ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့နိုင်ငံတွေမှာ
တပ်ကို နိုင်ငံရေးက ဆုတ်ခွာစေချင်ရင် သိမ်သိမ်မွေ့မွေ့လုပ်ဆောင်ရတဲ့
အခြင်းအရာနှစ်ခုရှိပါတယ်။
ပထမတစ်ခုက တပ်ရဲ့ ခြိမ်းခြောက်မှုမှတ်ယူထင်မြင်ချက် (threat perception) ကို ပြည်တွင်းကနေ ပြည်ပသို့ (from internal to external) ပြောင်းလဲယူရပါတယ်။ စစ်တပ်ရဲ့ အဓိကတာဝန်ဟာ အသေးစားရာဇဝတ်ပြစ်မှုတွေကို လိုက်ဖြေရှင်းပေးနေရတာမျိုး မဖြစ်စေရပါဘူး။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရှိနေသေးရင်လည်း စစ်တပ်ဟာ သူ့ရဲ့ ပြည်တွင်းခြိမ်းခြောက်မှု မှတ်ယူထင်မြင်ချက်ကို ကျော်လွန်ပြင်ဆင်နိုင်ဖို့ ခက်ခဲလိမ့်မယ်။

ဒီမိုကရေစီလိုလားတဲ့သူတွေအနေနဲ့ တပ်မတော်ကို ပြည်ပရန်ကာကွယ်တဲ့
တာဝန်ဘက်ကိုသာ အာရုံလွှဲစေချင်တယ်၊ အာရုံစူးစိုက်စေချင်တယ်ဆိုရင်
ပြည်တွင်းရေးမှာ တပ်အတွက် လုံခြုံစိတ်ချမှုနည်းပါးစေတဲ့ အခြေအနေတွေကို
ဖယ်ရှားဖို့ ကြိုးစားရပါမယ်။ ပြည်တွင်းလုံခြုံရေးကို ရဲ၊ ပြည်သူ့စစ်နဲ့
သက်ဆိုင်ရာဝန်ကြီးဌာနများက မိမိတို့ဘာသာ နိုင်နင်းစွာ တာဝန်ယူနိုင်ဖို့
လိုအပ်ပါတယ်။ ပြည်တွင်းရန်ကာကွယ်ဖို့ အဆိုပါအဖွဲ့အစည်းများကို
တပ်ကမျက်နှာလွှဲသွားနိုင်ဖို့ နိုင်ငံရဲ့ ပြည်ပရန်တွေကိုလည်း အရပ်ဘက်က
ကူညီသတ်မှတ် ဖော်ထုတ်ပေးဖို့ ကြိုးစားသင့်ပါတယ်။ တပ်မတော်ရဲ့
ကာကွယ်ရေးစက္ကူဖြူစာတမ်း (defence white paper) ရေးဆွဲရာမှာ
အရပ်သားပညာရှင်တွေနဲ့ ပြည်သူ့အဖွဲ့အစည်းတွေအနေနဲ့
ပါဝင်အကြံပြုဆွေးနွေးခွင့်ရအောင် ဆောင်ရွက်ရပါတယ်။
တပ်နဲ့ပြည်သူအကြား ယုံကြည်မှုတည်ဆောက်နိုင်ပြီဆိုရင် တပ်မတော်ရဲ့ သဘောတရားရေးသွတ်သွင်းမှု (indoctrination) မှာတောင် ပြည်သူက ကိုယ်လိုချင်တဲ့ပုံစံ တဖြည်းဖြည်း ပုံသွင်းပေးနိုင်ပါတယ်။ စစ်တက္ကသိုလ်တွေရဲ့ သင်ရိုးကို ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောညီထွေဖြစ်လာအောင် ပြင်ဆင်လာနိုင်မှာ ဖြစ်ပါတယ်။
ခြိမ်းခြောက်မှုမှတ်ယူထင်မြင်ချက် ထဲ ထည့်ထားလို့ အဲဒီနိုင်ငံတွေနဲ့ မဖြစ်မနေ စစ်တိုက်ရမယ်လို့ မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုပုံစံကို လေ့လာကြည့်ရင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် ဘယ်နိုင်ငံတွေကို ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ပြင်ဆင်နေတယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်တယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်ထဲ 'ဆင်ဖြူရှင်' လေ့ကျင့်မှုလုပ်သွားတာရှိတယ်။ မကြာသေးခင်က ရုရှနဲ့တရုတ် လုပ်သွားတဲ့ Vostock-2018 လေ့ကျင့်ခန်းတွေဆို မူလက ရုရှအနေနဲ့ တရုတ်နဲ့ စစ်ဖြစ်ခဲ့ရင်ဆိုတဲ့ ဇာတ်ညွှန်း အတွက် ခန့်မှန်းပြင်ဆင်ထားတာလို့ တချို့ပညာရှင်များက သုံးသပ်ကြတယ်။ အခုကျတော့ နေတိုးဘက်ကလည်း ရုရှ-တရုတ်ဝင်ရိုးလို့ ရန်အဖြစ် သတ်မှတ်ညာသံပေးနေသလို ရုရှနဲ့ တရုတ်ရဲ့ အနောက်နိုင်ငံတွေ (အဓိကအားဖြင့် အမေရိကန်-ဗြိတိန်)နဲ့ ဆက်ဆံရေးဟာလည်း အတော် တင်းမာလာတာကို တွေ့ရမှာဖြစ်တယ်။

No comments:
Post a Comment