Sunday, November 19, 2017

မြန်မာနိုင်ငံသားများဟာ အရူးတွေမဟုတ်

လွန်ခဲ့တဲ့ရက်ပိုင်းက မိတ်ဆွေတစ်ယောက်က ကျွန်တော် သူ့ကို ပြောလိုက်တဲ့ စကားတစ်ခွန်းကို မကျေနပ်လို့ "ကျွန်တော်က အရူးမဟုတ်ဘူးဗျ။"လို့ တုံ့ပြန်ပါတယ်။ ပြောဖြစ်တဲ့ အကြောင်းအရာကလဲ အခုအချိန်ထိ အတော်လေး ပူပူနွေးနွေးဖြစ်နေဆဲ ရခိုင်အရေး (ဝါ) ဘင်္ဂါလီ/ရိုဟင်ဂျာအရေး ဖြစ်ပါတယ်။ သူနဲ့ သဘောတူတာ မတူတာ ခဏထားလို့ သူပြောလိုက်တဲ့စကားနဲ့ ဆက်စပ်ပြီး ကျွန်တော့်ခေါင်းထဲ ဖြတ်ခနဲ ဝင်လာတဲ့ အတွေးတစ်ခု ရှိတယ်။ အဲဒါကတော့ "မြန်မာနိုင်ငံသားများဟာ အရူးတွေမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးဟာ မောဟဖုံးလွှမ်းနေတဲ့ ဥာဏ်ထုံထိုင်းတွေမဟုတ်ဘူး" ဆိုတာပဲ။ 

လူခြောက်သိန်းလောက် ဒုက္ခပင်လယ်ဝေနေတာကို မသနားရကောင်းလားဆိုပြီး ကျွန်တော်တို့ကို ကမာ့္ဘနိုင်ငံအမြောက်အမြားက ပြစ်ချက်ပေါင်းစုံနဲ့ စွပ်စွဲနေတဲ့အပြင် လူမျိုးရေးခွဲခြားသူတွေ၊ ရက်စက်သတ်ဖြတ်မှုကို အားပေးတဲ့ ဖျက်စီးရေးသမား ဗုဒ္ဓဘာသာမျက်ကန်းမျိုးချစ်များအဖြစ် သရုပ်ဖော်လျက်ရှိပါတယ်။ သူတို့ကသာ အကြမ်းဖက်သမားတချို့ လုပ်ရပ်ကြာင့် သူတို့သနားတဲ့သူတွေကို လူမျိုးနဲ့ချီပြီး တစ်အုပ်လုံး မနှိပ်ကွပ်ဖို့ ပြောနေပေမယ့် ကိုယ်တွေကိုကျတော့ ကိုးကွယ်တဲ့ဘာသာအပါအဝင် တစ်နိုင်ငံလုံးကို လူဆိုးလူယုတ်မာဖြစ်အောင် သိမ်းကြုံးပြီး သားပုတ်လေလွင့် လုပ်နေကြတာပဲ။

အပြောခံရတဲ့အထဲမှာ တိုင်းပြည်ခေါင်းဆောင်တွေကအစ၊ သတင်းစာဆရာများ၊ ကာတွန်းဆရာများအလယ် ဘုန်းကြီးနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများပါ မကျန်ဘူး။ အများညီရင် ဤကို ကျွဲဖတ်တယ်ဆိုတာ ဒီလိုပါလားဆိုတာ အခုမှ မျက်မြင်ကြုံတွေ့ရတယ်။ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်ဆိုတဲ့ မြန်မာဆိုရိုးစကားဟာလဲ ဒီအရေးမှာ လွဲနေဟန်တူတယ်။

ဗုဒ္ဓဘာသာတို့၊ အမျိုးသားရေးဝါဒ အစွန်းရောက် မရောက်တို့ကို မစဉ်းစားနဲ့ဦး။ မဟုတ်တမ်းတရားတွေ ကြားလာရင် ခံပြင်းတတ်တာ၊ မနှစ်မြို့တာ လူ့သဘာဝ ဖြစ်ပါတယ်။ အဲဒါဟာ လူသားရဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ်က ပေါက်ဖွားလာတဲ့ ဇာတိစိတ်သာ ဖြစ်တယ်။အချို့သော အကြောင်းခြင်းရာများမှာ ဖြစ်ရပ်မှန်ဟာ တစ်မျိုးသာရှိနိုင်တဲ့အတွက် မဟုတ်ရင် မခံချင်တဲ့စိတ်ဓာတ်နဲ့ တုံ့ပြန်ကြတာ အများကြီးပါတယ်။ မုသားကို ရွံ့မုန်းကြသူတွေထဲမှာ မြန်မာဟာ ခြွင်းချက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။

စစ်အာဏာရှင်အဆက်ဆက်ရဲ့ ရာစုဝက်လောက် လှည့်ဖြားအုပ်ချုပ်မှုအမျိုးမျိုးကို ယဉ်ပါးပြီးသား လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံဟာ ဒီမိုကရေစီအစိုးရခေတ်မှာမှ မောဟတိမ်သလ္လာတွေကြောင့် ထုံထိုင်း မိုက်မဲသွားရတယ်လို့ ထင်ကြရင်တော့ အဲဒီလို ထင်သူတွေဟာ ကျွန်တော်တို့ရဲ့ အသိဥာဏ်အဆင့်အတန်းကို သိပ်စော်ကားလွန်းရာကျနေပြီလို့ပဲ ပြောပါရစေ။ အထူးသဖြင့် မြန်မာလူငယ်တွေကို တဒင်္ဂ ထင်ပေါ်ကျော်ကြားမှုနောက်ကိုမလိုက်ဘဲ အစစ်အမှန် အနှစ်သာရရှိသူများဖြစ်အောင် ကြိုးစားစေချင်တယ်။

မြန်မာနိုင်ငံသားများဟာ အရူးတွေမဟုတ်ဘူးဗျ။

No comments:

Post a Comment