Tuesday, October 10, 2017

ရန်ကုန်မြို့မှာ ၂၀၁၅ ခုနှစ်၊ မေလက လုပ်သွားတဲ့ ပါမောက္ခ ဖိလစ်၊ စီ၊ ရှမစ်တာ (Phillipe C. Schmitter) ရဲ့ 'အသွင်ကူးပြောင်းမှုပုံစံအမျိုးမျိုးနှင့် ၎င်းတို့၏ ပြဿနာများ' (Modes of Transition and Their Respective Problems) ဟောပြောပွဲရဲ့ ဗီဒီယိုဖိုင်ကလေးတွေကို အခုမှပဲ ကြည့်ဖြစ်တယ်။ ကိုယ်သိတဲ့ ဆရာကို ကိုယ်ထောင်ခဲ့တဲ့ အဖွဲ့က ဖိတ်ပြီး ပြောခိုင်းတဲ့ပွဲဖြစ်ပေမယ့် ပွဲစီစဉ်တဲ့အချိန်က နော်ဝေမှာ ရောက်နေလို့ မတက်နိုင်ခဲ့ဘူး။ နောက်ကျတော့လဲ မအားတာရယ်၊ ဗီဒီယိုထဲပါတဲ့ တချို့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေရဲ့ မျက်နှာကို မကြည့်ချင်တာရယ်ကြောင့် တော်တော်နဲ့ ကြည့်ဖြစ်တဲ့ဆီ မရောက်ခဲ့ဘူး။

ရှမစ်တာ ဟာ အသွင်ကူးပြောင်းမှုသီအိုရီဘက်မှာ နာမည်ကျော်သလောက် သူ့ရဲ့ ဟောပြောမှုကလဲ ရှင်းလင်းပြီး စနစ်ကျတယ်။ သူခွဲခြားပြတဲ့ အသွင်ကူးပြောင်းမှုပုံစံ လေးမျိုးအနက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဟာ စည်းကြပ်ကူးပြောင်းမှုပုံစံ (imposed transition) လို့ ရှမစ်တာ က သုံးသပ်တယ်။ ပုံစံလေးမျိုးဟာ စံပြုအမျိုးအစားတွေ (ideal-types) သာဖြစ်ကြောင်းလဲ စကားခံထားတယ်။

ဒါပေမဲ့ imposed transition ကို ဖွင့်ဆိုရာမှာ သွေးထွက်သံယိုဖြစ်မှု (violence) ပါတဲ့ အထက်တန်းလွှာ (elites) ဦးဆောင်တဲ့ပုံစံလို့ ပြောတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ နည်းနည်းတော့ အံမဝင်ဘဲ ဖြစ်နေတယ်လို့ ပြောရမယ်။ ၂၀၁၀ နီးကပ်လာတာနဲ့အမျှ အဲဒီတုန်းက စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် ဒီမိုကရေစီအတိုက်အခံတစ်ရပ်လုံးရဲ့ အင်အားဟာ ညီမှ မညီမျှတော့ပဲ။ အတိုက်အခံက စစ်အစိုးရဘက်ကို ခြစ်ရာကလေးတောင် ထင်အောင် မလုပ်နိုင်တော့သလို အစိုးရဘက်ကလဲ သူ့လမ်းပြမြေပုံ အဆုံးပိုင်းရောက်နေပြီမို့ တိုင်းရင်းသားလက်နက်ကိုင်အများစုကိုတောင် ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောပဲ ရှိတော့တယ်။ ကချင်မှာတော့ အတန်အသင့် impose လုပ်တယ်ပေါ့လေ။

နဂိုကမှ အင်အားမမျှတဲ့အခါကျတော့ ပဋိဥာဉ်ကူးပြောင်းမှုပုံစံ (pacted transition) လဲ မဖြစ်နိုင်တော့ဘူး။ ပြန်လည်တည်ဆောက်ရေး နည်းလမ်း (reconstructive techniques) ကိုသုံးတဲ့ တတိယအုပ်စု (third force) ကတော့ ပဋိဥာဉ် (pact) ဖြစ်ဖို့ကို မျှော်တယ်။ ဒါကြောင့်လဲ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေါင်းမာဂိုဏ်း (hardliners)၊ ခေါင်းပျော့ဂိုဏ်း (softliner) သဘောတရားကို အယောင်ပြပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို တရားဝင်လာအောင် လုပ်လို့ရသွားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း (agency) အနေနဲ့ အခန်းကဏ္ဍကလဲ ကြီးမားတယ်။ သူသာမရှိခဲ့ရင် ဒီအသွင်ကူးပြောင်းမှုတစ်ခုလုံးဟာလဲ ဒီပုံစံ ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အခုကျပြန်တော့လဲ သူနဲ့ ဗိုလ်ချုပ်ကြီးတွေ ဘာပြောလို့ ဘာလုပ်ခဲ့မှန်း မသိရတာကိုက မြန်မာနိုင်ငံအသွင်ကူးပြောင်းမှုရဲ့ တစ်ဒုက္ခဖြစ်နေတယ်။ ပဋိဥာဉ်ကူးပြောင်းမှုပုံစံ မရှိခဲ့ဘူး။ မဖြစ်သေးဘူးလို့ အကြမ်းအားဖြင့် ယူဆလို့ရနိုင်ပေမယ့် ဖြစ်လာရင်ရော တိုင်းပြည်အတွက်၊ ဒီမိုကရေစီအရေးအတွက် အကျိုးရှိပါ့မလားလို့ စဉ်းစားစရာရှိတယ်။

သီအိုရီရှုထောင့်က ရှမစ်တာ ထောက်ပြသွားတာမှာလဲ နိုင်ငံရေးသမားတွေဟာ ပဋိဥာဉ်ကို သိပ်ကြိုက်တယ်။ (Politicians like it too much!) အာဏာခွဲဝေတဲ့ အစီအမံဟာအပြင်လူ ဘယ်သူမှ ဝင်လို့မရတော့တဲ့ အနေအထားမျိုးဖြစ်လာတဲ့အခါ ငွေရှင်ကြေးရှင်လူတစ်စုက ကြီးစိုးအုပ်ချုပ်တဲ့ အော်လီဂါခီ (oligarchy) ဖြစ်သွားတတ်တယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကိုတော့ ideal-types တွေဖြစ်တဲ့ imposed transition အနေနဲ့ ကျွန်တော်မမြင်သလို pacted transition လို့လဲ မထင်ဘူး။ စပ်ကြားအစိုးရ (hybrid regime) လို့ ပြောဖို့ရာကလဲ အသွင်ကူးပြောင်းရေးဘောင် (transition paradigm) ထဲက မထွက်နိုင်ဘူးဖြစ်နေမယ်။ ဒါဆိုရင် တောမတ်စ်၊ ကာရိုးသားစ် (Thomas Carothers) ပြောသလို အဖြူမဟုတ် အမည်းမဟုတ် ထာဝရစပ်ကူးမတ်ကူးကာလ မီးခိုးရောင်ဇုံ (grey zone) အတွင်းက မထွက်နိုင်ရင်လဲ မဖြစ်သေးဘူး။ လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာ ရှိထားပြီးသားပုံစံ ဘယ်တစ်ခုနောက်ကိုမှ မလိုက်ဘဲ လေးကွက်ဇယားအလည်မှာ ရှမစ်တာ ဆွဲပြတဲ့ တွင်းမည်းကြီး (Black Hole) ထဲကိုသာ တဖြည်းဖြည်း မြောပါ နစ်မြုပ်နေပြီလို့ ယူဆရဖွယ် ရှိပါတယ်။

No comments:

Post a Comment