- မြန်မာပြည်က တောင်အာရှအနွယ် မွတ်စလင်အများစုရဲ့ အနေအထားက ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာအကြမ်းဖက်မှု (structural violence) ကိုအကြောင်းပြပြီး အုပ်စုအခွင့်အရေးကိုတောင်းနိုင်တဲ့ သမိုင်းပေးထားချက်နဲ့ ပကတိအခြေအနေမျိုးမရှိပါဘူး။
- ဘာကြောင့်လည်းဆိုတော့ မြန်မာဘုရင်များလက်ထက်အထိ ပြန်ကြည့်လိုက်ရင် သူတို့ဟာ ပါဠိစာ၊ သက္ကဋစာအထိ တတ်ကျွမ်းတဲ့ ပညာရေး၊ အုပ်ချုပ်ရေးထိပ်ပိုင်းက လူတွေဖြစ်ခဲ့တယ်။ ကိုလိုနီခေတ်ရောက်တော့လည်း လူဉီးရေတိုးတက်လာတဲ့အပြင် စီးပွားရေးနဲ့နိုင်ငံရေးမှာပါ အင်အားကြီးလာတယ်။ အမြို့မြို့အနယ်နယ်မှာ ဆောက်ခဲ့ကြတဲ့ ဗလီကြီးငယ်တွေက သက်သေပဲ။ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ မြန်မာတွေက လူနည်းစုဖြစ်ခဲ့တယ်။ အထက်ပိုင်း ရာထူးဌာနန္တရမှာ မြန်မာနည်းသလို အောက်ခြေသိမ်းလုပ်ငန်းတွေမှာလည်း မြန်မာက လူနည်းစုပဲ။
- ဉီးနေဝင်းတက်ပြီး တခြားနိုင်ငံကို ထွက်သွားရတာ၊ အက်ဖ်အာစီတွေ နှိပ်ကွပ်ခံရတာ၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားရေးမှာ အဖိနှိပ်ခံရတာမှာ မွတ်စလင်တွေဟာ တရုတ်၊ ဟိန္ဒူ၊ အခြားသွေးနှောလို့သတ်မှတ်ခံရသူ ကပြားလူမျိုးများနဲ့ ဘာမှမထူးပါဘူး။ လဝကရုံးရောက်ရင် ဘိုးစဉ်ဘောင်ဆက် အားလုံးတို့ဗမာဆိုပြီး ခပ်တည်တည်နဲ့ အခိုင်အမာပြောတတ်တာမှာတော့ သူတို့က နည်းနည်းသာပါတယ်။ မလေးရှားမှာဆိုလည်း မလေးတွေက သူတို့ကိုယ်သူတို့ ဘူမိပုတ္တရလုပ်ပြီး တမီလ်ကုလားနဲ့ တရုတ်တွေကို ခွဲခြားတော့လည်း ခံကြရတာပဲ။
- ဒီလိုမျိုးခွဲခြားဆက်ဆံခံရမှုက ဥပဒေရေးရာ၊ အဖွဲ့အစည်းရေးရာနဲ့သာ သက်ဆိုင်ပြီး လူမှုစီးပွားတည်ဆောက်ပုံအထိ စွပ်စွဲပြစ်တင်ရလောက်အောင် နက်ရှိုင်းမှုမရှိပါဘူး။ အခု တချို့လူပုဂ္ဂိုလ်နဲ့ အဖွဲ့များက ကုလားလို့မခေါ်ဖို့ ကမ်ပိန်းလုပ်ကြတယ်ဆိုတာက မြန်မာနိုင်ငံနဲ့ လုံးဝမတူညီသော ကျေးကျွန်စနစ် သမိုင်းကြောင်းနောက်ခံရှိတဲ့ အမေရိကန်ပြည်က လူမည်းတွေရဲ့အနေအထားနဲ့နှိုင်းယှဉ်ပြီး ပုံစံခွက်တစ်ခုထဲကို အတင်းသွင်းနေတာသာဖြစ်ပါတယ်။
- လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ ကုန်သွယ်ဖောက်ကားခွင့်၊ ပညာသင်ကြားခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေကို တရားဥပဒေအရ ပိတ်ဆို့ခံနေရတာမဟုတ်ဘူး။ လူမျိုးနဲ့ဘာသာကိုအခြေခံပြီး အပြစ်ဒဏ်ပေး ထောင်ထဲပို့ ကွပ်မျက်ခံနေရတာလည်းမဟုတ်ဘူး။ ဒါကြောင့် နာဇီအစိုးရလက်ထက် ဥရောပက ဂျူးလူမျိုးတွေရဲ့အခြေအနေမျိုးနဲ့လည်းမတူပါဘူး။
- မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စမဟုတ်သလို စည်းလုံးညီညွတ်မှုကို ပိုပြိုကွဲစေမယ့်ကိစ္စသာဖြစ်ပါတယ်။ မြန်မာပြည်ဖွား တရုတ်မျိုးနွယ်များ၊ တောင်အာရှနွယ် ဟိန္ဒူဘာသာဝင်များနဲ့လည်း နှိုင်းယှဉ်ချိန်ထိုးလို့ရပါတယ်။ သူတို့လည်း စနစ်ရဲ့ခွဲခြားဆက်ဆံမှုဒဏ်ကို ခံခဲ့ကြ၊ ခံနေရဆဲသူတွေပါ။ ဒါပေမဲ့ ကြွက်မနိုင်လို့ ကျီကိုမီးမရှို့ရပါဘူး။
Wednesday, June 10, 2020
Subscribe to:
Post Comments (Atom)
No comments:
Post a Comment