မြန်မာ့အန်ဂျီအိုလောကမှာ
အဆီအငေါ်မတည့်ဆုံး ဖြစ်နေတဲ့အရာကတော့ တစ်ဖက်မှာ
အများပြည်သူပါဝင်ရေးအော်ပြီး အခြားတစ်ဖက်မှာ နိုင်ငံတကာက ဖိုရမ်ကြီးတွေလို
ဖိုရမ်တွေလုပ်၊ လူရာဝင်ချင်တဲ့ အီလစ်တွေကိုဖိတ်ပြီး တောင်ပြော မြောက်ပြော
ထင်ရာတွေပြောခိုင်းတာပဲ။
ဒီလိုလုပ်တာဟာ မူဝါဒရေးရာ
အကျိုးသက်ရောက်မှု သို့မဟုတ် လူထုရဲ့ စေ့စပ်ညှိနှိုင်းစွမ်းကို တကယ်
တိုးမြှင့်ပေးနိုင် မပေးနိုင်တော့ မသေချာဘူး။ သူလို ကိုယ်လို
အများပြည်သူကလဲ ပွဲကထွက်လာတဲ့ ဘယ်အစီအရင်ခံစာကိုမှ စိတ်ဝင်စားမှာ မဟုတ်ဘူး။
နိုင်ငံရေးသမားကလဲ သူ့အလုပ်နဲ့
သူရှုပ်နေလို့ ရလာသမျှ စာအုပ်တွေကို ချောင်ထိုးထားလိုက်မှာပဲ။ နောက်မှ
ဖတ်မယ်ဆိုပြီး ဘယ်တော့မှ မဖတ်ဖြစ်ဖို့ပဲ များလိမ့်မယ်။
အန်ဂျီအိုတွေအတွက်ကတော့ တစ်အချက်၊ နှစ်ကုန်မှာ ငွေဖြုန်းလို့ ကောင်းတယ်။
နှစ်အချက်၊ နာမည်ကြီးတွေချင်း ဆုံရတော့ ပျော်ဖို့ကောင်းတယ်။
အဖိတ်ခံရတဲ့သူကလဲ သူ့ကို အသိအမှတ်ပြုတယ်။ ဆီလျော်အောင် လုပ်ပေးတယ် (ဒါက
အင်္ဂလိပ်လိုတွေးပြီး ဗမာလိုရေးတာ) ဆိုပြီး ကျေးဇူးတင်မယ်။
ကိုယ်နာမည်ကြီးတယ်ဆိုတာလဲ ထပ်အတည်ပြုပြီး ဖြစ်တယ်။
ပွဲက ထွက်လာတဲ့ အကြံဥာဏ်တွေကတော့လား။ ထင်မြင်ချက်ဆိုတာ ကမ္ဘာပေါ်မှာ အပေါဆုံးအရာလို့တောင် သိုးဆောင်းတွေက တစ်ခါတစ်ရံ ပြောကြလေ့ရှိတယ်လေ။ လူတိုင်း ကိုယ်ထင်ရာကို နိုင်ငံရေးသုံးသပ်ချက်အနေနဲ့ လျှောက်ရေးနေကြတဲ့ အခုလို ခေတ်ကြီးမှာ ပိုဆိုးတာပေါ့။
လူထုကို သူတိုရဲ့ ဘုံအကျိုးစီးပွားတစ်ရပ်အတွက် တစ်ခုခု တည်မပေးနိုင်ဘဲနဲ့တော့ ဘယ်အားကောင်းတဲ့ လှုပ်ရှားမှုမျိုးမှလဲ ဖြစ်လာမှာ မဟုတ်ဘူး။ အန်ဂျီအိုဆိုတဲ့သူတွေ၊ ကိုယ့်ကိုယ်ကို အတွေးတင့်ကားကြီးတွေလို့ပြောနေသူတွေကလဲ ဒါကို လုပ်နေတယ်လို့ မထင်ပါဘူး။ တိုင်းပြည်ကို စနစ်တစ်ခုထဲက ကယ်ထုတ်တယ်ဆိုတာထက် ကိုယ့်ကိုယ်ကို ကယ်နေကြတယ်လို့ပဲ ထင်တယ်။ (December 18, 2016)

No comments:
Post a Comment