နော်ဝေးတက္ကသိုလ်တွေမှာ အင်္ဂလိပ်လို အတော်ပြော၊ အတော်ရေးကြတယ်။ အင်္ဂလိပ်လိုပဲသင်တဲ့ အတန်းတွေလဲ အတော်များများရှိတယ်။ တချို့အတန်းတွေမှာဆို အင်္ဂလိပ်စကားပြောကျောင်းသားက သုံးလေးယောက်ပဲပါပေမယ့် နော်ဝေးကျောင်းသားလူများစုက အင်္ဂလိပ်လို လိုက်ပြောရတာပဲ။ တက္ကသိုလ်ရဲ့ ပေါ်လစီကလဲ နော်ဝေ၊ အင်္ဂလိပ်နှစ်ဘာသာ သုံးဖို့ပဲ။ ပြင်သစ်၊ ဂျာမနီစတဲ့ နိုင်ငံကြီးတွေမှာ လို လူမျိုးဘာသာစကားကို သိပ်စွဲလမ်းနေစရာအကြောင်းလဲ နော်ဝေးတွေမှာ မရှိဘူး။ တစ်နိုင်ငံလုံးမှာမှ လူဦးရေက ငါးသန်းကျော်ပဲ ရှိတာ။ ဒီလူဦးရေထဲမှာ နော်ဝေးစကားက bokmål နဲ့ nynorsk ဆိုပြီး အဓိကနှစ်မျိုးကွဲတယ်။ ဒေသအလိုက် ပြောတဲ့စကားတွေလဲ ကွဲသေးတယ်။ သူတို့တိုင်းပြည်ကို တည်ဆောက်တဲ့အချိန်မှာ ဘာသာစကားကွဲပြားမှုတွေကို လက်ခံပြီး ဘာသာစကားတစ်မျိုးထဲအပေါ် အခြေခံပြီး မလုပ်ခဲ့တာလဲပါတယ်။
ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေးဆိုတဲ့ စကင်ဒီနေးဗီးယားသုံးနိုင်ငံက စကားတွေလဲ အတော်ကလေးတူကြတယ်။ အရေးမှာ နော်ဝေးနဲ့ ဒိန်းမတ် ဘာသာစကားတွေ အားလုံးနီးပါးတူတယ်။ ဒိန်းမတ်ဝတ္ထုတစ်အုပ်ကို နော်ဝေတစ်ယောက် ဖတ်ရင် အကုန်နားလည်တယ်။ ဆွီဒင်စကားကို ဒိန်းမတ်လူမျိုးတစ်ယောက်က ကြိုးစားနားထောင်ရင် နားလည်တယ်။ ကျွှန်တော့်ဆရာ ဆွီဒင်သားက အော်စလိုတက္ကသိုလ်မှာ တစ်ပတ် လေးရက် အလုပ်လာပေမယ့် နော်ဝေလုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ရင် ဆွီဒင် သို့မဟုတ် အင်္ဂလိပ်စကားပြောပြီး ဆက်သွယ်တာပဲ။ တက္ကသိုလ်ဆရာအများစုက ပညာရပ်ဆိုင်ရာဂျာနယ်ဆောင်းပါးတွေကိုလဲ အင်္ဂလိပ်လိုပဲ ရေးကြ၊ ထုတ်ဝေကြတယ်။
မြန်မာပြည်ပညာရေးမှာ အင်္ဂလိပ်လို ဖတ်ကြ၊ ရေးကြ၊ ပြောနေကြပြီဆိုတာတော့ ကောင်းတယ်။ ဒါပေမဲ့ အဆင့်မြင့်ပညာရေးမှာ တန်းမီဖို့ ဆိုတာက အခြေခံပညာရေးမှာတင် အများကြီး ပျိုးထောင်ပြင်ဆင်ပေးလိုက်ဖို့လဲ လိုသေးတယ်။ မြန်မာလူမျိုးတိုင်း အင်္ဂလိပ်စကား မွတ်နေအောင်ပြောနိုင်မယ်ဆိုရင် ကောင်းပေမယ့် ဘာသာစကားဟာ အသိပညာ၊ အတတ်ပညာတွေကို လှမ်းနှိုက်လို့ရမယ့် ကိရိယာတန်ဆာပလာသဘောမျိုးပဲ။ ခေါက်ရိုးကြေ ခုနစ်ဆွေး ရှစ်ဆွေးသင်ရိုးအဟောင်းတွေ၊ စဉ်းစားတွေးခေါ်မှုကိုအားမပေးတဲ့ သင်ကြားမှုပုံစံနည်းစနစ်တွေ၊ မီးကျိုးမောင်းပျက် အင်္ဂလိပ်စာသက်သက်နဲ့တော့ မြန်မာနိုင်ငံသားတစ်ရပ်လုံးရဲ့ ပညာရည်အဆင့်အတန်းမြင့်လာဖို့ မရှိပါဘူး။ ဟိုတစ်တို့ ဒီတစ်တို့ အပေါ်ယံတွေ လျှောက်လုပ်နေရင် ပညာရေးစနစ်ဟာ နောက်အနှစ်နှစ်ဆယ်လဲ ဒီလိုပဲသွားမှာပဲ။
