် အမေရိကန်သံအမတ်ကြီးကလည်း ယက်တောကိစ္စမှာ ဝါရှင်တန်ကို အစီအရင်ခံရတဲ့ အဲဒီအချိန်က သံရုံးဒုတိယအကြီးအကဲဖြစ်တယ်။
- ၂၀၁၁ မှာ အိုဘားမား၊ ကလင်တန်ပေါင်းပြီး "ပီဗော့တူအေးရှား" (အာရှကိုဗဟိုချက်ပြောင်း) တဲ့ မူဝါဒပုံပေါ်လာတယ်။ သမ္မတဦးသိန်းစိန်ကို အသိအမှတ်ပြုပြီး မြန်မာနိုင်ငံကို အနောက်အုပ်စုရင်ခွင်ထဲ ဆွဲသွင်းတယ်။ စစ်အစိုးက တရုတ်ကြောက်လို့ ပြောင်းပေးတယ်မထင်လေနဲ့။ သူက နောက်ဆယ်နှစ်လောက်တော့ အသာလေးစိမ်စောင့်နိုင်တယ်။ အဲဒီအချိန်မှာ မြန်မာနဲ့ပေါင်းဖို့ မအောင့်နိုင်တော့တာက အမေရိကန်နဲ့ အီးယူ။
- ဖြစ်ချင်တော့ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကြိုးဆွဲရာမပါဘူး။ လက်ပန်းတောင်းမှာ စပြီးခွာပြဲတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကန့်လန့်တိုက်တော့ ဆက်ဆံရေးက ပိုမပြေမလည်ဖြစ်လာတယ်။ ဦးသိန်းစိန်ကမှ မြစ်ဆုံမှာ တရုတ်ကို ကန်ပြသေးတယ်။ ဒေါ်စုက သူတို့ကိုကျော်ပြီး တရုတ်ဘက် အသာပေးလိုက်တဲ့အခါကျတော့ အနောက်ဆရာများ စိတ်မဆိုးပေမဲ့ ကျွဲမြီးတိုကြတယ်။
- အဲန်အယ်လ်ဒီအစိုးရလည်းဖြစ်လာရော ဒေါ်စုကို အသုံးမကျတော့ဘူးယူဆလို့ ဘင်္ဂါလီ/ရိုဟင်ဂျာအရေးနဲ့ ဖယ်ထုတ်ဖို့ကြိုးစားတယ်။ အဲဒါ အနောက်အုပ်စုနဲ့ သူတို့အောက်ဆွဲ တစ်တွဲလုံးပဲ။ တခြားတစ်ဖက်မှာလည်း တရုတ်က ထုံးစံအတိုင်း အာဏာရတဲ့အစိုးရနဲ့ပစ်ပေါင်းတယ်။ အနောက်အဖွဲ့တွေနဲ့တရုတ်ရဲ့အနေအထားက ဉီးသိန်းစိန်လက်ထက်ကနဲ့ ပြောင်းပြန်ဖြစ်သွားတယ်။
- တခြားပါတီတွေနဲ့ တပ်ကအရေးမပါသလို၊ ဘေးဖယ်ခံရသလိုဖြစ်လာတယ်။ ဒါပေမဲ့မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်လို့ တရုတ်ဘက်ဗုံးဆံကျရင်တော့ တပ်က တရုတ်ရဲ့ အပြောဆိုခံထိတယ်။ ဒီလိုနဲ့ ဒေါ်စုနဲ့ အဲန်အယ်လ်ဒီကို တခြားအဖွဲ့အားလုံးလိုလိုက အစာမကြေဖြစ်လာတယ်။
- အဲဒီအစာမကြေခြင်းများဟာလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်နေတယ်။ ဒါကြောင့် အနောက်နိုင်ငံသား သတင်းစာဆရာတွေရေးတာကိုလည်း သိပ်အဟုတ်ထင်မနေကြနဲ့။ သူတို့လည်း ပိုက်ဆံမရဘဲ ထိုင်ရေးနေတာမဟုတ်ဘူး။ အချက်အလက်ကိုပဲ ယူချင်ယူ။ သုံးသပ်ချက်က ကိုယ့်နိုင်ငံအကြောင်း ကိုယ်အသိဆုံးမို့ ဦးနှောက်ကလေးကိုသုံးပြီး စဉ်းစားကြပါ။
Saturday, June 6, 2020
Subscribe to:
Post Comments (Atom)
No comments:
Post a Comment