ဆရာကန်တော့ပွဲဆိုတာ စစ်အစိုးရလက်ထက်မှာ အငြိမ်းစားနဲ့ သက်ကြီးဆရာများ
သက်သာချောင်ချိရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာ၊ ရေပန်းစားလာခဲ့တဲ့
ယန္တရား (mechanism) တစ်မျိုး၊ ဓလေ့တစ်ခုဖြစ်တယ်။ မဆုံတွေ့ရတာကြာတဲ့
အတန်းဖော်ဟောင်း၊ မိတ်ဆွေဟောင်းတွေလဲ ပွဲလာရင်း ပျော်ပျော်ပါးပါး
လက်ဆုံစားကြ၊ ရှေးဖြစ်ဟောင်းနှောင်းဖြစ်ပြော ပြန်ဆုံနိုင်ကြတာကလဲ
အကျိုးတစ်ခုပေါ့။
မြန်မာ့ဓလေ့မှာ ဆရာရယ်လို့ ဆိုလိုက်ရင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အကုန်ပါတာမို့ ဆရာခေါ်ရမယ့်သူ များလှတယ်။ ဆရာကန်တော့တယ်ဆိုတာ ပူဇော်ထိုက်သူကို ပူဇော်တာလို့ ပြောရင် ပူဇော်သင့်တဲ့သူတွေက အတော်များတယ်။ တကယ်တော့ ကျောင်းဆရာဆိုတာ သူ့အသက်မွေးဝမ်းကြောင်းအလုပ် သူလုပ်တာပဲ။ ကျောင်းပြင်ပမှာ ထူးချွန်ပေါက်မြောက်သွားတဲ့ တပည့်တွေရှိလဲ ကျောင်းက သင်ပေးလိုက်တဲ့ပညာ၊ သင်ပေးလိုက်တဲ့ဆရာတွေရဲ့ ကျေးဇူးနဲ့ သိပ်ကြီးကြီးမားမား မသက်ဆိုင်ဘူး။ သူလေ့လာလို့ သူတတ်တာ။ သူကြိုးစားလို့ သူတော်တာက ပဓာနပဲ။ ကျောင်းထဲမှာ သင်ကြားရေး သို့မဟုတ် သုတေသနအလုပ်တစ်ခုခု ပြန်လုပ်ရင်မှ ဆရာက ကြည့်ရှုစောင်မပေးရလို့ နည်းနည်းဆိုင်ဦးမယ်။

အနောက်နိုင်ငံတက္ကသိုလ်တွေမှာတော့ ဆရာကန်တော့ပွဲဆိုတာမရှိဘူး။ သက်ဆိုင်ရာ
ဘာသာရပ်ဌာနအလိုက် ဆရာတွေနဲ့ ဝန်ထမ်းတွေ နှစ်စဉ် ဌာနညစာစားပွဲ
လုပ်ကြတာရှိမယ်။ ဒါလဲ လက်ရှိ ဌာနမှာ အလုပ်လုပ်နေဆဲနဲ့
အငြိမ်းစားသွားကြသူတချို့ရယ်၊ ကျောင်းသားကိုယ်စားလှယ်တစ်ဦး နှစ်ဦးရယ်ပဲ
ဖိတ်တဲ့အထဲပါတယ်။ အတန်းအလိုက် စာသင်နှစ်ဝက်အပြီး တာဝန်ခံဆရာနဲ့ သူ့တပည့်တွေ
တစ်တန်းလုံး အတန်းညစာထွက်စားကြတာရှိမယ်။ ဒါကတော့ အလုပ်သဘောကနေ
လူမှုရေးနည်းနည်းဖြည့်ကြတဲ့ သဘောပဲ။
ဒေါက်တာမြင့်ဇံထောက်ပြသလို ဆရာကို ကျောင်းသားက အကဲဖြတ်ပေးရတဲ့စနစ်မျိုး မြန်မာနိုင်ငံအဆင့်မြင့်ပညာရေးမှာ မကျင့်သုံးနိုင်သေးတာကတော့ လိုအပ်ချက်တစ်ရပ်ပဲ။ ပညာသင်ကြားတဲ့ပုံစံက တစ်လမ်းသွားပုံစံ ဖြစ်နေရုံမက ပညာနဲ့ဆရာဆိုတဲ့အယူအဆကို လူ့အဖွဲ့အစည်းက လက်ခံနားလည်ထားပုံကလဲ ဒီပုံစံကိုပဲ ထပ်အားပေးနေတယ်။ "တပည့်မရှား တစ်ပြားမရှိ၊ ပီတိကိုစား အားရှိပါ၏" ဆိုပြီး စစ်အစိုးရလက်ထက်က သွပ်သွင်းခဲ့တဲ့ ဆောင်ပုဒ်မျိုးကလဲ အစွန့်လွှတ် အနစ်နာခံဆရာဆိုတဲ့ ပုံရိပ်ကို (မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ) ပိုမိုခိုင်မာစေခဲ့တယ်။ ဆရာကို တစ်ပြားမရှိအောင် ထားတဲ့စနစ်ကိုက အမှားပဲ။ ပီတိက စားလို့လဲမရ၊ တကယ်လဲ အားမဖြစ်ပါဘူး။ ဆောင်ပုဒ်အနေနဲ့ကတော့ ရွတ်လို့ ကောင်းတာပေါ့။ သြဝါဒကထာအနေနဲ့လဲ ကြားလို့ကောင်းတာပေါ့။
ဆရာကန်တော့ပွဲဆိုတာ ဆရာအိုတွေရဲ့ လူမှုဖူလုံရေးအတွက် နိုင်ငံတော်က လုပ်ကိုင်ဆောင်ရွက်ပေးရမယ့်အစား ကျောင်းသားဟောင်းများက ဝင်ရောက်ထောက်ပံ့ပေးရတဲ့ သဘောဖြစ်ပါတယ်။ (January 2, 2017)

No comments:
Post a Comment