နော်ဝေးက တက္ကသိုလ်တွေ၊ ကျောင်းသားတွေကို ကြည့်ရတာ စိတ်ချမ်းသာတယ်။ ချမ်းသာတဲ့နိုင်ငံဖြစ်တာလဲ ပါတာပေါ့။ ပြင်သစ်မှာလိုတောင် ကျောင်းသားမို့လို့ ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့နေရတဲ့ပုံစံမျိုး သိပ်မတွေ့ရဘူး။ ကျောင်းနေရာ ကျယ်ဝန်းတယ်။ အဆောက်အအုံတိုင်းမှာ စာသင်ခန်းမတွေ အများကြီးပဲ။ စာသင်ခန်းတိုင်းလဲ အင်မတန် သန့်ရှင်းတယ်။ စားပွဲခုံတွေပေါ် လက်ဆော့ပြီး ရေးခြစ်ထားတာမျိုးမရှိ။ အတန်းချိန်ရှိတော့မှ စာသင်ခန်းထဲကို ဝင်ခွင့်ကတ်ရှိတဲ့ဆရာ သို့မဟုတ် ဝန်ထမ်းက ကုဒ်ရိုက်ထည့်ပြီး ဝင်ရတယ်။ စာကြည့်ဖို့ နေရာ၊ ကွန်ပြူတာအများကြီးထားပေးတဲ့အပြင် တိတ်ဆိတ်နေရာဆိုပြီး အနှောက်အယှက်နည်းနည်းနဲ့ စာကြည့်စာဖတ်နိုင်ဖို့ နေရာတွေလဲ သီးသန့်လုပ်ပေးထားသေးတယ်။ အတန်းဖော်အချင်းချင်းဆုံပြီး စာစုလုပ်နိုင်တဲ့ အစည်းအဝေးခန်းတွေလဲရှိတယ်။ အဲဒီလို အခန်းတစ်ခုစီမှာ တီဗီကြီးတွေ၊ တယ်လီကွန်ဖရင့်စ်လုပ်ဖို့ စက်ပစ္စည်းတွေပါ အပြည့်တပ်ပေးထားတယ်။
မင်း ကြွားရန်ကောကွာ ဒါတွေက တခြားချမ်းသာတဲ့ တိုင်းပြည်တွေမှာလဲရှိပါတယ်လို့ ပြောလာရင် နော်ဝေးပညာရေးစနစ်ဟာ အများပြည်သူဆိုင်ရာ ပညာရေးစနစ်ပါဆိုတာ သတိပေးချင်တယ်။ ကျောင်းသားဆီက ကျောင်းလခတွေ တနင့်တပိုးယူ၊ ကျောင်းသားကို စာဖြောင့်ဖြောင့် မကြည့်နိုင်အောင် အကြွေးလည်ပင်းနစ်နေအောင်လုပ်၊ ကျောင်းပြီးမှ ပညာရေးအတွက် ကုန်ထားရသမျှ လစာကောင်းကောင်းရတဲ့ အလုပ်ပြန်ရှာကြဆိုပြီး ပညာရေးကို ဈေးကွက်ဆန်ဆန် လုပ်ထားတဲ့ ပညာရေးစနစ်မျိုးမဟုတ်ပါဘူး။ ပညာရေးကို လူ့အခွင့်အရေးတစ်ခုအဖြစ်၊ အများအကျိုးပြုလုပ်ငန်းစဉ်အဖြစ် အခွန်ထမ်းတွေရဲ့ငွေ၊ နိုင်ငံရဲ့ဘဏ္ဍာနဲ့ ကျခံသုံးစွဲထားတာပါ။ တစ်နည်းပြောရရင် နိုင်ငံက ပညာရေးထဲမှာ အများကြီး ရင်းနှီးမြှပ်နှံထားတဲ့ စနစ်ပါ။ မြန်မာနိုင်ငံမှာ စစ်တပ်ကို အလိုလိုက် အကြိုက်ဆောင်ချင်လို့ စစ်စားရိတ်တွေ အခုအတိုင်း ဆက်ပေးထားဖို့ သို့မဟုတ် တိုးပေးဖို့စဉ်းစားမယ်ဆိုရင် ကျောင်းသားတွေက ပညာရေးအသုံးစရိတ်ကို လက်ရှိအနေထက် သိသိသာသာကြီး တိုးမြှင့်စေချင်တာ မလွန်ပါဘူး။ တပ်ကိုပြုပြင်ပြောင်းလဲဖို့လိုအပ်သလိုပဲ ပညာရေးစနစ်မှာ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့လိုတယ်
No comments:
Post a Comment