Thursday, January 28, 2021

 ၁) ကိုဗစ်ကာလကြီးထဲ ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဘဲ ဇွတ်တိုးလုပ်ရာက စဖြစ်တဲ့ ပြဿနာပဲ။ အတိုက်အခံက တောင်းဆိုတဲ့အတိုင်း တစ်လလောက်ဖြစ်ဖြစ် ရွှေ့ပေးခဲ့ရင်တောင် မျှတပါတယ်လို့ ပြောစရာကျန်ခဲ့ဦးမှာ။

၂) ဒုတိယအကြိမ်လွှတ်တော် အထူးအစည်းအဝေးလည်း ခေါ်ပေးလိုက်ရင် ရတာပဲ။ လုပ်ထုံးလုပ်နည်းအရ ဘောင်မကျော်သလို ရှုံးသူပြိုင်ဘက်ကို closure ပေးပြီးလည်း ဖြစ်ခဲ့မယ်။
၃) ရွေးကောက်ပွဲကို ကိုယ်အပြတ်အသတ်နိုင်တယ်ဆိုပြီး တပ်ကို မညှိလို့ မရဘူး။ သူက ၆(စ) ကို တကယ်ယုံလို့ရော၊ ပါချင်လွန်းလို့ရော ရည်ရွယ်ချက်ရှိရှိ အခြေခံဥပဒေထဲ ထည့်ထားတာ။ လက်တွေ့မှာ လွန်ခဲ့တဲ့ငါးနှစ်အတွင်း သူရေးထားတဲ့အတိုင်း ဦးမဆောင်ရတော့ မကျေနပ်မှာ အမှန်ပဲ။
၄) အနည်းဆုံး လာမယ့်ငါးနှစ်မှာလည်း တပ်က ဦးဆောင်နိုင်ဖို့ ပိုဝေးသွားပြီဆိုတော့ အစိုးရနဲ့ အမြဲ ထိပ်တိုက်တွေ့နေရမှာကို စိတ်ပျက်ပြီး လက်ဦးမှုယူ၊ ခြိမ်းခြောက်တာဖြစ်တယ်။
၅) တပ်ချုပ်မှာလည်း နဝတ၊ နအဖ ခေါင်းဆောင်များနဲ့ ၂၀၁၀ အလွန် စစ်တစ်ပိုင်း သမ္မတလို လုံခြုံရေးအာမခံချက် မရှိဘူး။
၆) ဒီကြားထဲ အိုင်စီစီ၊ အိုင်စီဂျေတွေ ဝင်လာတော့ တပ်က မထိန်းထားနိုင်တာတွေ ပိုများလာတယ်။ နိုင်ငံတကာကို မထိန်းနိုင်သလို ပြည်တွင်းပဋိပက္ခကိုလည်း မထိန်းနိုင်ဘူး။ ယုတ်စွအဆုံး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတောင် မထိန်းနိုင်ဘူး။
၇) ဝင်ပါချင်လို့၊ ထိန်းချင်လို့ ရေးထားတဲ့ အခြေခံဥပဒေနဲ့တောင်မှ မပါရတာ၊ မထိန်းနိုင်တာတွေများလာတော့ တပ်က စိတ်နာလာတယ်။
၈) တပ်လိုချင်တာကို မညှိနှိုင်းရင်၊ မလျှော့ပေးရင် ဘာဖြစ်နိုင်မလဲ။ ပထမပြဿနာက သူဘာလိုချင်တယ်ဆိုတာ သေသေချာချာ မသိရသေးတာပဲ။ ဒုတိယပြဿနာက လိုချင်တာကို သိရရင်လည်း အစိုးရဘက်က လုပ်ပေးလို့ ဖြစ်မဖြစ် ဆိုတာပဲ။
၉) ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားတယ်ဆိုတာက အပေါ်ယံအကြောင်းပြချက်ဖြစ်တယ်။ အောက်ခြေမှာ ဒီ့ထက် ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခရှိတယ်။ အဲဒါကို မသိကျိုးကျွံပြု ဖုံးဖိထားလို့မရဘူး။
၁၀) အာဏာမသိမ်းဘူးပဲထား၊ နောက်ငါးနှစ်အတွင်း အစိုးရအ‌နေနဲ့ တပ်က ဘာဒုက္ခပေး ဝင်ပါလာမလဲ စိတ်တထင့်ထင့်နဲ့ အုပ်ချုပ်နေရလည်း မကောင်းဘူး။
၁၁) အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဆိုတာ တပ်က အာဏာသိမ်းမှ ဆုတ်ယုတ်တာမဟုတ်ဘူး။ အာဏာသိမ်းတယ်ဆိုတာ တပ်က အားနည်းလာတယ်လို့ ခံစားရလို့လည်း ဖြစ်နိုင်တယ်။ တပ်က ဖြစ်စဉ်တွေအပေါ် သူထိန်းချုပ်လို့ရနေသေးတယ် ထင်နေရင် သိမ်းစရာအကြောင်းမရှိဘူး။
၁၂) ဒါကြောင့် အာဏာသိမ်းတာမျိုးမရှိဘဲ အရပ်သားအစိုးရကိုလည်း မလေးစား မနာခံ၊ အစိုးရအုပ်ထိန်းမှုအောက်မှာလည်းမရှိဖြစ်ပြီး တပ်ရဲ့ အင်အားကြီးထွားလာရင်လည်း ဒီမိုကရေစီကို မဖော်ဆောင်နိုင်ဘူး။ ဖက်ဒရယ်စနစ်တော့ ဝေးရော။
၁၃) အခုပြောခဲ့တာတွေအကုန်လုံးက ကိုယ့်ပြည်တွင်းက အဖွဲ့အစည်းအချင်းချင်း ညှိနှိုင်းဆွေးနွေး အဖြေရှာကြဖို့က အဓိကပဲ။ နိုင်ငံတကာကို ဆွဲမထည့်တာ အကောင်းဆုံးပဲ။ များသောအားဖြင့် အင်အားကြီးနိုင်ငံတွေဟာ ပြည်တွင်းနိုင်ငံရေးကို ပိုမိုရှုပ်ထွေးစေတယ်။
၁၄) တပ်ကို ဆဲနေရင်လည်း အလကားပဲ။ သူက အရေးပါတဲ့ player ဖြစ်သလို gamemaster လည်း သူပဲဖြစ်နေတယ်။ ဒီမိုကရေစီဖတ်စာအုပ်ထဲက သင်ခန်းစာတွေနဲ့ မြန်မာတပ်ကို တရားချလို့ မရဘူး။ ဒီ game က သူ့အတွက် သူထွင်ထားတာ။
၁၅) တပ်ကို နိုင်ငံရေးက ဆုတ်ခွာစေချင်ရင် သူ့အဖွဲ့အစည်းအကျိုးစီးပွားအတွက် အဲဒီလိုလုပ်တာ‌ ကောင်းကြောင်း ဖြည်းဖြည်းချင်း သက်သေပြနိုင်အောင်ကြိုးစားပါ။ ဒီဗျူဟာမှာ ဖြတ်လမ်းတော့ မရှိ၊ တီထွင်ဖန်တီးဉာဏ်နဲ့ ကံတော့ လိုလိမ့်မယ်။ ဒီလောက်ပါပဲ။

No comments:

Post a Comment