Wednesday, October 18, 2017

Francis Wade ရဲ့ Myanmar's Enemy Within စာအုပ်ကိုလဲ ဖတ်နေတာ တစ်ဝက်ကျိုးနေပြီ။ မြန်မာနိုင်ငံအကြောင်းရေးတဲ့ တခြားစာအုပ်အများစုနဲ့ ယှဉ်ရင် မျှမျှတတရှိပြီး သေသေချာချာ သုတေသနလုပ်ထားတဲ့ စာအုပ်ဖြစ်တယ်။ စာအုပ်သုံးသပ်ချက် အပြည့်အစုံကို ရေးချင်ပေမယ့် အချိန်မရဘူး။ သို့သော် ဖတ်ပြီးသလောက်မှာ ဘဝင်မကျတာ သုံး၊ လေးချက်တော့ရှိတယ်။ စာရေးဖို့ အပျင်း နည်းနည်းထူတာနဲ့ လွယ်လင့်တကူပဲ ဒီလို အတိုချုပ် ရေးမယ်။

၁) ၂၀၁၂ ခုနှစ် တောင်ကုပ်မှာ မွတ်စလင်ခရီးသည်တွေ အသတ်ခံရပြီးနောက် ရခိုင်မြောက်မှာ ဘင်္ဂါလီမွတ်စလင်တွေ ထသောင်းကျန်းတဲ့အကြောင်းကို စာတစ်ကြောင်းလောက်ပဲရေးတယ်။ ဒီလိုဖြစ်လာဖို့ ဘယ်လို လှုံ့ဆော် တိုက်တွန်းမှုတွေ ရှိခဲ့တယ်ဆိုတာ မစူးစမ်းထားဘူး။ နာဇီရွာကို ရခိုင်တွေက တိုက်ခိုက်တဲ့ အကြောင်းကိုတော့ ပူးပေါင်းကြံစည်မှု သရုပ်ပေါ်အောင် တဖွဲ့တနွဲ့ရေးတယ်။

၂) သူ့စာအုပ်ထဲမှာ လှလှ ဆိုတဲ့ အမျိုးသမီးဟာ မှတ်ပုံတင် မရမှာစိုးလို့ မွန်လူမျိုးဖြစ်ရက်နဲ့ ဗမာလို့ လဝက ကို ညာခဲ့တယ်လို့ဆိုတယ်။ ဒါဟာ ပြည့်စုံတဲ့ ဇာတ်လမ်းလို့မထင်ဘူး။

၃) ရခိုင်က နတလရွာတွေမှာ နေသူအားလုံးဟာ လျှော့ရက်ရ ရာဇဝတ်အကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေချည်းပဲလို့ ထင်မြင်ရအောင် ရေးထားတယ်။ ချင်းပြည်နယ်က နတလ စာသင်ကျောင်းတွေကို ပုံဖော်ရာမှာလဲ ဗုဒ္ဓဘာသာကို မကောင်းပြောချင်တဲ့ သဘောနဲ့ ရေးတယ်။

၎) ၂၀၁၃ ထဲဖြစ်တဲ့ မွတ်စလင်ဘာသာဝင်တွေနဲ့ဖြစ်တဲ့ အဓိကရုဏ်းတွေမှာလဲ ဘက်တစ်ဖက်အကြောင်းကိုသာ တွေ့ရတယ်။ အတိုက်ခိုက်ခံ၊ အကျူးလွန်ခံရသူတွေလို့ ယူဆတာမို့ ကရုဏာသက်ပြီး ပိုနားထောင်သင့်တယ်လို့ ယူဆဟန်တူတယ်။ ဒါပေမဲ့ သူဆောက်ချင်တဲ့ ပဓာနစောဒနာကလဲ ရှိနေတော့ ဇာတ်လမ်းတစ်ခြမ်းကို ဘာကြောင့် အပင်ပန်းခံမရှာသလဲ ဆိုတာကိုလဲ နားလည်လို့ရတယ်။

စာအုပ်ရဲ့ ခေါင်းစဉ်ငယ်ကိုက Buddhist Violence and the Making of a Muslim 'Other' ဖြစ်ပါတယ်။

No comments:

Post a Comment